Sunday, December 26, 2010

“ယိုးဒယားသင်္ဘောသီးထောင်း”

ကျွန်မလည်း စာရေးဆရာ ရုံးပိတ်ရက်မှာ လမ်းများနေတာနဲ့ အိမ်မှာ ဟင်းတောင် ကောင်းကောင်း မချက်ဖြစ်ဘူး။ ကျွန်မရဲ့ ဘလော့ကလေးမှာလည်း ပို့စ်အသစ်မတင်နိုင်ဘူးပေါ့။ ဒီနေ့ နေ့လယ်တော့ အပြင်က ပြန်လာပြီး စာရေးဆရာနဲ့ အဆာပြေ ဘာလေးများစားရင် ကောင်းမလဲ စဉ်းစားတော့ လွန်ခဲ့တဲ့ သုံးရက် လောက်က သင်္ဘောသီးတွေကို ခြစ်ပြီး ဗူးလေးနဲ့ ရေခဲသေတ္တာထဲ ထည့် ထားခဲ့တာကို သတိရတယ်။ ဒီတော့ ယိုးဒယား သင်္ဘောသီးထောင်းလေး လုပ်စားဖြစ်တယ်။ 

ကျွန်မက ယိုးဒယား သင်္ဘောသီးထောင်း သိပ်ကြိုက်ပါတယ်။ ရန်ကုန်မှာဆို လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်း ထဲမှာ ရောင်းတဲ့ သင်္ဘောသီးထောင်းဆိုင်မှာ သင်္ဘောသီးထောင်းနဲ့ ကြက်ဥကင်ကို ခဏခဏ သွားစား ပါတယ်။ ကျွန်မ ဘိုးဘိုးကဆို အိမ်နဲ့ နီးနီးနားနားက ဆိုင်မှာ မစားဘဲ လှည်းတန်းအထိ သွားစားလို့ ကျွန်မကို အစားကို ဒီလောက်မက်ရလားဆိုပြီး အပြစ်တင်ပါတယ်။ ကျွန်မကလည်း အစားဆို ကောင်းတဲ့ ဆိုင်ကမှ စားချင်ပါတယ်။ တစ်ခါမှာတော့ စာရေးဆရာနဲ့ ကျွန်မ အဲဒီဆိုင်မှာ သွားစား ပါတယ်။ အဲဒီဆိုင်က လူ အရမ်းများပါတယ်။ အမြဲစောင့်ရပါတယ်။ အမြဲလည်း စောင့်ပါတယ်။ အဲဒီနေ့ကတော့ ကျွန်မတို့ နှစ်ယောက် အကြာကြီး စောင့်နေပေမယ့် ကျွန်မတို့စားနေတဲ့ ကြက်ဥကင် ပန်းကန်သာ ကုန်သွားတယ်၊ ကျွန်မဆီ သင်္ဘောသီးထောင်း ပန်းကန်ရောက်မလာဘဲ ကျွန်မတို့ နောက်မှ ရောက်တဲ့ ၀ိုင်းတွေဆီကို ကျော်ပြီး အရင် ချပေး နေပါတယ်။ စားပွဲထိုးတွေ သတိမထားတာပါ။ ကျွန်မတော်တော် စိတ်တိုသွားပါတယ်။ ကျွန်မတို့ ခေါ်ပြော ပေမယ့်လည်း အရေးမလုပ်တဲ့ အပြင်၊ အကြာကြီး ထပ်စောင့်တာတောင် ရောက်မလာတာကြောင့် ကျွန်မလည်း စိတ်တိုတိုနဲ့ ဆက်မစောင့် တော့ဘဲ ထပြန်ခဲ့ပါတယ်။ ကျွန်မတို့ စိတ်ဆိုးသွားမှန်း သိတာတောင် မိတ်ပျက်မှာ မစိုးရိမ်ဘဲ ကျွန်မတို့နောက်ထပ် လာမစားလည်း တခြားလာစားမယ့်သူတွေ အများကြီး ရှိတယ် ဆိုတဲ့ ပုံနဲ့ပါ။ ရောင်းကောင်းနေတုန်းတော့ ရေရှည်ကို မတွေးမိကြဘူး ထင်ပါရဲ့။

