Monday, December 20, 2010

“ဆေးဘဲဥသုပ်”

တစ်နေ့တစ်နေ့ နေ့လယ်ခင်း ရောက်လာပြီဆို ကျွန်မမှာ ဘာဟင်းချက်ရမလဲဆိုတာ တော်တော် ခေါင်း နောက်အောင် စဉ်းစားရပါတယ်။ ၀က်သား၊ ကြက်သား သံသရာ လည်နေတော့ ဟင်းမချက်ချင်တာနဲ့ ဒီနေ့တော့ ဆေးဘဲဥပဲ သုပ်စားလိုက်တယ်။ ဆေးဘဲဥက ရန်ကုန်က ကျွန်မဘိုးဘိုး ပို့ထားတာပါ။ ကျွန်မက ဆေးဘဲဥ အလွန်ကြိုက်တယ်။ ကျောင်းမှာတုန်းကဆို  ကင်န်တင်းမှာ ဆေးဘဲဥနဲ့ ထမင်းဖြူ မှာစားတာ များတယ်။ ဒီမှာတော့ ဆေးဘဲဥ ရပေမယ့် ရန်ကုန်ကလို ၀ါဝါ ကြည်ကြည်လေး မဟုတ်ဘဲ၊ ညိုညိုကြီးမို့ ကျွန်မက မကြိုက်ဘူး။ ဒါကြောင့် ဘိုးဘိုးကို ပြောတော့ ပို့ပေးလိုက်တာပါ။ ဆေးဘဲဥ သုံးလုံးကို အခွံခွာတယ်။ ကြက်သွန်နီ ကြီးကြီး တစ်ဥကို အခွံခွာပြီး ပါးပါးလှီးတယ်။ ခရမ်းချဉ်သီး တစ်လုံး ပါးပါးလှီး ထားတယ်။ သံပုရာသီး စိတ်ထားတယ်။ ငရုတ်သီးစိမ်း သုံးတောင့်ကို အညှာချွေပြီး ရေဆေးထားတယ်။

စားခါနီးမှာ ငရုတ်သီးစိမ်းကို ပါးပါးလှီးတယ်။ ဆေးဘဲဥကို မထူမပါးလှီးတယ်။ ပြီးမှ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ဆေးဘဲဥ အားလုံး ပန်းကန်တစ်လုံးထဲရော ငံပြာရည်၊ အချိုမှုန့်၊ ဆီချက်လေး ထည့်ပြီး ရောသုပ်ပါတယ်။ အပေါ့အငံ မြည်းပြီးမှ အပေါ်က ဆီချက်ဖတ်လေး ဖြူးလိုက်တယ်။ နံနံပင်တော့ အိမ်မှာ ကုန်နေလို့ မပါတော့ဘူး ဖြစ်သွားတယ်။ အရည်သောက်အနေနဲ့ စာရေးဆရာ အကြိုက် မေတ္တာဟင်းချို လေးပဲ လွယ်လွယ်ကူကူ ချက်လိုက်တယ်။ မေတ္တာဟင်းချိုအကြောင်း  ဒီမှာ ရေးဖူးပါတယ်။ တစ်ခါတလေ တော့လည်း ဆီပြန်ဟင်းမပါဘဲ အသုပ်လေး၊ အရည်သောက်လေးကလည်း ထမင်းစားမြိန်တယ်ရှင့်။

ဆေးဘဲဥသုပ်ဖို့ ပြင်ဆင်ထားတာလေး


ကျွန်မကြိုက်တဲ့ ဆေးဘဲဥသုပ်



5 comments:

rose said...

ရို့စ်လည်း ဆေးဘဲဥ အရမ်း ကြိုက်တယ်။ အမယ်လေး... ပါရမီဖြည့်ဖက်လေးတို့ ကံကောင်းတာ စင်္ကာပူမှာ ဘာဘဲ ဖြစ်ဖြစ် ဆေးဘဲဥ ၀ယ်လို့ရသေးတယ်။ ဒီမှာတော့ ဘဲဥရော၊ ဆေးဘဲဥရော ဘာမှကို မရှိဘူး။ ရှိပြန်ရင်လည်း ထိုင်းဆိုင်မှာပဲ အရမ်းရှားတယ်။ ၁ လုံးကို ၁၀ ရောင်းတယ်။ အခုတော့ ဒီပုံလေးတွေ ကြည့်ရင်း သွားရေကျသွားတယ်။

Baby taster said...

ဆေးဘဲဥကြိုက်တယ်
ဒီတိုင်းတောင် Soy Sauce နဲ့ တို့စားတယ်
ဘယ်ကဖြစ်ဖြစ် ကြိုက်တယ်
ဒီမှာတော့ ၆လုံးကို ၃ကျပ်ပေးရတယ်
ဘဲဥတလုံး ပြား၅၀ ပါ

Sunny said...

ဘဲဥပေါတဲ့သူတွေ ပို့ပေးကြပါ.. ဟိဟိ
ဆေးဘဲဥသုပ်က ကြိုက်လှချည်ရဲ့ တော့ မဟုတ်ဘူး.. ဒါပေမယ့် မြန်မာပြည်တုန်းက ခဏခဏသုပ်စားဖြစ်တယ်.. ကျောင်းတက်တုန်း အဆောင်မှာက ဆေးဘဲဥ အလုံး ၁၀၀ လက်ဆောင်ရလို့ တစ်လလုံးလုံး ဆေးဘဲဥသုပ်ချည်းပဲ စားဖူးတယ်.. (မကြိုက်ပေလို့ပဲနော်..)

ညယံ said...

ဆေးဘဲဥဆို ကြိုက်တယ်။ဒါပေမယ့် ဘယ်မှာဝယ်ရမှန်းမသိတာနဲ့ မစားဖြစ်တာ နှစ်နဲ့တောင်ချီနေပြီ။ခုတော့ အသာပြေပုံပဲ ကြည့်သွားပါတယ်။

Unknown said...

သုတ်နည်းမရှိလို့  လိုက်ရှာရင် မျက်စိလည်လမ်းမှာပြီးရောက်လာတာ ကွင်တွေ့ သွားတယ်ဗျို့ .... ကျေးကျေးပဲ နော် .... ဘုန်းဘုန်းကို သုတ်ပြီးကပ်မလို့ ပါ
...

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...