Thursday, December 30, 2010

“နန်းကြီးသုပ်”

ဒီနေ့တော့ ဟင်းချက်မစားချင်တာနဲ့ နန်းကြီးသုပ် သုပ်စားဖြစ်တယ်ရှင့်။ ကျွန်မက ည၊ မနက် စားနိုင် ပေမယ့် စာရေးဆရာကတော့ ထမင်းမစားရရင် မတင်းတိမ်သူဆိုတော့ ညစာမှာ နန်းကြီးသုပ် မစားနိုင် တော့ဘူး။ ဒီတော့ ထမင်းချက်ပေးရတယ်။ ထမင်းစားချင်ရင် နန်းကြီးသုပ်ထဲထည့်တဲ့ ကြက်သားဟင်းနဲ့ ဖြစ်ဖြစ် စား ဆိုတော့လည်း အဲဒီလိုကြီး မစားတတ်ဘူးတဲ့။ သူ့ဘာသာ လက်ဖက်သုပ် သုပ်စားမယ် ဆိုပဲ။ ဒီလိုဆိုလဲ သဘောပေါ့နော်။ ကျွန်မကတော့ ည၊ မနက် တစ်နေကုန် နန်းကြီးသုပ်ပဲ တီးပစ် လိုက်တယ်။

ကျွန်မ နန်းကြီးသုပ် လုပ်ပုံလေးကတော့ ကြက်သားကို ရေဆေးပြီး ဂျင်း၊ ငံပြာရည်တို့နဲ့ နယ်၊ အိုး တစ်လုံးမှာထည့် ပြုတ်ပါတယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းထားတယ်။ နောက်ပြီး ကြက်သွန်နီကို ပါးပါးလှီးပြီး ဆီချက် ချက်ထားတယ်။ ဒယ်အိုးထဲကို နောက်ထပ် ဆီနည်းနည်း ထည့်ပြီး ဆီပူအောင် လုပ်တယ်။ ပြီးမှ ပန်းကန်ထဲ လောင်းထည့်၊ ငရုတ်သီး အရောင်တင်မှုန့် ထည့်ပြီး ငရုတ်သီး ဆီချက်လေး လုပ်ထား တယ်။  ကြက်ဥပြုတ်ပြီး အခွံ ခွာထားတယ်။ ကြက်သား ပြုတ်ထားတာ နူးရင် အသားကို ခပ်သေးသေး နွှင်ထားပါတယ်။ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် ဆနွင်းမုန့် နည်းနည်းထည့်ပြီး ကြက်သွန်ဖြူ၊နီ၊ ဂျင်းထောင်းထားတာ ထည့် ဆီသပ်၊ အရောင်တင်မှုန့်ပါ ထည့်သပ်၊ ကြက်သွန် ကျက်ရင် ကြက်အသားနွှင်ထားတာ ထည့်ပြီး၊ အချိုမှုန့်နဲ့ ငံပြာရည် ထည့်ပြီး ဆီပြန်အောင် ချက်လိုက် ပါတယ်။ ကြက်သွန်နီ နည်းနည်းကို ပါးပါးလှီးပြီး ရေဆေး၊ ရေစစ်ထား ပါတယ်။ 

ဟင်းရည်အတွက်ကတော့ အသားနွှင်ပြီးသားအရိုးကို ကြက်ပြုတ်ရည်အိုးထဲ ပြန်ထည့်ပြီး ဆက်တည် ထားပါတယ်။ ကြက်သွန်နီ ဆီချက်ထဲက ကြက်သွန်ကြော်ဖတ် နည်းနည်းထည့်ပြီး တည်ပါတယ်။ ဟင်းရည် ကျလာရင် အပေါ့အငံပြင်တယ်။ အရသာ အနေတော်ဖြစ်ရင်  တရုတ်နံနံ အုပ်ပါတယ်။

နန်းကြီးဖတ် အတွက်ကတော့ Laksa တစ်ထုပ်ကို ရေနွေးနဲ့ ပြုတ်ပြီး ရေအေးနဲ့ ပြန်ဆေး၊ ဇကာနဲ့ စစ်ထားပါတယ်။ Laksa က နန်းလတ်အရွယ်ပါ။ ကျွန်မက နန်းကြီးသုပ်ဆို နန်းလတ်နဲ့ သုပ်တာကို ပိုကြိုက်ပါတယ်။

ပန်းကန်တစ်လုံးမှာ နန်းကြီးဖတ်၊ ကြက်သွန်ကြော် ဆီချက်၊ ငရုတ်သီး ဆီချက်၊ ကြက်သားဟင်း၊ ပဲမှုန့်၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ ကြက်သွန်စိမ်း စတာတွေထည့်၊ သံပုရာရည်ညှစ်၊ ကြက်ဥကို ပါးပါးလှီး ထည့်ပြီး အပေါ့အငံ အနေတော်ဖြစ်အောင် သုပ်ပါတယ်။

ဒါဆိုရင်တော့ နန်းကြီးသုပ်နဲ့ ကြက်ရိုးပြုတ် ဟင်းချိုလေး စားလို့ရပြီပေါ့ရှင်။

 နန်းကြီးသုပ်ဖို့ ပွဲပြင်ထားတာလေး


ဒါလေးက သုပ်ပြီးသား၊ စားရန်အဆင့်သင့်







ကြက်ရိုးပြုတ်ဟင်းချိုလေး



5 comments:

Sunny said...

နန်းကြီးသုပ်က စားချင်စရာလေးပဲ ညလေးရေ.. ဒီလို နန်းကြီးသုပ်မျိုးတော့ အပြင်မှာသာ စားရရင် မနက်စာကော ညစာပါ ထမင်းလွတ် စားနိုင်မယ် ထင်တယ်.. :)

rose said...

ပါရမီဖြည့်ဖက်လေးရေ... နန်းကြီးသုတ်လေး တစ်ပွဲ သုတ်ပေးနော်။ စားလို့ကောင်းလိုက်တာ... ကျေးဇူး ;)

ငွေစန္ဒာ said...

နန်းကြီးသုပ်လာစားသွားတယ်ညီမလေးရေ၊ကျမလည်းနန်းလတ်ပဲကြိုက်တယ်။
ပဲမှုန့်များများ၊ချဉ်ငံစပ်လေးစားလိုက်ရရင်ရှယ်ပဲနော်။

Baby taster said...

အကြံတူသွားပေမဲ့ သူကဦးသွားတယ်
ဘာရမလဲ ခုလည်းစားမယ် နောက်လည်းစားမယ်
အိမ်မှာ စနေနေ့ သူငယ်ချင်းတွေကို ဖိတ်ထားတယ်
နန်းကြီးသုပ် (သို့) Laksa (သို့) အမဲသား မုန့်တီ
တခုခုပေါ့ :) ခုတောင် စားချင်လှပြီ :(

Thinzar said...
This comment has been removed by the author.

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...