Tuesday, December 14, 2010

“ဘယ်ရနိုင်တော့မလဲ ငယ်ဘ၀တွေ”

ကျွန်မရဲ့မင်္ဂလာဆောင်ကို သူငယ်ချင်းလာတုန်းက အမှတ်တရရိုက်ထားတဲ့ပုံ

၁၉၉၅-၁၉၉၆ ခြောက်တန်းနှစ်ရောက်တော့ အတန်းတွေ ပြန်ခွဲတယ်။ ကျောင်းသူအသစ်၊ အဟောင်း အားလုံး ငါးတန်း စာမေးပွဲကြီး ရမှတ်တွေနဲ့ ပြန်စီတယ်။  အဲဒီမှာ ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်းလေးတွေနဲ့ ဆုံခွင့်ရတယ်။ တစ်ယောက်က ၀၀ကစ်ကစ်၊ ပါးဖောင်းဖောင်း၊ ဆံပင် ကုတ်ဝဲလေးနဲ့ 'ဇင်ဇင်'။ နောက် တစ်ယောက်က ငါးတန်းနှစ်မှာ ကျောင်းဆင်းရင် လုလုဆင်းလို့  ကျွန်မနဲ့ ရန်ဖြစ်ခဲ့ရတဲ့ ပိန်ပိန်ရှည်ရှည်၊ မျက်ပေါက် ကျဉ်းကျဉ်းနဲ့ 'သွယ်လေး'၊ နောက်တစ်ယောက်က မျက်မှန် ပုလင်းဖင်ကြီး တပ်ထားတဲ့ ပိန်ကပ်ကပ်နဲ့  'ငြိမ်း'၊ နောက်ဆုံး တစ်ယောက်က ဆံပင် အိအိပျော့ပျော့ ကုတ်ကုတ် လေး၊ အသားညိုညို နဲ့ အိပဲ့အိပဲ့လေး လမ်းလျှောက်တတ်တဲ့ 'နန်း'။ ကျွန်မတို့ ငါးယောက် ခင်သွားတော့ အတန်းထဲမှာ အတူတူ ထိုင်ကြတယ်။ အရမ်းလည်း သောင်းကျန်းတယ်။ တစ်ခါကလည်း ဆရာမများ ရုံးခန်းဘေးက စတိုခန်းထဲ ၀င်ဆော့ကြတာ၊ PT ဆရာမက မသိဘဲ အပြင်က ဂျက်ချသွားလို့ ပိတ်မိနေခဲ့ ကြသေးတယ်။

အဲဒီနှစ်မှာ သိပ္ပံသင်တဲ့ ဆရာမကလည်း ငါးတန်းက ဆရာမလိုပါပဲ။ သူ့အချိန်ဆို လှေကားမှာ သင်ပါတယ်။ အဲဒီ ဆရာမကျတော့ အရိုက်လည်း ကြမ်းတယ်။ ကျွန်မတို့က လှေခါးထစ်တွေမှာ တန်းစီထိုင်၊ ဆရာမက ကျွန်မတို့ ထိုင်နေရာ လှေခါးထစ်များရဲ့ အဆုံး လှေခါး တစ်ဆစ်ချိုးရှိ ပြင်ညီမှာ ထိုင်တယ်။ လှေခါးထစ်တွေ ဆိုတော့ ဆရာမ ထိုင်နေရာက ကြည့်ရင် ကျွန်မတို့ ကျောင်းသူ အားလုံးရဲ့ မျက်နှာတွေကို မြင်ရတယ်။ ဆရာမက အရိုက်ကြမ်းတယ်။ သူ့မျက်နှာက ဘယ်တော့မှ ရယ်လေ့ မရှိဘူး။ အမြဲ တည်တည်ကြီးနဲ့ ဆိုတော့ ကျွန်မတို့ အားလုံး ကြောက်ကြတယ်။ ဖြစ်ချင်တော့ ကျွန်မတို့ အတန်းကို သူဝင်ရတဲ့ အချိန်က များသော အားဖြင့် မုန့်စားဆင်းပြီး ပြန်တက်တဲ့ အချိန်။ ပြောရရင် ဗိုက်ကားပြီး ငိုက်လို့ ကောင်းတဲ့ အချိန်ပေါ့။ ပြီးတော့ စားလက်စ မုန့်လေးတွေ တစ်ဝက် တစ်ပျက် ကျန်တဲ့အချိန်ပေါ့။ ဆရာမက သူ့အချိန်မှာ မုန့်စားတာ လုံးဝ မကြိုက်သလို၊ အိပ်ငိုက် တာလည်း မကြိုက်ပါဘူး။ စာလည်း တအားမေးပါတယ်။ တစ်ခါတလေ ကျွန်မတို့ စားလက်စ မုန့်လေး ပါးစပ်ထဲ ကျန်လို့ ၀ါးနေရင် နွားမတွေ စားမြုံ့ပြန်နေတယ်ဆိုပြီး ကြိမ်နဲ့ ဆော်ပါတယ်။ ထိုင်ထ လုပ်ခိုင်းပါတယ်။ ကျွန်မတို့ လည်း သူ့အချိန်ဆို ကြောက်ကြောက်နဲ့ မငိုက်ရဲပါဘူး။ သူက အောက်ကနေ ကျွန်မတို့ ထိုင်နေတဲ့ လှေခါးထစ် တွေဆီ ကြည့်လိုက်တာနဲ့ ဘယ်သူ ပါးစပ်လှုပ်တယ်၊ ဘယ်သူ အိပ်ငိုက်နေတယ် ဆိုတာ တန်းမြင်ရတာကိုး။ စာဆိုရင်လည်း ဘယ်သူဝါးချနေတယ် ဆိုတာ သူက တန်းမြင်နေ ရတယ်လေ။ စာဝါးချတယ် ထင်ရင် တစ်ယောက်ချင်း ထဆိုခိုင်းတတ် ပါသေးတယ်။ အဲဒီ ဆရာမ မျက်နှာများ ခုထိ မြင်နေပါသေးတယ်။ တကယ်ကို အပြုံးအရယ် မရှိတဲ့ ဆရာမ ပါပဲ။

