Friday, December 17, 2010

“အသုပ်၊ အရည်နဲ့ တုတ်လေသမျှ ဟုတ်နေကြမယ့် အာပူလျှာပူ”

ဒီနေ့တော့ ရခိုင်မုန့်တီချက်စားဖြစ်တယ်။ ကျွန်မက ရခိုင်မုန့်တီကြိုက်တော့ ရှင်းရှင်းမုန့်တီထုပ်လေးတွေ ၀ယ်ထားပြီး ညနေခင်းတွေမှာ လုပ်စားတတ်တယ်။ ခေါက်ဆွဲထုပ်လိုပဲ လုပ်ရတာလွယ်တော့ ခဏခဏ စားဖြစ်တယ်။ သူက ရယ်ဒီမိတ် ဆိုပေမယ့် ရခိုင်မုန့်တီ အရသာနဲ့ တော်တော်လေး နီးစပ်တယ်။ အာသာပြေတော့ စားလို့ ဖြစ်တယ်ရှင့်။ ချက်စားတာလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲနော်။ ဒီနေ့တော့ လမ်းလျှောက်နိုင်လာတာနဲ့ ရခိုင်မုန့်တီ ချက်စားချင်စိတ် ပေါ်နေတာလေးကို ဖြည့်ဆည်း လိုက်တယ်။ အရင်ရက်တွေကတည်းက ချက်စားချင်နေတာ။ City Hall က ၀ယ်ထားတဲ့ ငါးကြင်းလေးတွေက ကျန်နေသေး တယ်လေ။ 

ရခိုင်မုန့်တီချက်ဖို့ ငါးကို ရေဆေးပြီးတော့ ဆား၊ အချိုမှုန့်၊ ငံပြာရည်နဲ့ နယ်ပြီး ပြုတ်ထားလိုက်တယ်။ မုန့်ဖတ်ကို ရေစိမ်ထားတယ်။ ငါးကျက်ရင် ခဏ အအေးခံပြီး အသားနွှင်တယ်။ ပြီးတော့ ဒယ်အိုးထဲမှာ ငါးအသား နွှင်ထားတာတွေကို ထည့်လှော်လိုက်တယ်။ ပြီးတော့ တစ်ဝက်ကို ခုနက ငါးပြုတ်အိုးထဲ ပြန်ထည့်ပြီး ဆက်တည်တယ်။ ကျန်တဲ့ ငါးအသားတစ်ဝက်ကို အသုပ် သုပ်ဖို့ ပန်းကန်လေးနဲ့ ထည့်ထားတယ်။ ဟင်းရည်အိုးထဲကို အရည် လိုချင်သလောက်  ရေနွေး ထပ်ဖြည့်ထည့်တယ်။ ငရုတ်သီးစိမ်းကို ရေနွေးလေးနဲ့ ခဏ ပြုတ်ပြီး ထောင်းလိုက်တယ်။ ပြီးတော့ ပန်းကန်လေးထဲမှာ ငရုတ်သီးစိမ်း ထောင်းထားတာတွေနဲ့ ငါးပြုတ်ရည်လေး နည်းနည်းထည့်ပြီး ဖျော်ထားလိုက်တယ်။ မကျည်းသီးကို ရေနွေးလေး ဖျောပြီး မကျည်းရည် ဖျော်ထား တယ်။ နံနံပင်ကို ရေဆေး၊ ညှပ်ပြီး ပန်းကန်နဲ့ ထည့်ထား လိုက်တယ်။ ငါးပိစိမ်းစားကို ရေနွေးလေးနဲ့ ဖျော်ပြီး ငါးပြုတ်အိုးထဲ ထည့်တယ်။ (ကျွန်မကတော့ ငါးပိကို ရေနွေးနဲ့ ဖျော်ပြီးရင် အားလုံး လောင်းမထည့် ဘူး။ အနည်ထိုင်အောင် ခဏစောင့်ပြီး အရည်ကြည်ကိုပဲ ထည့် တယ်။ အနယ်တွေ မထည့်ဘူး။ ဟင်းရည် အရောင်ကို ကြည်ကြည်လေးပဲ ကြိုက်လို့ပါ။ အရည်နောက် နေတာကို မကြိုက်လို့။) ဟင်းအိုး ပြန်ဆူလာရင် အချိုမှုန့်၊ ဆား၊ ငံပြာရည်နဲ့ အပေါ့အငံ ပြင်တယ်။ ပြီးတော့ ငရုတ်ကောင်းစေ့ လှော်ထားတာလေးတွေနဲ့ ကြက်သွန်ဖြူ (၇)မွှာလောက်ကို ရောထောင်းတယ်။ အဲဒီ ထောင်းထားတာတွေနဲ့ ပဒဲကောမှုန့် (ကျွန်မက တော့ ချက်ခါနီးမှ ပဒဲကောကို ပြေးဝယ်နေရမှာ စိုးလို့ အမှုန့်ဝယ်ပြီး ဗူးနဲ့ ထည့်ထား လိုက်တယ်) ကိုရောပြီး ဟင်းရည် ပွက်ပွက်ဆူနေတဲ့ အထဲကို ထည့်လိုက်တယ်။ ဟင်းရည်ကျအောင် တည်ပြီးရင်တော့ ရခိုင်မုန့်တီ ဟင်းရည်လေး ရပါပြီ။ 

