Monday, December 13, 2010

“စတီးချိုင့်နှင့်အတူ ပျောက်ဆုံးခဲ့ရသော ငယ်ဘ၀”


ကျွန်မ ငါးတန်းနှစ်မှာ တောင်ညွန့်(၃) (အ.ထ.က - ၃၊ မင်္ဂလာတောင်ညွန့်) ကို စတက်ရပါတယ်။ ကျွန်မတို့ ကျောင်းက မိန်းကလေးကျောင်းပါ။ ငါးတန်းမှာ ကျောင်းသူသစ်မို့ ကျွန်မမှာ သူငယ်ချင်း မရှိပါဘူး။ ကျွန်မ တစ်ယောက်တည်း ယောင်လည်လည်နဲ့ပေါ့။

အဲဒီနှစ်က သိပ္ပံဆရာမက သူ့အချိန် ရောက်တိုင်း အတန်းထဲမှာ မသင်ဘဲ၊ ကျွန်မတို့ ငါးတန်းဆောင် ထောင့်က လှေကားတစ်ဆစ်ချိုးမှာ သင်ပါတယ်။ အဲဒီဆရာမ အချိန်က ကျောင်းမဆင်းမီ နောက်ဆုံးအချိန်။ အဲဒီလို နောက်ဆုံး အချိန်ဆို ကျွန်မတို့ လှေခါးထစ်တွေဆီ သွားကတည်းက  လွယ်အိတ်တွေ၊ ထမင်းဗူးတွေ အားလုံး တစ်ပါတည်း ယူသွားရတယ်။ ကျောင်းလွှတ်တာနဲ့ အဲဒီလှေကားကနေ တစ်ခါတည်း ကျောင်းတန်း ဆင်းရုံပဲ။ ကျွန်မတို့ ငါးတန်းမှာ (A) ခန်းကနေ (G)ခန်း အထိရှိတယ်။ A,B,C,D အခန်းတွေက ကျောင်းသူ ဟောင်းတွေ ထားပြီး၊ E,F,G အခန်းတွေက ကျွန်မလို ကျောင်းသူသစ် တွေကိုထားတယ်။

ကျွန်မတို့ ငါးတန်းဆောင်မှာ လှေခါးနှစ်ဖက်ရှိတယ်။ ငါးတန်း(A) က သူ့ဘာသာ အဆောင် အသေးလေး သတ်သတ် ဆိုတော့ (A) ခန်းကလူတွေက သူ့တို့လှေကားကနေ သီးသန့်ဆင်းတယ်။ ကျွန်မတို့ အဆောင် အကြီးမှာက (B)ခန်းကနေ (G) ခန်းအထိရှိတယ်။ အဲဒီမှာ (B)ခန်းကနေ (D)ခန်း အထိက တစ်ဖက် လှေကား က ဆင်းရပြီး၊ (E)ခန်းကနေ (G)ခန်းက တစ်ခြားတစ်ဖက် လှေကားက ဆင်းရတယ်။ ကျွန်မတို့ကို သိပ္ပံဆရာမ စာသင်တဲ့ လှေကားက (B,C,D) အခန်းတွေ ဆင်းရတဲ့ လှေကား။ အဲဒီမှာ ရှေ့ဆုံးအခန်း B က လူတွေကစပြီး တန်းစီ ပြီး တစ်တန်းချင်းစီ ဆင်းရတယ်။ တကယ်ဆို ကျွန်မတို့ အတန်းက ကျောင်းသူသစ်တွေ ထားတဲ့ ဘက် လှေကားက ဆင်းရမှာပါ။ ဒါပေမဲ့ ဆရာမက ကျောင်းသူဟောင်းတွေ ဆင်းတဲ့ လှေကားမှာ စာသင်တော့ အဲဒီလိုနေ့ဆို အဲဒီလှေကားကပဲ ဆင်းရတယ်။ အဲဒီတော့ ကျွန်မတို့ အတန်း အဲဒီလှေကားမှာ စာသင်တဲ့ နေ့မျိုးဆို ကျွန်မတို့ အတန်းက (B) ခန်းရဲ့ ရှေ့ ၊ ရှေ့ဆုံးက ဆင်းရတယ်။

