Wednesday, December 22, 2010

“ဆတ်သားခြောက်ဆီပြန် နဲ့ ချဉ်ပေါင်အရည်သောက်”

မနေ့က ဆတ်သားဟင်း ချက်စားဖြစ်တယ်။ ဆတ်သား အစိုတော့ မဟုတ်ပါဘူး။ ကျွန်မ မေမေ ရန်ကုန်က ပို့ပေးလိုက်တဲ့ ဆတ်သားခြောက်တွေကို အတုံးလေးတွေ တုံးပြီး ချက်တာပါ။ ဆတ်သား ခြောက်ကို ရေစိမ်ထားတယ်။ အသား ပြန်ပျော့လာမှ အနေတော် အတုံးလေးတွေ တုံးထားလိုက်တယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းပြီး ဆီသတ်တယ်။ ကြက်သွန်လေးတွေ ကျက်လာမှ ဆတ်သား ထည့်တယ်။ အရင်အခေါက်တွေ ချက်တုန်းက ခရမ်းချဉ်သီးလေးပါထည့် ဆီသတ်ပါတယ်။ မနေ့ကတော့ ခရမ်းချဉ်သီး ကုန်နေလို့ မထည့်လိုက်ရတော့ဘူး။ ကြက်သွန် ဆီသတ်ထဲ ဆတ်သားလေး တွေ ထည့်လုံးပြီး အချိုမှုန့် နည်းနည်း ထည့်ပါတယ်။ ငံပြာရည်တော့ မထည့်တော့ဘူး။ ဆတ်သားက ဆတ်သားခြောက်ဆိုတော့ အငန်ဓါတ်ကလေး ရှိပြီးသားဖြစ်နေလို့။ ဆတ်သားလေးတွေ ထည့်လုံးပြီး ရေနွေးနည်းနည်းထည့် တည်ပါတယ်။ အသားနူး၊ အရသာလည်း အနေတော်၊ ဆီလည်း ပြန်ပြီဆိုရင် ဆတ်သားခြောက်ဟင်းတစ်ခွက် ရပါပြီ။

ကျွန်မက ဆတ်သားခြောက်ဟင်းနဲ့ တွဲစားဖို့  ချဉ်ပေါင်ဟင်းလေး ချက်လိုက်ပါသေးတယ်။ ချဉ်ပေါင်ကလည်း ကျွန်မမေမေ ရန်ကုန်ကနေ ပို့ပေးထားတာပါ။ ဒီမှာ ၀ယ်တဲ့ ချဉ်ပေါင်တွေက အရွက်ရင့်ရင့် ကြီးတွေပါ။ ကျွန်မ မေမေက အရွက်နုလေးတွေကို မွှေပြီး ပို့ပေးလိုက်တာပါ။ ရေခဲသေတ္တာထဲမှာ ခဲထားတော့ စားချင်တဲ့ အချိန် ခုလိုပဲ အရည်သောက်လေး ကမန်းကတန်း လုပ်လို့ ရတာပေါ့။  ချဉ်ပေါင်ကြော် စားချင်ရင်တော့ ဒီက ချဉ်ပေါင် အရွက်ကြမ်းကြမ်းကိုပဲ ၀ယ်ကြော်စား လိုက်တယ်။ အခုလို အရည်သောက်လေး ချက်ချင်ရင်တော့ ကျွန်မမေမေ ပို့ပေးတဲ့ ချဉ်ပေါင်နုလေးနဲ့ ချက်ပါတယ်။ ကြက်သွန်ဖြူ၊ နီတောင် ထောင်းမနေတော့ပဲ နုတ်နုတ် စင်းပြီးပဲ ထည့်လိုက်တယ်။ အိုးထဲမှာ ချဉ်ပေါင်ရွက်မွှေ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး အရောင် တင်မှုန့် (အစိမ်းမှုန့်)၊ ငါးပိစိမ်းစား၊ ပုဇွန်ခြောက်မှုန့်၊ အချိုမှုန့်၊ ငံပြာရည်၊ ဆီ အားလုံးထည့် ရောနယ်၊ ရေလေး နည်းနည်း ထည့်ပြီး လုံးတည်ပါတယ်။ ဆီပြန်ပြီး မွှေးလာမှ ရေနွေးဖြည့်ထည့်ပြီး ဟင်းရည် ကျသည်အထိ တည်ပါတယ်။ ဟင်းရည် အရသာ အနေတော်ဖြစ်ပြီဆိုမှ ငရုတ်သီးစိမ်းလေး ထက်ခြမ်းခွဲထည့်ပြီး မီးပိတ်လိုက် ပါတယ်။ ချဉ်ရည်ဟင်းလေးနဲ့ ဆိုတော့ ထမင်းစားမြိန်တာပေါ့။

ဒီမှာ ဆတ်သားခြောက်ဟင်း






ချဉ်ပေါင်အရည်သောက်လေး



4 comments:

rose said...

ဆတ်သားခြောက်ဆိုတဲ့ အသံ ကြားတာနဲ့တင် သရေကျလာပြီ ခိခိး) အဲလို အမဲသားခြောက် ဆိုလည်း ကြိုက်တယ်။ မီးဖုတ်ပြီး မွမွလေးလုပ် ဆီလေး စမ်းလိုက်ရင် သိပ်စားကောင်းတာ။ ခုလည်း ပါရမီဖြည့်ဖက်လေးရဲ့ ဆတ်သားခြောက် ဆီပြန်ပာင်းနဲ့ ချဉ်ပေါင်ပာင်းကို စားသွားပြီနော်။

Cute Avocado said...

လာလာချောင်းနေကျပါ
ဆတ်သားခြောက်ဟင်း မစားဖူးလို့ နှိုက်စားသွားတယ်
အားပါးးး ကောင်းမှကောင်း :)
(တကယ်ခေါ်ကျွေးချင်စိတ်ပေါက်အောင်)
ဆတ်သားခြောက်ကို မွမွလေးလုပ်ပြီး ဆီနဲ့ပဲစားဖူးတယ်
တခါမှမချက်စားဖူးသေးဘူး
ချက်စားကြည့်ဦးမယ်

avocado

Sunny said...

ဆတ်သားခြောက်ကို ဒီလိုချက်တာလည်း ကြိုက်တယ်.. မီးဖုတ်ပြီး ဆီဆမ်းစားလည်း ကြိုက်တယ်.. ချဉ်ပေါင်အရည်သောက်လေးနဲ့ ဆိုတော့ ဂွတ်ရှယ်ပဲ.. စားသွားပြီနော်..

Baby taster said...

ဘယ်လိုဖြစ်ဖြစ် ကြိုက်၏
ဆတ်သားခြောက် မစားရတာ
၁၁နှစ် ရှိပြီသိလား :(

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...