Tuesday, December 28, 2010

“၀က်သားနဲ့ဂေါ်ဖီကြော်၊ ၁၂ မျိုးဟင်းချို၊ ဆားဘဲဥ”

ကျွန်မမှာလည်း ခြေထောက်ယောင်တာက မပျောက်သေးတော့ ငါး၊ ပုဇွန်ဘက်ကို မလှည့်နိုင်ဘဲ ကြက်၊ ၀က်နဲ့ပဲ နှစ်ပါးသွားနေရပါတယ်။ တစ်ခါတလေဆို ထမင်း စားချင်စိတ်တောင် ပျောက်တယ်။ ဟင်းတွေက ထပ်နေလို့။ ဒီတော့ ထပ်ခါထပ်ခါ စားနေရတဲ့ ၀က်သားကို ဆီပြန်ဟင်းကြီး မစားချင်တာနဲ့ ဂေါ်ဖီလေးနဲ့ ကြော်စားပါတယ်။

ဝက်သားကို ခပ်သေးသေးလေးတွေ တုံးပြီး ဆား၊ အချိုမှုန့်နယ်ပြီး ရေနဲ့ နူးသည်အထိပြုတ်ပါတယ်။  ဂေါ်ဖီကို  သင့်သလို လှီးဖြတ်ပြီး ရေဆေးထားပါတယ်။ ၀က်သားနူးရင် ဒယ်အိုးထဲမှာ ကြက်သွန်နီ ပါးပါးလှီးထားတာကို ဆီသတ်ပါတယ်။ ၀က်သားထည့် မွှေပါတယ်။ ဂေါ်ဖီဆေးထားတာတွေ ထည့်ကြော်ပါတယ်။ ဆား၊ အချိုမှုန့် ထည့်ပါတယ်။ ရေနွေးလေး နည်းနည်း ထည့်ပြီး ကြော်ပါတယ်။ ဂေါ်ဖီနူးရင် ပဲငံပြာရည် အနောက်ရည်လေး နည်းနည်း ထည့်မွှေပြီး မီးဖိုပေါ်က ချလိုက်ပါတယ်။

ဝက်သားဂေါ်ဖီကြော်နဲ့ စားဖို့ အရည်သောက်ကတော့ ၁၂ မျိုးဟင်းချိုလေးပါ။ ၀က်အသားနည်းနည်းကို သေးသေးတုံး၊ ကြက်အမြစ်တွေကို သေးသေးတုံးပြီး ဆား၊ အချိုမှုန့်နယ် ပါတယ်။ ပြီးတော့ အသားတွေ နူးသည် အထိရေနဲ့ ပြုတ်ထားပါတယ်။ ၀က်ရိုး တစ်ရိုးကို ရေနဲ့ တစ်နာရီလောက် ပြုတ်ပါတယ်။ ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ရွှေပဲသီး၊ ဘိုစားပဲ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး တို့ကို ရေဆေးပြီး သင့်သလို လှီးဖြတ်ထား ပါတယ်။ မှိုခြောက်နဲ့ ပန်းခြောက်ကို ရေစိမ်ပါတယ်။ ပွလာမှ မှိုခြောက်ကို ခပ်သေးသေး ပြန်လှီးဖြတ် ထားပါတယ်။ ပန်းခြောက်ကို အထဲက ၀တ်ဆံထုတ်ပြီး အထုံးလေးတွေ ထုံးထား ပါတယ်။ အားလုံး အဆင်သင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင် ဆီလေးနည်းနည်းထည့်ပြီး ကြက်သွန်ဖြူ၊နီ လှီးထားတာကို ထည့်ဆီသတ်ပါတယ်။ ပြုတ်ထားတဲ့ အသားတွေ ထည့်ပါတယ်။ ပြီးမှ အသီးအရွက်တွေ (ခရမ်းချဉ်သီး မပါ)နဲ့ မှိုခြောက်၊ ပန်းခြောက် ထည့်မွှေပါတယ်။ ဆား၊ အချိုမှုန့်ထည့်ပါတယ်။ ခဏမွှေပြီးရင် အသားနဲ့ အသီးအရွက်တွေ အားလုံးကို ၀က်ပြုတ်ရည်အိုးထဲ ပြောင်းထည့်ပြီး ဆူပွက်အောင် တည်ပါတယ်။ ဆူလာရင် Fish Ball လေးငါးလုံးလောက် ပစ်ထည့်ပြီး ဆက်တည်ပါတယ်။ အရသာမြည်းပြီး အပေါ့အငံ ပြင်ပြီးရင်တော့ ခရမ်းချဉ်သီး ထည့်ပြီး၊ ကြက်ဥ တစ်လုံး ခေါက်ထားတာပါ ထည့်မွှေလိုက်ပါတယ်။ ငရုတ်ကောင်းမှုန့်လေး အုပ်ပြီးရင်တော့ ၁၂မျိုးဟင်းချို လေး ရပါပြီ။ တရုတ်နံနံတော့ ၀ယ်ထားတာ မရှိလို့ မထည့်လိုက်ရတော့ဘူးရှင်။