အဲဒီလို ဆင်းတဲ့အခါ (B) ခန်းက ကျောင်းသူတွေက အေးအေးလူလူ တန်းစီဆင်းသလောက်၊ (C) ခန်းက လူတွေက ကျော်တက်ပြီး၊ လုယက်ဆင်းတတ်တယ်။ အဲဒီထဲမှာ အဆိုးဆုံးက ကတုံး ဆံပင်ပေါက်နဲ့  မျက်ပေါက်ကျဉ်ကျဉ်း၊ ပိန်ကပ်ကပ် ကောင်မလေး တစ်ယောက်။ အမြဲတမ်းရှေ့က လူတွေကို တိုးဝှေ့ပြီး လုဆင်းတယ်။ ပြီးတော့ ကျွန်မတို့ အတန်းကိုလည်း ကျောင်းသူသစ်တွေ လည်းဖြစ်၊ ကိုယ်ဆင်းရမယ့် လှေကားက မဆင်းဘဲ သူတို့ဘက်က လာဆင်းတော့ ကျောင်းဆင်းရတာ ပိုနောက်ကျလို့ မကြည်သလို နဲ့ပေါ့။ အဲဒီ ကောင်မလေးကို ကျွန်မ အမြင် ကတ်လိုက်တာ မပြောပါနဲ့တော့။ တိုးရင်းဝှေ့ရင်း ကျွန်မနဲ့လည်း ရန်ဖြစ်ကြသေးတယ်။ အဲဒီ အချိန်တုန်းကတော့ ဒီပိန်ကပ်ကပ် ကောင်မလေးဟာ ကျွန်မရဲ့အချစ်ဆုံး သူငယ်ချင်းတွေထဲက တစ်ယောက် ဖြစ်လာ လိမ့်မယ်လို ကျွန်မ ဘယ်ထင်ပါ့မလဲရှင်။

ကျွန်မ ငါးတန်းတုန်းက အိမ်က ထမင်းဗူးကို ပလတ်စတစ် ထမင်းဗူးလေးတွေနဲ့ ထည့်ပေးပါတယ်။ အဲဒီ ကာလမှာ စတီးချိုင့် ကိုင်တာ ခေတ်စားစပြုနေပါပြီ။ ကျွန်မလည်း စတီးချိုင့်ကိုင်ချင်တယ်လို့ အိမ်မှာ ပူဆာပြီး တစ်ရက်တော့ ကျွန်မ အဒေါ်အကြီးရဲ့ Zebra သုံးဆင့်ချိုင့်ကြီးနဲ့ ကျောင်းကို ထမင်း ထည့်လာပါတယ်။ ခြင်းတောင်လေးနဲ့ ထည့်ယူခဲ့တာပါ။ ကျောင်းဆင်းချိန်ဆို ကျွန်မတို့အိမ်မှာနေတဲ့ အစ်မ၊ ဘိုးဘိုးရဲ့တူမ တစ်ယောက်က အမြဲ လာကြိုပါတယ်။

