Saturday, December 18, 2010

“အသင်းအပေါင်းအတွက် သတင်းကောင်း၊ ဟောဒီမှာ ထမင်းပေါင်း”

ဒီနေ့ ကျွန်မ ခြေထောက်က တော်တော် သက်သာလာပြီး စာရေးဆရာလည်း ရုံးပိတ်ရက်ဆိုတော့  ဈေးသွား ကြတယ်။ ဆီပြန်ဟင်းတွေလည်း မစားချင်တာနဲ့ ထမင်းပေါင်း လုပ်စားမယ် ဆိုပြီး လိုအပ်တဲ့ အသားနဲ့ အသီးအရွက် အစုံ ၀ယ်ခဲ့တယ်။ စာရေးဆရာက ထမင်းပေါင်း  အလွန်ကြိုက်တယ်။ ဘယ်နေရာ ရောက် ရောက် ထမင်းပေါင်းပဲ မှာစားတယ်။ ဒီတော့ ကျွန်မလည်း ဒီနေ့ သူ့အကြိုက် ထမင်းပေါင်းကို လက်စွမ်းပြ ချက်ကျွေးလိုက်တယ်။ 

ဝက်သား အသားချည်း သက်သက်ကို အရွယ်တော် အလွှာလိုက်လေးတွေ လှီးပြီး ဆား၊ အချိုမှုန့် နယ်ထား လိုက်တယ်။ ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ရွှေပဲသီး၊ ဘိုစားပဲသီး၊ မှို၊ ပြောင်းဖူးအသေး၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး တို့ကို ရေဆေးပြီး လှီးထားလိုက်တယ်။ ကြက်သွန်နီ တစ်ဥ ကိုလည်း ပါးပါး လှီးထား တယ်။ ကော်မှုန့် ကို ရေအေးနဲ့ ဖျော်ထားတယ်။ ပူပူနွေးနွေးမှ စားကောင်းတာမို့ စားခါနီးမှ လုပ်စား ပါတယ်။

မီးဖိုပေါ်မှာ ဒယ်အိုးတင်ပြီး ၀က်သားကို ရေနည်းနည်းနဲ့ အသားနူးရုံ တည်လိုက်တယ်။ အသားနူးရင် အသား တွေ ဆယ်ထားပြီး ဆီ အနည်းငယ်ထည့်၊ ဆီပူလာရင် ကြက်သွန်နီ ဆီသတ်ပါတယ်။ ပြီးတော့ ပန်းဂေါ်ဖီကို အရင်ဆုံး ထည့်တယ်။ အဲဒီ့နောက် ဂေါ်ဖီ၊ ရွှေပဲသီး၊ ဘိုစားပဲ၊ မုန်လာဥနီ ထည့်ပါတယ်။ ရေနွေးလေး နည်းနည်း ထည့်ပါတယ်။ ခဏနေမှ မှိုနဲ့ ပြောင်းဖူးကို ထည့်ပြီး အသားတွေပါ ရောထည့်ပါတယ်။ ပဲငံပြာရည် အကြည်၊ ခရုဆီနဲ့ အချိုမှုန့် အနည်းငယ် ထည့်မွှေပါတယ်။ အသီးအရွက်တွေလည်း နူးပြီး အရသာလည်း အနေတော် ဆိုမှ ခရမ်းချဉ်သီးထည့်၊ တစ်ဆက်တည်းမှာ ရေအေးနဲ့ ဖျော်ထားတဲ့ ကော်ရည် လောင်းထည့်ပြီး မီးဖိုပေါ်က ချပါ တယ်။ (အရည်များများလေးမှ ထမင်းနဲ့ရောရင် အနေတော်မို့ ကော်ရည်ပျစ်နေရင် ရေနွေး နည်းနည်း ထပ်ထည့်ပါတယ်)

ထမင်းပူပူကို ပန်းကန်လုံး အသေးလေးထဲ ဖိသိပ်ထည့်ပြီး စားမယ့် ပန်းကန်ထဲ ပုံစံခွက်လေး အတိုင်း မှောက်ချပြီး ထည့်တယ်။ ပြီးမှ ထမင်းအပေါ်ကနေ ခုနက ကြော်ထားတဲ့ အသားနဲ့ အသီးအရွက်တွေကို လောင်းထည့် လိုက် ပါတယ်။ ဒါဆို စားချင့်စဖွယ် ထမင်းပေါင်းလေး ရပါပြီ။

အအီပြေ အချဉ်ကိုတော့ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သံပုရာရည်၊ နံနံပင်တို့ ရောပြီး သုပ်လိုက်ပါတယ်။

ဒီနေ့ ကျွန်မရဲ့ ထမင်းပေါင်းက အဆာပလာတွေ များပြီး ထမင်းနည်း သွားတယ်ရှင့်။ ပုံထဲမှာ ထမင်းတောင် မမြင်ရတော့ဘူး။ 

စာရေးဆရာရဲ့ ပန်းကန်ပါ


ဒါလေးက ကျွန်မစားတာ


အအီပြေ အချဉ်လေးပါ


4 comments:

Baby taster said...

ကောင်းပါတယ် စားကြပါကွယ်
ကိုယ်လည်း စားချင်တယ်လာပို့
ခြေထောက်က သက်သာတယ်ဆိုလို့
သမ်းသာပါတယ်။ နေက်တခါ လိုချင်ရင်
ပြော ခြေမဆောင့်ရဘူးနော် :P

Sunny said...

ထမင်းပေါင်းလေး စားသွားတယ်နော်.. :)
ရုံးပိတ်ရက်အမှီ ခြေထောက်သက်သာသွားတာ အတော်ပဲနော်.. စာရေးဆရာနဲ့ ဈေးဝယ်ထွက်လို့ရတာပေါ့..

rose said...

ထမင်းပေါင်း လုပ်နည်းလေး မှတ်သွားပါတယ်။ ပါရမီဖြည့်ဖက်လေး ရေးတဲ့ ပို့စ်တိုင်းရဲ့ ခေါင်းစဉ်တွေက ကာရန် အတော်ကိုက်တယ်နော်။ စာရေးဆရာ စဉ်းစားပေးထားတာလားး)

ပါရမီဖြည့်ဖက်လေး said...

ဟုတ်တယ် ရို့စ်ရေ။ ပို့စ်တိုင်းရဲ့ ခေါင်းစဉ်တွေကို စာရေးဆရာပဲ စဉ်းစားပေးတား-)

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...