Saturday, December 4, 2010

“ဘိုးဘိုးတောင်းတဲ့ဆု”


လွန်ခဲ့တဲ့ အပတ် စနေနေ့၊ နိုဝင်ဘာလ (၂၇) ရက်နေ့က ကျွန်မ ဘိုးဘိုးနဲ့ ဘွားဘွား (ကျွန်မ ဖေဖေရဲ့ အမေနှင့် အဖေ)တို့ ရန်ကုန်မှ ဗုဒ္ဓဂယာသို့ ထွက်ခွာသွားကြ ပါတယ်။ ကျွန်မ ဘိုးဘိုးရဲ့ အသက်မှာ (၈၂)နှစ် ဖြစ်ပြီး ဘွားဘွားကတော့ အသက် (၈၀) ရှိပါပြီ။ ဒါပေမဲ့ ဘိုးဘိုးနဲ့ ဘွားဘွား တို့ ကျန်းမာရေး ကောင်းတယ် လို့ ဆိုရပါမယ်။ ကြီးကြီးမားမား ဘာရောဂါမှ မရှိပါဘူး။ ဘိုးဘိုးက တစ်ခါတစ်ရံ သွေးပေါင် တိုးတတ်တာ လေးတော့ ရှိပါတယ်။ ဘွားဘွားကတော့ အသက်ကြီးလို့ ခါးနာတတ်တာက လွဲရင် ကျန်းမာပါတယ်။ ဘိုးဘိုးနဲ့ ဘွားဘွား ဗုဒ္ဓဂယာ သွားမယ်ဆိုတော့ သူတို့ကို စောင့်ရှောက်ဖို့ ကျွန်မ အဒေါ်အငယ် (ကျွန်မ ဖေဖေရဲ့ ညီမ အငယ်ဆုံး) က အဖော်လိုက်သွားပါတယ်။ 

ဘိုးဘိုးတို့ ရန်ကုန်က ထွက်သွားပြီး နောက်နေ့မှာ ရန်ကုန်အိမ်မှာ ကျန်ခဲ့တဲ့ ကျွန်မရဲ့ အဒေါ်အလတ် က ကျွန်မဆီ ဖုန်းဆက်ပြီး ဘိုးဘိုးတို့နဲ့ ဆက်သွယ်လို့ ရမယ့် အိန္ဒိယက မိုဘိုင်းဖုန်းနံပါတ်ကို လှမ်းပေးပါတယ်။ ကျွန်မနဲ့ ဆက်သွယ်ပြီး ဘိုးဘိုးတို့ ကျန်းမာရေးနဲ့ အစစ အဆင်ပြေ၊ မပြေ ဆက်သွယ်ပြီး မေးရအောင်လို့ ပေါ့လေ။ ကျွန်မလည်း ဘိုးဘိုးတို့ဆီ ဖုန်းခေါ်ဖို့ အိမ်နားကဆိုင်မှာ အိန္ဒိယခေါ်တဲ့ဖုန်းကဒ် သွားဝယ်ပါတယ်။ ကျွန်မ ရန်ကုန်ခေါ်ဖို့ ဖုန်းကဒ် ၀ယ်ရင် တစ်ကဒ် ကို S$ 10 ပေးရပြီး မိနစ်(၃၀)ပဲ ပြောရပါတယ်။ ဒီကြားထဲ ရန်ကုန်က လိုင်းဖုန်း ကို ခေါ်ရင်တော်သေး၊ ရန်ကုန်က မိုဘိုင်းဖုန်းကိုများ ခေါ်မိရင် ရန်ကုန်ကဖုန်းလိုင်း မမိတာနဲ့ပဲ ဘာမှ မပြောရဘဲ ကဒ်ထဲက ငွေက ကုန်သွားပါတယ်။ အခု အိန္ဒိယခေါ်ဖို့ ကဒ်ဝယ်တော့ S$ 2 တန်ဖုန်းကဒ်က မိနစ်(၈၀)ကျော်ရပါတယ်။ ပြောရတာလည်း လိုင်းမမိတာတို့ ဘာတို့ မရှိပါဘူး။