ရေစိမ်ထားတဲ့ မုန့်ဖတ်တွေကို အိုးတစ်လုံးထဲမှာ ရေနွေးဆူအောင်တည်ပြီး ထည့်ပြုတ်တယ်။ မုန့်ဖတ် အိလာရင် ဇကာနဲ့ ရေစစ်ပြီး ရေအေးနဲ့ ဆေးချလိုက်တယ်။ ရေခဏစစ်ထားပြီးရင် တော့ မုန့်တီသုပ် သုပ်လို့ ရပါပြီ။ ကျွန်မက ရခိုင်သုပ်(အာပူသုပ်)ကို ပိုကြိုက်လို့ အဲလို သုပ်စားဖြစ်တယ်။ ပန်းကန်းထဲကို မုန့်ဖတ် စားနိုင်သလောက်ထည့်၊ ငါးအသားနွှင်ထားတာ နည်းနည်းထည့်၊ ဆားနဲ့ အချိုမှုန့်ထည့်၊ ငရုတ်သီးစိမ်း ဖျော် ထားတာထည့်၊ မကျည်းရည်နဲ့ ငံပြာရည်ထည့်၊ မုန့်တီဟင်းရည်လေး နည်းနည်း ထည့်ပြီး ရွှဲရွှဲလေး သုပ်စား ပါတယ်။ ချဉ်ငံစပ်လေးပေါ့ရှင်။ အပေါ်က နံနံပင်လေးနဲ့ ပဲကြော်လေး ဖြူးထည့်လိုက်ပါတယ်။ အာပူသုပ် စားပြီး မ၀သေးတဲ့ ကျွန်မက မုန့်တီအရည်နှစ်ပွဲ ထပ်သောက် ပါသေးတယ်။ ;-P

ညနေဘက် စာရေးဆရာ ပြန်လာတော့ သူက အစပ်မစားနိုင်သူမို့ မုန့်ဖတ်သုပ် သုပ်ပေးရပါတယ်။ ဒီတော့ ငရုတ်သီး ဆီချက်လေး ချက်ထားရပါသေးတယ်။ ဆီနည်းနည်းကို ဒယ်အိုးထဲမှာ ပူအောင်တည်ပါတယ်။ ဆီပူလာရင် ပန်းကန်ထဲ ပြောင်းထည့်ပြီး အရောင်တင်မှုန့် ထည့်လိုက်ပါတယ်။ မုန့်ဖတ်သုပ် သုပ်ဖို့ မုန့်ဖတ်၊ ငါးအသား၊ ငရုတ်သီးဆီချက်၊ ဆီချက် (ကြက်သွန်နီ ဆီချက်က အဆင်သင့်ရှိနေလို့ ချက်စရာမလိုတော့ပါ)၊ ပဲမှုန့်၊ ငံပြာရည်၊ ဆား၊ အချိုမှုန့် အားလုံးထည့်ပြီး သုပ်ပါတယ်။ နံနံပင်နဲ့ ပဲကြော်လေး ဖြူးပေးလိုက်ပါတယ်။ ဒါဆို မုန့်ဖတ်သုပ်လေးကို ရခိုင်မုန့်တီ ဟင်းရည်လေးနဲ့ တွဲဖက်စားလို့ ရပြီပေါ့။