ကျွန်မတို့ကျောင်းက မိန်းကလေးကျောင်းဆိုတော့ အချစ်တော်ဖွဲ့တဲ့ အလေ့အထရှိတယ်။ အတန်းကြီး မှာတက်နေသူတွေက အတန်းငယ်မှာရှိတဲ့ ချစ်စရာ ကောင်မလေးတွေကို ချစ်လို့ပါ၊ မမကို ပြန်ချစ်မလား ဆိုပြီး အချစ်တော် ဖွဲ့တာပါ။ တစ်ခါတလေ အတန်းငယ်တွေကလည်း အတန်းကြီး တွေကို စပြီး အချစ်တော်ဖွဲ့ တာလည်း ရှိပါတယ်။ အချစ်တော် အဖွဲ့ခံရတဲ့သူက ပြန်ချစ်လို့ အချစ်တော် ဖြစ်သွားရင် တစ်ယောက်နဲ့ တစ်ယောက် စာတွေပေးကြ၊ ပို့စကတ်တွေ ပေးကြ၊ မုန့်စားဆင်းရင် တစ်နေရာမှာ တူတူထိုင်ပြီး မုန့်တူတူစားကြ၊ စကားတွေ ပြောကြတာပေါ့လေ။ ကျွန်မတို့ ငါးယောက် ထဲက တစ်ယောက်ယောက်ကို အချစ်တော်စာ လာပေးလို့ ကတော့ တစ်ဖွဲ့လုံးအားရအောင် ၀ိုင်းဖတ်ကြတာပါပဲ။

နောက်နှစ် ခုနှစ်တန်းနှစ် ရောက်တော့လည်း အတန်းမခွဲတော့ ကျွန်မတို့ ငါးယောက် အတူတူ မခွဲဖြစ်ကြ ဘူးပေါ့။ ခုနှစ်တန်းနှစ်မှာတော့ ကိုယ့်အခန်းထဲကလူတွေတင် မဟုတ်ဘဲ တခြားအခန်းက လူတွေနဲ့ပါ သူငယ်ချင်း ဖြစ်ကုန်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာမ မလာတဲ့အချိန်ဆို အတန်းထဲမှာ မနေကြတော့ ဘဲ ကော်ရစ်ဒါ မှာ ထွက်ပြီး ဆော့ကြလို့ပါ။ အဲဒီလို ထွက်ဆော့ ကြရင်း တခြားအခန်းက ကျောင်းသူ တော်တော် များများနဲ့ သူငယ်ချင်း ဖြစ်ခဲ့ရပါတယ်။