ဒီတော့ ကျွန်မလည်း ဖုန်းကဒ် ၀ယ်ပြီး ဘိုးဘိုးတို့ ဆီဆက်၊ အကျိုးအကြောင်း မေးပါတယ်။ အဒေါ် အငယ်က အစစ အဆင်ပြေကြောင်း ပြောပါတယ်။ ဘိုးဘိုးနဲ့ ဘွားဘွားကလည်း နေကောင်းကြောင်း နဲ့ စိတ်မပူဖို့ ပြောပါတယ်။ ကျွန်မအဒေါ်အငယ်က သူ့ဆီက ကျွန်မကို ဖုန်းခေါ်ရင် ဈေးကြီးတယ်၊ ရူပီး ၂၀၀ ထည့်လိုက် ရင် ဖြုတ်ခနဲကုန်တယ်လို့ ပြောတော့ ကျွန်မကလည်း နောက်ရက်တွေလည်း ကျွန်မပဲ ဖုန်းခေါ်မယ်လို့ ပြောလိုက်ပါတယ်။ နောက်ရက်တွေလည်း ကျွန်မ ဘိုးဘိုးတို့ဆီ ဖုန်းခေါ်ဖြစ်ပါတယ်။ အစစ အဆင်ပြေ ကြောင်း၊ ဘုရားဖူးတစ်ဖွဲ့လုံးမှာ ဘိုးဘိုးနဲ့ ဘွားဘွားက အသက် အကြီးဆုံးတွေမို့ တစ်ဖွဲ့လုံးက ၀ိုင်းဝန်း စောင့်ရှောက်ကြောင်း ပြောပါတယ်။ ကျွန်မလည်း အလွန်ဝမ်းသာမိ ပါတယ်။ ကျွန်မတို့ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူခဲ့၊ သီတင်းသုံးတော်မူခဲ့တဲ့ ဒေသဆိုတော့ တကယ့် အထွဋ်အမြတ် ဒေသပါပဲ။ ကျွန်မကတော့ ဗုဒ္ဓဘာသာဝင်တိုင်း တစ်ခေါက်တော့ ရောက်သင့်တယ်လို့ ထင်မိပါတယ်။ 

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညမှာတော့ ကျွန်မဆီကို ကျွန်မအဒေါ်အငယ်ဆီက ဖုန်းဝင်လာပါတယ်။ ကျွန်မ ကိုင်တော့ ပြန်ကျသွားပါတယ်။ ကျွန်မ သူတို့ဆီပြန်ခေါ်ပါတယ်။ ဘယ်လိုမှ ခေါ်မရပါဘူး။ နောက်တစ်နေ့ ကြာသပတေး နေ့လည်း ထပ်ခေါ်ပါတယ်။ မရပါဘူး။ မနေ့က သောကြာနေ့မှပဲ ကျွန်မဖုန်းခေါ်လို့ ရသွားပါတယ်။ ဒါနဲ့ ကျွန်မလည်း ဖုန်းခေါ်လို့ မရကြောင်းပြောတော့ ကျွန်မအဒေါ် အငယ်က သူတို့ ဘုရားဖူးအဖွဲ့ နီပေါနိုင်ငံ ဘက်ရောက်နေလို့ အိန္ဒိယဖုန်းက မမိကြောင်းပြောပါတယ်။ ပြီးတော့ ဗုဒ္ဓဟူးနေ့ညက ဘိုးဘိုးက ကျွန်မနဲ့ ဖုန်းပြောချင်လို့ ခေါ်တာဖြစ်ပြီး လိုင်းမမိတာကြောင့် ပြန်ကျသွားကြောင်းပါ ဆက်ပြောပါတယ်။ ဒါနဲ့ ကျွန်မ လည်း ဘိုးဘိုးက ကျွန်မကို ဘာပြောချင်လို့လဲ လို့မေးပါတယ်။ ဒီတော့ ကျွန်မအဒေါ်က ဆက်ပြောပြ ပါတယ်။ ဘိုးဘိုးတို့ ဘုရားဖူး သွားရင်း ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်မစံမီ ရေကြည်တော် သုံးဆောင်တော်မူတဲ့ နေရာက ဘုရားကို ရောက်ပါတယ်တဲ့။ အဲဒီမှာ ဘိုးဘိုးတို့ ဘုရားဖူးအဖွဲ့ လမ်းညွှန်ရဲ့ ပြောပြချက် အရ အဲဒီ ဘုရားမှာ လိုရာဆုတစ်ခုတည်းကို တောင်းရင် ပြည့်ပါသတဲ့လေ။ ဒီတော့ ကျွန်မရဲ့ ဘိုးဘိုးက ကျွန်မ အလုပ်လိုချင်နေမှန်း သိလို့ ကျွန်မအလုပ်ရပါစေ ဆိုတဲ့ တစ်ခုတည်းသောဆုကို တောင်းခဲ့ပါတယ် တဲ့။ ကျွန်မကို အဲဒီ့အကြောင်းပြောချင်လို့ ဖုန်းခေါ်တာပါတဲ့လေ။
 