ဒီနေ့တော့ ကိုယ်ဘာသာ လုပ်စားပြီး စာရေးဆရာကိုတောင် ပြောလိုက်ပါသေးတယ်။ အရသာ ကောင်းတယ် မဟုတ်လား။ လှည်းတန်းက သင်္ဘောသီးထောင်းဆိုင်ကို မကျေနပ်ဘူး။ သူတို့ ဘေးနားမှာ အပြိုင် တစ်ဆိုင်လောက်သွားဖွင့် လိုက်ဦးမယ် ဆိုတော့ စာရေးဆရာကလည်း အတိုင် အဖောက် ညီပါတယ်။ သွားဖွင့်၊ ဒီလက်ရာနဲ့ဆို ဖြစ်တယ်တဲ့။ သူက အဲဒီလို မြှောက်ပေးတယ်ရှင့်။

ကျွန်မရဲ့သင်္ဘောသီးထောင်း ဘယ်လိုလုပ်လဲ ဆိုတော့ ပထမဦးဆုံး ကြက်သွန်ဖြူ သုံးမွှာကို အရင် ထောင်းပါတယ်။ ညက်မှ ငရုတ်သီး လေးတောင့်ထည့်ထောင်းပါတယ်။ (ကျွန်မက ငရုတ်သီး အနီတောင့် ထည့်တာပါ) လေးတောင့်ပဲ ထည့်ပေမယ့် တော်တော် စပ်ပါတယ်ရှင်။ ပြီးမှ ထန်းလျက် သုံးခဲကို ထည့် ထောင်းပါတယ်။ ပုဇွန်ခြောက်ထည့် ထောင်းပါတယ်။ နောက်ပြီး သံပုရာသီး အရည်ရွှမ်းရွှမ်း တစ်လုံးကို ညှစ်ထည့် တယ်။  ငံပြာရည် ထည့်ပြီး ဆက်ထောင်းပါတယ်။  မြေပဲဆန်လှော် ထည့်ပါတယ်။ ခရမ်းချဉ်သီး တစ်လုံးကို မထူမပါးလှီးထည့်ပြီး ဆက်ထောင်းပါတယ်။ နောက်ဆုံးမှ ခြစ်ထားတဲ့ သင်္ဘောသီးလေးတွေ ထည့်ပြီး ဖွဖွလေးထောင်းပေးပါတယ်။ အစာတွေကို အားလုံးတစ်ပြိုင်တည်း ထည့်ထောင်းတာ မဟုတ်ဘဲ တစ်ခုထည့်လိုက် ထောင်းလိုက်၊ နောက်တစ်ခု ထည့်လိုက်နဲ့ ထောင်းသွားတာပါ။ ဒီလိုနဲ့ အရသာလေး မြည်းကြည့်ပြီး လိုတာလေး ပြင်ပြီးရင်တော့ ယိုးဒယား သင်္ဘောသီးထောင်း စပ်စပ်ကလေး ရပါပြီ။  အိမ်မှာ ပဲသီး ၀ယ်ထားတာ မရှိတော့ ပဲသီး မပါသွားတော့ဘူး။ ငရုတ်သီး လေးတောင့်ပဲ ထည့်ထောင်းတာ တောင် ကျွန်မနဲ့ စာရေးဆရာတော့ စားရင်း ငိုလိုက်ရတာ ;-) စပ်လွန်းလို့ မျက်ရည်ဝဲရတာပါ။ စာရေးဆရာက ပြောပါသေးတယ်၊ နောက်တစ်ခါဆို အစပ်လျှော့ထည့် ပါနော် တဲ့  :-P

ယိုးဒယားသင်္ဘောသီးထောင်း စပ်စပ်ကလေးရပါပြီ


မိတ်ဆွေများလည်း အားပေးသွားကြပါဦး





7 comments:

Baby taster said...