 အဲဒီထဲမှာ ဆံပင်ကောက်ကွေးကွေး၊ အသားဖြူဖြူ၊ မျက်နှာ ချိုချိုနဲ့ သူငယ်ချင်း တစ်ယောက် နဲ့လည်း ခင်မင်ခွင့် ရခဲ့ပါတယ်။ သူက စာလည်းတော်ပြီး စာမတို တတ်သူပါ။ တချို့ ကျွန်မမိဘများနဲ့ မိဘချင်း လည်းရင်းနှီး၊ ကျွန်မနဲ့လည်း ခင်မင်ရင်းစွဲရှိနေတာတောင် စာနဲ့ ပတ်သက် လာရင် သမုဒ္ဒရာရေ သူ တစ်ယောက်တည်း သောက်လို့ကုန်မယ့်အတိုင်း တွန့်တိုတတ်တဲ့ စာတိုတွေလည်း ရှိတယ်လေ။ အဲဒီ သူငယ်ချင်းကတော့ စာတော်သလောက် စာမတိုပါဘူး။ သူ့စာအုပ် ငှားရမှာလည်း ၀န်မလေး တတ်ပါဘူး။ စိတ်ရင်းလည်း ကောင်းပါတယ်။ ကျွန်မတို့ကိုလည်း အခန်းမတူပေမယ့် ခင်ခင်မင်မင်နဲ့ တရင်းတနှီးကို ဖော်ဖော် ရွေရွေ ပေါင်းပါတယ်။ ဆယ်တန်း အောင်တဲ့အထိ အခန်းမတူတော့ ကျွန်မနဲ့ အတူသွား၊ အတူလာ တွဲဖြစ်ခဲ့တာလည်း မဟုတ်ပါဘူး။ ဆယ်တန်း အောင်လို့  တစ်ယောက်နဲ့ တစ်ယောက် မတွေ့ကြတော့တဲ့အခါ သူလည်း ကျွန်မကိုမေ့သွားပြီလို့ ကျွန်မ ထင်ထားခဲ့တာပါ။ တချို့သူငယ်ချင်းတွေ တစ်ခန်းတည်း တက်ပြီး တရင်းတနှီး ရှိခဲ့တာတောင် ဆယ်တန်းအောင်ပြီး လေးငါး ခြောက်နှစ်ကြာလို့ ပြန်တွေ့တဲ့အခါ လုံးဝ မမှတ်မိတော့ သလို၊ နှုတ်မဆက်ဖြစ် ကြတာတွေ ရှိတယ်လေ။

ဒါပေမဲ့ အဲဒီ သူငယ်ချင်းကတော့ ကျွန်မတို့ကို မမေ့ပါဘူး။ ဆယ်နှစ်နီးပါး ကြာသွားတာတောင် ကျွန်မတို့ နာမည်တွေကိုပါ မှတ်မိနေပါသေးတယ်။ ဒါကို ကျွန်မတို့ မင်္ဂလာဧည့်ခံပွဲ ကျင်းပခါနီးမှ သိလိုက်ရတာပါ။ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ 'ငြိမ်း' နဲ့ အဲဒီသူငယ်ချင်း တစ်နေရာမှာ ပြန်ဆုံမိရာက ကျွန်မ မင်္ဂလာဆောင်တော့မှာ သူသိသွားတော့ သူ့ကို ဖိတ်ဖို့မေ့မှာ၊ ကျန်ခဲ့မှာ စိုးလို့ ဆိုပြီး အထပ်ထပ် မှာလိုက်ပါတယ်။ မင်္ဂလာပွဲရက် မှာလည်း ကျွန်မ မင်္ဂလာဆောင်ကို သူတက်ရောက် လာခဲ့ပါတယ်။ ဒါပေမဲ့ သူက ကျွန်မတို့နဲ့ ကျောင်းမှာ ခင်ခဲ့တုန်းကလို ကျောင်းသူ ကောင်မလေး မဟုတ်တော့ဘဲ အဆိုတော်၊ သရုပ်ဆောင်၊ ဆရာဝန်မကြီး ဖြစ်နေပါပြီ။ သူ့နာမည်က 'ချစ်သုဝေ' ပါရှင်။ ကျွန်မ ၀မ်းသာကြည်နူး မိ ပါတယ်။ နာမည်ကြီးနေတဲ့ အဆိုတော်၊ သရုပ်ဆောင် တစ်ယောက် ကျွန်မ မင်္ဂလာဆောင်ကို လာလို့ မဟုတ်ပါဘူး။ နှစ်တွေကြာတာတောင် ကျွန်မ နာမည်ကို မမေ့ဘဲ အမှတ်တရ ရှိနေခဲ့တဲ့၊ အမြဲတမ်း လိုလို ခင်မင် ဖော်ရွေတတ်တဲ့ သူငယ်ချင်း တစ်ယောက် ကျွန်မ မင်္ဂလာဆောင်ကို ရောက်လာလို့ပါပဲရှင်။ ကျွန်မရဲ့ မင်္ဂလာဆောင်ကို ချစ်သုဝေနဲ့အတူ  အခု ကျွန်မပြောပြနေတဲ့ ကျွန်မရဲ့ ငယ်သူငယ်ချင်းတွေ ရယ် ၊ အထက်တန်း ရောက်မှ ခင်တဲ့ သူငယ်ချင်းတွေရယ် အကုန်လုံးလာခဲ့ကြ ပါတယ်။