ကျွန်မလေ ၀မ်းသာ၊ ၀မ်းနည်းနဲ့ မျက်ရည်တောင် ကျရပါတယ်။ ကျွန်မက ငယ်ငယ်ကတည်းက မြေးဦးမို့ ဘိုးဘိုး၊ ဘွားဘွား၊ အဒေါ်တွေ ဆီမှာ နေပြီး ဘိုးဘိုးဘွားဘွားတို့ရဲ့ စောင့်ရှောက်မှု အောက်မှာ ကြီးပြင်းခဲ့သူ ပါ။ အဘိုးအဘွားနဲ့ နေတဲ့ မြေးဆိုတော့ ကျွန်မ တော်တော်လေး ကလေးဆိုး ဆိုးခဲ့ ပါတယ်။ အလိုမကျတိုင်း စိတ်ဆိုး၊ စိတ်ကောက်နဲ့ နေခဲ့တာပါ။ အဲဒီ အကျင့်က ခုထိတောင် မပျောက်ချင် ပါဘူး။ စာရေးဆရာကို လည်း မကြာခဏ စိတ်ကောက်ပါတယ်။ ကျွန်မ ဘွားဘွားက အလွန်အေးပါတယ်။ ကျွန်မကို ဆူလည်း ဆူခဲ ပါတယ်။ ဘိုးဘိုးကတော့ သူ့မျက်စိထဲ မတွေ့ရင် ကျွန်မကို မကြာခဏ ဆူပါတယ်။ တစ်ခါတလေ ဘိုးဘိုးနဲ့ ကျွန်မ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့  ကျွန်မကိုဆူရင် ဘိုးဘိုး ကျွန်မကို မချစ်ဘူးလို့တောင် ထင်ခဲ့ ပါတယ်။ ခုတော့  ဘိုးဘိုးအပေါ် အထင်လွဲခဲ့တာတွေကို ကျွန်မ စိတ်မကောင်း ဖြစ်မိပါတယ်။

တကယ်ဆို ဘိုးဘိုးမှာ တခြားတောင်းစရာ ဆုတွေ အများကြီး ရှိမှာပါ။ ဥပမာ - တရားထူးတရားမြတ်ရ ရလို၏ တို့၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါလို၏ တို့လိုပေါ့။ ဘိုးဘိုး တို့ အသက်အရွယ် အရ ဒီလိုနေရာမျိုးကို နောက်တစ်ခေါက်သွားဖို့ မလွယ်တော့ပါဘူး။ နောက်တစ်ဆု တောင်းဖို့လည်း မဖြစ်နိုင်တော့ပါဘူး။ ဒါကို ဘိုးဘိုးက ဘိုးဘိုးအတွက်ဆုကို မတောင်းဘဲ ကျွန်မအတွက် ဆုတောင်းပေးခဲ့တယ် ဆိုတော့ ကျွန်မ၀မ်းသာ၊ ၀မ်းနည်း ဖြစ်ရတာပေါ့ရှင်။ ၀မ်းသာတာက ကျွန်မကို ဘိုးဘိုး အလွန်ချစ်မှန်း သိလိုက်ရလို့ပါ။ ၀မ်းနည်းတာ က အရင်က ဘိုးဘိုးရဲ့မေတ္တာကို နားမလည်ဘဲ ကျွန်မစိတ် အလိုမကျတိုင်း စိတ်ဆိုး၊ စိတ်ကောက်ပြီး ဆိုးခဲ့ တာတွေ အတွက်ပါ။