သဘောင်္သီးထောင်းကြိုက်တယ်
ဂဏန်းတွေနဲ့ ထောင်းတာတော့
မကြိုက်ဘူး။ ကြက်ကင်နဲ့ မုန့်တီ
ပါရင်အမလေးနော်။ သရေယိုတယ်
ရှလွတ်။ မုန့်တီနဲ့ သဘောင်္သီးထောင်းကို
ထိုင်းမှာတော့ ရောစားကြတာပဲ သိပ်ကောင်းပေါ့။
ပျော်ရွှင်စရာ အားလပ်ရက်နဲ့ မင်္ဂလာနှစ်သစ်လေးကို
ကြိုဆိုနိုင်ကြပါစေ................

ငွေစန္ဒာ said...

သူကလည်းပုံနဲ့နှိပ်စက်ပြန်ပြီ၊
သဘောင်္သီးထောင်းကြိုက်တယ်
ပျော်ရွှင်ပါစေညီမရေ

Sunny said...

သင်္ဘောသီးထောင်းပုံကို မြင်တာနဲ့သွားရည်ယိုနေပြီ ညလေးရေ.. လှည်းတန်းမှာ ဆိုင်ဖွင့်ဖြစ်ရင်လည်း လာအားပေးမယ်နော်..

rose said...

ပါရမီဖြည့်ဖက်လေးရေ.... ယိုးဒယား သင်္ဘောသီးသုပ်လေး လာစားသွားတယ်။ ရို့စ် သိပ်ကြိုက်တယ်။ အစ်မဘေဘီနဲ့ ပြောင်းပြန် ရို့စ်က ဂဏန်းပါ ထည့်သုပ်ထားရင် ပိုကြိုက်တယ်။ သင်္ဘောသီးထောင်း စပ်စပ်ချိုချိုလေး တစ်လုတ် စားလိုက်၊ ပဲသီးလေး ကိုက်လိုက်... အိုး... အရသာ ရှိလိုက်တာ :)

Happy New Year!!

မင်္ဂလာပါ .... said...

ယိုးဒယားသဘောင်္သီးထောင်းလေး လာစားသွားတယ်နော်
အရောင်အဆင်းနဲ့ ပုံစံကတော့ လှည့်တန်းဆိုင်နဲ့ တစ်ထပ်ထဲပဲ
အရသာကတော့ အပြင်မှာ တစ်ကယ်လာစားရမှ ယုံမယ်း))
နောက်တာနော် ပထမဆုံးရောက်ဖြစ်တာပါ ....
နှင်းဟေမာ
www.hninhaymar.com

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ်နော်
လှည်းတန်းက ဦးထွန်းလင်းခြံလမ်းထဲက ဆိုင်ကသင်္ဘောသီးထောင်းက တကယ်ကောင်းတာ..သူတို့က ခု ပါရမီဖြည့်ဖက်လေး ထောင်းသလိုဘဲ ထန်းညက်ထည့်ထောင်းတာ.. အရသာ အတော်ကောင်းတယ်.. ဆိုင်တော်တော်များများကထန်းညက်မသုံးဘဲ သကြားထည့်ထောင်းတာ များတယ်
ခု ပုံလေးတွေက ပန်းကန်လေးတွေလည်း လှတော့ အမြင်ကလည်း စားချင်စရာလေး
သွားရေကျတယ်..

subuueain said...

ကိုယ့်ဘာသာကိုယ်ဆို သဘောင်္သီးကို သုတ်ပဲ စားဖြစ်တာ။ ထောင်းတာကို ဝယ်ပြီးဘဲ စားဖူးတာ ညီမလေးရေ။ ကောင်းမဲ့ပုံလေးနော်

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...