Tuesday, December 7, 2010

“မက်စရာ နံနက်စာ”

ဒီနေ့ မနက် ကျွန်မ အိပ်ရာကနိုးတော့ မုန့်ဟင်းခါး စားချင်စိတ်လေး ပေါက်နေတယ်။ ရန်ကုန်မှာဆို မိုးလင်း တာနဲ့ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ခေါက်ဆွဲသုပ် တစ်ခုခုတော့ စားရတယ်။ ကျွန်မတို့ တစ်မိသားစုလုံး မုန့်ဟင်းခါး သိပ်ကြိုက်ကြတယ်။ ခဏခဏလည်း ချက်စားတယ်။ ကျွန်မတို့ အိမ်မှာ မုန့်ဟင်းခါး ချက်ပြီဆို တစ်အိုးကြီး ချက်ပြီး တစ်နေကုန် ထမင်းလွတ်၊ ဟင်းလွတ် စားကြတယ်။ ဒီတော့ ကျွန်မကလည်း မုန့်ဟင်းခါး ချက်စားပြီဆို ထမင်းမစားတော့ဘူး။ စာရေးဆရာကတော့ တစ်မျိုး။ သူက မုန့်ဟင်းခါးဆို မနက်စောစော Breakfast အတွက်ပဲ စားတယ်။ နေ့လယ်ဆို ထပ်မစားချင်ဘူး။ ထမင်းစားချင်တယ်။ သူ့မိဘများ အိမ်မှာ ကလည်း အဲဒီလို ချက်စားရင် မနက်စောစောစာ အတွက်ပဲ ချက်စားကြပြီး၊ နေ့လယ်စာကို ထမင်းစား ကြတာကိုး။ သူ့အလေ့အထနဲ့ သူပေါ့လေ။

အခု ဒီမှာတော့ မိုးလင်းလာရင် ဘာစားရမှန်း မသိဘူး။ ကျွန်မက ပေါင်မုန့်တို့၊ ဘီစကွတ်တို့ဆို သိပ်မုန်းတာ။ ဒီရောက်တော့ မနက်ဆို မကြာခဏ စားဖြစ်တာက ပေါက်စီပဲ။ စာရေးဆရာ အလုပ်ပိတ်တဲ့ ရက်တွေ ဆိုရင်တော့ အိပ်ရာကနိုးရင် အိမ်နားက ကော်ဖီဆိုင်မှာ ကော်ဖီသောက်၊ ပေါက်စီစားတယ်။ စာရေးဆရာ ကတော့ ပလာတာ သိပ်ကြိုက် တယ်။ ကုလားဆိုင်က ကြက်ဥပလာတာကို ပဲဟင်းတွေနဲ့ မှာစားတယ်။ ကျွန်မက တစ်ခါတလေ ပလာတာ လိုက်စားပေမယ့် ပေါက်စီလောက် မကြိုက်ဘူး။ သူရုံးသွားတဲ့နေ့ဆို ကျွန်မလည်း တစ်ယာက်တည်းဆိုတော့ အိမ်မှာရှိတာပဲ စားဖြစ်တယ်။ ပဲပြုတ် ၀ယ်ထားတာ ရှိလို့ စာရေးဆရာ ရုံးမသွားမီ ထမင်းကြော် ကြော်ပေး ဖြစ်တဲ့ နေ့ဆို ကျွန်မလည်း ထမင်းကြော်ပဲ လိုက်စား လိုက် တယ်။ 

ဒီနေ့တော့ စာရေးဆရာ ရုံးမသွားခင် စားဖို့ ခေါက်ဆွဲသုပ် သုပ်ပေးဖြစ်တယ်။ ကျွန်မကတော့ မုန့်ဟင်းခါး စားချင်စိတ် ပေါ်နေတာနဲ့  ရန်ကုန်အိမ်က ပို့ပေးထားတဲ့ 'နန်းသပြေ' မုန့်ဟင်းခါးထုပ်လေး ရှိနေတာ သတိရ တယ်။ ဒီတော့ ရယ်ဒီမိတ် မုန့်ဟင်းခါးလေး ချက်စားဖြစ်တယ်။ ရယ်ဒီမိတ် မုန့်ဟင်းခါးထုပ်တွေ ထဲမှာတော့ ကျွန်မ စားလို့ကြိုက်တာ 'နန်းသပြေ' ပဲ။ တခြားတံဆိပ်တွေကို စားတာ မကြိုက်ဘူး။ ရယ်ဒီမိတ် ဆိုတဲ့အတိုင်း မမွှေးဘူး။ အနံ့ တစ်မျိုးကြီးပဲ။ 'နန်းသပြေ' ကတော့ အိမ်မှာ ချက်စားသလိုပဲ။ ငါးနံ့ မွှေးမွှေးလေး ရတယ်။ အပေါ့အငံတောင် ပြင်ဖို့ မလိုဘူး။ ဒါကြောင့် ကြိုက်တာ။ (ကြော်ငြာတယ် မထင်ပါနဲ့ရှင်၊ ပိုင်ရှင်နဲ့လည်း အမျိုး မတော်ပါဘူး :-P )