အဲဒီနေ့ကတော့ ကျွန်မ အဲဒီအစ်မကို အရင်မရှာဘဲ သူများတွေ ရေခဲချောင်းလှည့်နေတဲ့ ဆီ ရောက်သွား ပါတယ်။ တချို့က တစ်ခါလှည့်ရင် လေးငါးဆယ်ချောင်းအထိ ရသွားကြတယ်။ ကျွန်မလည်း လှည့်ချင်စိတ် ပေါက်လာပါတယ်။ ဒါနဲ့ ရေခဲချောင်းဝင်လှည့် ပါလေရော။ ပထမတစ်ခါလှည့် တစ်ချောင်းပဲရတယ်။ စိတ်က မကျေနပ်တော့ ထပ်လှည့် ထပ်လှည့်နဲ့ ရေခဲချောင်းဆီ အာရုံရောက်နေတာ၊ ရှိသမျှ မုန့်ဖိုးလေး ကုန်လို့ ရေခဲချောင်းလေးတွေ ကိုင်ပြီးဘေးကိုလည်း ကြည့်လိုက်ရော ကျွန်မဘေးမှာ ချထားတဲ့ ခြင်းထောင်းထဲမှာ စတီးချိုင့်လေး မရှိတော့ဘူးရှင့်။ အဲဒီအချိန်မှာ ကျွန်မကို လိုက်ရှာနေတဲ့ အိမ်ကအစ်မလည်း ကျွန်မဘေး ရောက်လာပါတယ်။ ဒီတော့မှ ကျွန်မရေခဲချောင်းလေးတွေ ကိုင်ပြီး ငိုတော့တာပေါ့ရှင်။ အိမ်ရောက်ရင် ရိုက်ခံရမှာလည်း ကြောက်တာကိုး။ ကျွန်မငိုနေတာကို အင်္ဂလိပ်စာ ဆရာမက တွေ့သွားပြီး အကျိုး အကြောင်း လာမေးပါတယ်။ ဒါပေမဲ့ ဆရာမလည်း ဘာမှ မတတ်နိုင်ပါဘူး။ ကျောင်းပြင်ပမှာ ပျောက်သွားတာ ကိုး။ အိမ်ရောက်တော့ လာကြိုတဲ့ အစ်မက ကျွန်မဘိုးဘိုးတို့ကို ဖြစ်ကြောင်း ကုန်စင်ပြောပြပါတယ်။ ရေခဲချောင်း ငမ်းရင်း စတီးချိုင့် ပါသွားတာကိုပေါ့။ ကျွန်မအိမ်က လူကြီးတွေက တစ်ယောက်မှ ကျွန်မကို မဆူကြပါဘူး။ ဒါပေမဲ့ နောက်နေ့ကစပြီး ကျွန်မ ပလတ်စတစ် ထမင်းဗူးလေးနဲ့ ပြန်ဖြစ်သွားပါတယ်ရှင်။ ကျွန်မ ငယ်ငယ်က အဲဒီလိုလည်း အစားငမ်းခဲ့ဖူးပါတယ်။                   ။


ပါရမီဖြည့်ဖက်လေး
၁၅း၃၀ နာရီ
၁၃.၁၂.၂၀၁၀

5 comments:

သက်ဝေ said...

ငယ်ငယ်တုန်းကအကြောင်းလေးတွေ အခုနေပြန်တွေးမိတော့ ချစ်စရာ ပျော်စရာလေးတွေနော်...
လောလောဆယ်တော့ ရေခဲချောင်း စားချင်သွားတယ်...း))

Baby taster said...

အခုရော အစားငမ်းသေးလားဟင်
သိချင်တယ်နော် သိချင်တယ် :)

မြူးမြူး said...

ငယ်ငယ်တုန်းကအကြောင်းကို အသေးစိတ်မှတ်မိနေတာကိုး.. ပျော်စရာကျောင်းသူဘ၀လေးပေါ့နော်.. ထမင်းချိုင့်ပျောက်လို့ အဆူမခံရတာတော်သေးတယ်..း)

Sunny said...

အစားငမ်းတဲ့ ကောင်မလေးကို အပေါ်က ပုံလေးနဲ့တွဲပြီး မျက်စိထဲတောင် မြင်လာတယ်.. ငယ်ငယ်တုန်းက ကျောင်းသူဘ၀တွေက ပြန်တွေးကြည့်လိုက်ရင် ပျော်စရာတွေချည်းပဲနော်.. :)

rose said...

ပာုတ်လား... အမြင်ကပ်ခဲ့တဲ့သူက အချစ်ဆုံး သူငယ်ချင်း ဖြစ်နေပြီ။ အင်း... အဲ့လိုမျိုးလေးတွေလည်း ဖြစ်တတ်တယ်နော်။ စတီးချိုင့်လေး ပျောက်သွားတော့ တော်တော် ၀မ်းနည်းသွားမှာပဲနော်။ တော်သေးတယ်... အရိုက်မခံရလို့။ ငယ်ငယ်က အကြောင်းလေး ဖတ်သွားတယ်။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...