မုန့်တီစားဖို့ ပြင်ထားတဲ့ အဆာပလာလေးတွေ



ကျွန်မအကြိုက် ရခိုင်သုပ်(အာပူသုပ်)




အာပူသုပ်နဲ့ မ၀သေးလို့ နောက်ထပ် မုန့်တီအရည်




စာရေးဆရာရဲ့ မုန့်တီသုပ် ပန်းကန်


ဒါက ညနေဘက် စာရေးဆရာ ပြန်လာမှ ထပ်စားတဲ့ ကျွန်မရဲ့အသုပ် ပန်းကန်၊ နည်းတယ်လို့ မထင်တဲ့နော်၊ မုန့်တီအရည်နှစ်ပွဲ ထပ်ဆွဲသေးတယ်း-)



ဒါက အသုပ်နဲ့ တွဲစားဖို့ မုန့်တီဟင်းရည်


7 comments:

rose said...

ပေားးးးးးးးး တို့ပထမဦးဆုံးကွ... ခိခိး) ရခိုင်မုန့်တီ အရည်နဲ့ တစ်ပွဲပေးပါ။ စားလို့ကောင်းတယ်။ ကျေးဇူး။

Baby taster said...

ကြိုက်စ်စ်စ်စ်စ်စ်စ်၏၏၏၏၏၏၏၏၏၏၏၏
အထင်မသေးရဲပါဘူး ယုံပါတယ်ရှင်
ခြေထောက်က သက်သာသွားပြီလား

Sunny said...

ဒီတစ်ခါ ရို့စ် ပထမဆုံးပါလား.. မမဘေဘီ အပူအစပ်တွေ မတည့်ဘူးဆို.. ပါရမီဖြည့်ဖက်လေးရေ.. အသုပ်တစ်ပွဲ၊ အရည်တစ်ပွဲပေးနော်.. အသုပ်ကိုတော့ ငရုတ်သီးနည်းနည်းလျှော့ထည့်ပေး.. :)

ချော(အစိမ်းရောင်လွင်ပြင်) said...

အာပူလျှာပူမြင်တော့ အင်းယားက အာပူလျှာပူသတိရသွားတယ်
ခုလို ချမ်းတဲ့အချိန်မှာ ငရုပ်သီးစပ်စပ် ပူပူလောင်လောင်လေး စားလိုက်ရလို့တော့ ဆွေမျိုးတောင် မေ့မလားဘဲနော်... အသုပ်ထက် အရည်နဲ့ပိုကြိုက်တယ်...
ချက်စားဦးမယ်.. လုပ်နည်းလေး မှတ်သွားတယ်နော် ကျေးဇူး

သက်ဝေ said...

ကိုယ်လဲ ကြိုက်တယ်... မအားလို့ ချက်မစားဖြစ်သေးချိန်မှာ အဆင်အပြေဆုံးက ရှင်းရှင်းပါပဲ... ငါးဖယ်ကြော်လေး ပဲကြော်လေးနဲ့ ဆို ကောင်းမှ ကောင်း...း))

အင်ကြင်းသန့် said...

အာပူသုပ်လုပ်စားချင်လို့ နည်းလိုက်ရှာနေတာကြာပြီ။ အခုမှပဲ ဆိုက်ဆိုက်မြိုက်မြိုက်တွေ့တော့တယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ နောက်စားချင်တာလေးတွေရှိရင် သိနိုင်အောင် လင့်ခ်လေးလည်းယူသွားတယ်နော်။း))

BluePink said...

ဂလု...ဂလု...တံတွေးမြိုချမိပါသည်

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...