ဟင်းတွေက အချိုတွေချည်းမို့ အိမ်မှာ အဆင်သင့် ၀ယ်ထားတာရှိတဲ့ ဆားဘဲဥ (ဘဲဥဆားစိမ်) နှစ်လုံး ကမန်းကတန်း ပြုတ်လိုက်ပါသေးတယ်။ ကျွန်မက ဆေးဘဲဥ၊ ဆားဘဲဥ အကုန်ကြိုက်တယ်။ အနှစ်ကို ပိုကြိုက်တယ်။ တစ်ခါတလေဆို ထမင်းဖြူလေး ဆီစမ်းပြီး ဆားဘဲဥလေးနဲ့ စားရတာကို သဘောကျ တယ်။ အငံလေးနဲ့ ဆိုတော့ စားရတာ ပိုမြိန်သွားတယ်ရှင့်။


ဝက်သားနဲ့ ဂေါ်ဖီကြော်




ဒါလေးက ၁၂ မျိုးဟင်းချိုလေး




အအီပြေ ဆားဘဲဥ (ဘဲဥဆားစိမ်)၊ ဘဲဥက မလှတော့ဘူးရှင်၊ ပြုတ်နေတုန်း အိုးထဲမှာ ပေါက်သွားလို့ ;-)



4 comments:

Sunny said...

ဝက်သားဂေါ်ဖီကြော်လေးက စားချင်စရာလေးပါ ညီမရေ.. ၁၂မျိုးဟင်းချိုကလည်း ရှယ်ပဲ.. ဘဲဥဆားစိမ်တောင် စားချင်လာပြီ.. ခြေထောက်ယောင်တာလည်း မြန်မြန်ပျောက်ပါစေနော်..

ငွေစန္ဒာ said...

ဝက်သားမစားဘူးဆိုတော့ ဘဲဥဆားစိမ်လေးဘဲမြည်းသွားတယ်နော်။
ခြေထောက်ယောင်နေတာဆိုတော့နားနားနေနေချက်လေကွယ်။
ဂရုစိုက်ဦးနော်။

Baby taster said...

ဘယ်မှာလဲ ယောင်တဲ့ခြေထောက် ဥုံဖွ
ပျောက်စေ~~~~~~~~~~~~~~~~~
ဝက်သား စားဖူးကွယ်
ကျန်တာတော့ ချန်ဖူးကွယ် :)

rose said...

ပာယ်... တကယ် တိုက်တိုက်ဆိုင်ဆိုင်ပဲ ပါရမီဖြည့်ဖက်လေးရေ... မနေ့က ရို့စ်က ၁၂ မျိုးပာင်းချို စားချင်လို့ ချက်နည်း အင်တာနက်ပေါ်မှာ လိုက်ရှာနေတာ မတွေ့လို့ စိတ်ညစ်နေတာ။ ခုတော့ ပါရမီဖြည့်ဖက်လေး ရေးထားတဲ့ နည်းလေးအတိုင်း ချက်ကြည့်ရမယ်။ ရို့စ်က ၀က်သား မစားတော့ ကြက်သားနဲ့ပဲ ချက်လိုက်မယ်။ ကျေးဇူးနော်း)

ခြေထောက်ယောင်နေတာလည်း အမြန်ဆုံး သက်သာ ပျောက်ကင်းပါစေရှင်။ ဆုတောင်းပေးတယ်နော်။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...