ပြန်စဉ်းစားကြည့်တော့ ငယ်ငယ်တုန်းက သူငယ်ချင်းတွေဟာ ပြန်ဆုံဖို့ ခက်လာတဲ့အတွက် အကြောင်း ကိစ္စ ကြီးကြီးမားမား တစ်ခု ရှိမှသာ ပြန်ဆုံနိုင်ပါလားလို့ ကျွန်မ သိလိုက်ရပါတော့တယ်။ သူတို့နဲ့ ဆုံခဲ့ရတဲ့ ငယ်ဘ၀ လေးတွေ ကတော့ ကျွန်မအနေနဲ့ ပြန်ပြီးလိုချင်တယ် ဆိုရင်တောင် ဘယ်ရနိုင် ပါတော့မလဲရှင်။          ။


ပါရမီဖြည့်ဖက်လေး
၂၂း၁၉ နာရီ
၁၄.၁၂.၂၀၁၀

5 comments:

Sunny said...

ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့ ပြန်ဆုံရတာ ပျော်စရာကြီးနော်.. ကိုယ့်ကို အဲလို ခင်တဲ့သူ ရှိတယ်ဆိုတာ သိရတာလည်း ၀မ်းသာစရာပဲ..

rose said...

အဲဒီလို သူငယ်ချင်းတွေ အတူ ဆုံဖြစ်ခဲ့တဲ့ မင်္ဂလာပွဲလေးက ပိုလို့ ပျော်ဖို့ ကောင်းမှာနော်။ ဒါဆို... ချစ်သုဝေက သဘောမနော ကောင်းတာပေါ့နော်။ မာန မကြီးဘူး။

baby taster said...

ချစ်သုက အရမ်းချစ်ဖို့ ကောင်းတယ်
သူ ဘယ်လိုပုံဆံလေးပဲနေနေ အရမ်း
သဘောကျတယ်။ ဘာလေးဝတ်ဝတ်
လှနေတာပဲ။ ချစ်သု ဘော်ဘော်လည်း
ချေားမှာသေချာတယ်။ ဓါတ်ပုံပြတော့
စိတ်မထိန်းနိုင်တော့ဖူးရယ် :) ဒါနဲ့စော
စောစီးစီး ဘာထလုပ်နေတာလဲ? အိပ်
နေပေါ့။ ခြေထောက်က ဘာလို့ ယောင်
ရတာတုန်း။ သိတယ်နော် ချစ်ချစ် မရှိတုန်း
ခုန်ပေါက်ပြီး ဆော့တယ်မှလား? ဒါမှမဟုတ်
ချက်တင်းထိုင်တာ လက်ညောင်းလို့ ခြေထောက်
နဲ့စာရိုက်တယ်။ ဒါမှမဟုတ် အချွဲလွန်ပြီး ခြေဆောင့်
လိုက်တာ သိနေတယ် သိနေတယ်။ ကောင်မလေး
လာညာလို့မရဘူး ဟဟ။ ဆေးလေးဘာလေးလူး
ငြိမ်ငြိမ်နေ မဆော့ရဖူး။ စိတ်ချမယ်နော် :)

baby taster said...

ချောမှား ပါသွားတယ်
ပြန် _ တယ်နော် :P

Sunny said...

ဟားဟား မမဘေဘီကွန်မန့်ဖတ်ပြီး ရီလိုက်ရတာ.. အင်း ပါရမီဖြည့်ဖက်လေးက အဲလို ခုန်ပေါက်ဆော့မယ့်ပုံလေးနော်.. ဟိဟိ

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...