မုန့်ဟင်းရည်ထုပ် တစ်ထုပ်ကို မုန့်ဖတ်(၆၀)သား နဲ့ စားလို့ရတယ်လို့ ရေးထားတယ်။ ကျွန်မက တစ်ယောက် တည်း စားမှာဆိုတော့ တစ်ထုပ်လုံး မချက်ဘဲ တစ်ဝက်ပဲ ချက်လိုက် တယ်။ နေ့လယ်စာပါ ထမင်းလွတ် စားမယ်လေ။ ကျန်တဲ့ တစ်ဝက်ကိုတော့ ပြန်သိမ်းထားလိုက်တယ်။ နောက်တစ်ခါ စားချင်တဲ့နေ့မှ ထပ်ချက် မယ်။ မုန့်ဖတ်ခြောက်ကို ရေစိမ်ပြီး၊ ပြုတ်လိုက်တယ်။ ကြက်သွန်ဖြူ ကို ညက်ညက်ထောင်းပြီး ဆီချက်၊ ချက် တယ်။ နံနံပင်လေးကို ရေဆေးပြီး ညှပ်ထား လိုက်တယ်။ အကြော်တော့ ၀ယ်ထားတာ အဆင်သင့် မရှိလို့ ဒီအတိုင်း အကြော်မပါ အလွတ်ပဲပေါ့။  ဒီနေ့တော့ တစ်ယောက်တည်း အ၀စားပစ်လိုက် တယ်။

လာလည်ကြသူတွေကိုလည်း မုန့်ဟင်းခါးနဲ့ ဧည့်ခံပါတယ်ရှင်၊ အ၀ သုံးဆောင်သွားကြပါ....း-)

ရယ်ဒီမိတ် မုန့်ဟင်းခါး ဟင်းရည်လေးရပါပြီ။


မုန့်ဟင်းခါးဖတ်လေးပါ


 တွဲဖက်စားဖို့ နံနံပင်နဲ့ ကြက်သွန်ဖြူ ဆီချက်


စားဖို့ အဆင်သင့်ပြင်ထားတဲ့ မုန့်ပွဲလေး


ဒီအထုပ်လေးကို ချက်ထားတာ


ဒါလေးက နောက်တစ်ခါစားချင်ရင် ချက်ဖို့ တစ်ဝက် ချန်ထားတာ
(ငါးဆီသပ်ထုပ်ရယ်၊ ပဲမုန့်နဲ့ ဆန်မုန့်ရောထားတာရယ်)


5 comments:

Sunny said...

ရယ်ဒီမိတ်အထုပ်လေးတွေရှိတာ အတော်အဆင်ပြေတယ်နော်.. ပုံတွေကြည့်ပြီး စားချင်လာပြီ.. ဒီတပတ် စနေ၊တနင်္ဂနွေ မုန်ဟင်းခါးချက်မှထင်တယ်..:)

Baby taster said...

စားချင်လိုက်တာ :(
ကျမလည်း မုန့်ဟင်းခါးဆို ထမင်းလွတ်ပဲ စားတယ်
တခါစား နဲနဲ ခဏခဏစားတာ :)

မြူးမြူး said...

ကောင်းမယ့်ပုံပဲ.. ရန်ကုန်မှာတုန်းက မနက်တိုင်းမုန့်ဟင်းခါးစားနေကျ.. ခုတော့ ဟင့်.. အရသာမရှိတဲ့ ခေါက်ဆွဲပြုတ်ကြီး သွန်ပစ်ချင်စိတ်တောင် ပေါက်သွားပြီ.. :(

Sandakuu said...

နန်းသပြေတဲ့လား.. မကြားဖူးသေးဘူးရယ်။
ရန်ကုန်ရောက်မှရှာကြည့်ရမယ်။
မုန့်ဖတ်ရော အခြောက်ဘဲသုံးတာလား..

rose said...

ပာုတ်ပနော်... ပါရမီဖြည့်ဖက်လေးနဲ့ ရို့စ်နဲ့ တူတယ်။ ပေါင်မုန့်၊ ဘီစကွတ်တွေ မကြိုက်ဘူး။ နံနက်စာဆို ရန်ကုန်မှာ ရှိတုန်းက အသုတ်စုံ၊ မုန့်ပာင်းခါး စားနေကျ။ ပါရမီဖြည့်ဖက်လေးရဲ့ ရယ်ဒီမိတ် မုန့်ပာင်းခါးလေး စားသွားတယ်နော်။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...