အလုပ်အရမ်းလုပ်ချင်ပြီး အလုပ်မရတဲ့ ကျွန်မ တစ်ခါတလေ တစ်ယောက်တည်း စိတ်ညစ်နေတတ် ပါတယ်။ ဒါပေမဲ့ ကျွန်မမှာ ကျွန်မကိုအလွန်ချစ်တဲ့ ခင်ပွန်းသည် စာရေးဆရာရှိတယ်။ ကျွန်မ ကို ၀ိုင်းချစ်နေကြတဲ့ ကျွန်မ ရဲ့ ဘိုးဘိုး၊ ဘွားဘွား၊ မေမေ၊ ဖေဖေ၊ အဒေါ်တွေ၊ ဦးလေးတွေ ရှိတယ်။ ခုတော့ ကျွန်မဘ၀ဟာ တော်တော် ပြည့်စုံပါလားလို့ ခံစားမိလာပါတယ်။ ကျွန်မမှာ နွေးထွေးလုံခြုံတဲ့ မိသားစုလေး ရှိနေတယ်လေ။ ကျွန်မမှာ ဘာပူပင်စရာများ ရှိဦးမှာလဲနော်။ ကျွန်မ ဘိုးဘိုးတောင်းခဲ့တဲ့ ဆုလည်း သေချာပေါက် ပြည့်ဝ လိမ့်မယ်လို့ ကျွန်မ ယုံကြည်နေမိပါတယ်ရှင်။

ပါရမီဖြည့်ဖက်လေး
၁၄း၁၀ နာရီ
၎.၁၂.၂၀၁၀

5 comments:

Sunny said...

အဘိုးတွေ အဘွားတွေနဲ့ အခုချိန်ထိ ရှိနေတာ ကံကောင်းတာပဲနော်.. ဆန်းနီလည်း အမေ့ဘက်က အဘွားတစ်ယောက်ရှိသေးတယ်..
အသက်ကြီးမှ အဘိုးတွေ၊ အဘွားတွေကို နားလည်ပေးတတ်လာတာလည်း ဟုတ်တယ်.. ငယ်ငယ်တုန်းကဆို အဘွားက ဆူလို့ ခဏခဏ စိတ်ညစ်ရတယ်.. အခုတော့ ဆူမယ်ဆိုရင်တောင် ဆူခံချင်ပါတယ်..

baby taster said...

ဘိုးဘိုး တောင်းတဲ့ဆုလေး ပြည့်ပါစေကွယ်

ငွေစန္ဒာ said...

ဘိုးဘိုးတောင်းတဲ့ဆုပြည့်မှာပါ။အလုပ်အမြန်ဆုံး
ရပါစေလို့ဆုတောင်းပေးပါတယ်နော်

မြူးမြူး said...

လစာကောင်းကောင်းနဲ့ အလုပ်ကလေးတခုခု အမြန်ဆုံးရပါစေလို့ ဆုတောင်းပေးတယ်နော်.. ဒါနဲ့ ဘာအလုပ်မျိုးရှာနေတာလဲ.. အစ်မက HR မှာလုပ်တာဆိုတော့ ကိုက်ညီတဲ့အလုပ်လေးခေါ်တာရှိရင် လက်တို့ရအောင်မေးတာပါ.. :)

ပါရမီဖြည့်ဖက်လေး said...

မမမြူးရေ - ညီမက Account နဲ့ရှာနေတာပါ။ ခေါ်တယ်ဆိုရင်လည်း လက်တို့လိုက်ပါဦး မမမြူးရေ။ မမမြူးရဲ့ စေတနာကိုလည်း ကျေးဇူးတင်ပါတယ်။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...