Thursday, December 16, 2010

“တစ်သက်မအီပါ ၀က်ကလီစာ”

ဒီနေ့လည်း ကျွန်မခြေထောက်က ယောင်နေတုန်းဆိုတော့ သိပ်မလှုပ်ရှား ရဲသေးဘူး။ ပို့စ်အသစ် တင်မယ် စိတ်ကူးတော့ လွန်ခဲ့တဲ့ အပတ်က ၀က်ကလီစာဟင်း ချက်စားဖြစ်တာလေး သတိရတာနဲ့ ၀က်ကလီစာ ဟင်းလျာပို့စ်လေး တင်ဖြစ်သွားတယ်ရှင်။

လွန်ခဲ့တဲ့အပတ် ဈေးသွားတုန်းက ၀က်ကလီစာ ၀ယ်ခဲ့ဖြစ်တယ်။ ၀က်အူချို၊ ၀က်အူမကြီး၊ ၀က်အူပိတ်၊ ၀က်အချင်းတိုင်၊ နှလုံးဝယ်ခဲ့တယ်။ ၀က်လျှာရတာနဲ့ လျှာပါဝယ်ခဲ့ပြီး ရောချက် ဖြစ်တယ်။ ၀က်အသဲနဲ့ ကျောက်ကပ် ကတော့ ကျွန်မ မကြိုက်လို့ ထည့်မချက်ဘူးရှင့်။ ၀က်အူပိတ်ကိုတော့ များများ ထည့်ဖြစ်တယ်။ ကျွန်မက အူပိတ် သိပ်ကြိုက်တယ်။ ၀က်သားတုတ်ထိုး စားရင်လည်း အူပိတ်ကို အဓိက ထားစားတယ်။ ကျွန်မက ၀က်သားတုတ်ထိုး တအားကြိုက်ပါတယ်။ ဒီတော့ ၀က်ကလီစာ ဟင်းလည်း ကြိုက်တာပေါ့။

ပထမဦးဆုံး ၀က်ကလီစာတွေကို ရေနဲ့ စင်အောင်ဆေးတယ်။ ၀က်အူတွေကို အရွယ် တော်လေးတွေ တုံးပြီး အတွင်းအပြင်သေချာ လှန်ဆေးတယ်။ ပိုပြီး ပြောင်အောင် ဗနီကာရည်လေးနဲ့ နယ်ပြီး ဆေးတယ်။ အချွဲတွေ မရှိတော့ဘဲ ကြမ်းကြမ်းလေး ဖြစ်သွားတဲ့ အထိပေါ့။ အားလုံး ပြောင်အောင် ဆေးပြီးရင် ဆား၊ သကြား၊ အချိုမှုန့်၊ ပဲငံပြာရည်အနောက် (ကြာညို့)၊ တရုတ်မဆလာ တို့နဲ့ ရောနယ်ပြီး နှပ်ထားတယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ညက်နေအောင်ထောင်းတယ်။ မီးဖိုပေါ် ဆီအိုးတင်၊ ဆီကျက်ရင် ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းထားတာ တွေ ထည့်၊ အရောင်တင်မှုန့်လေးပါ ထည့်ပြီး ဆီသပ်တယ်။ ကြက်သွန်ကျက်ရင် ၀က်အူတွေထည့်လုံးတယ်။ နှလုံးကိုတော့ ချန်ထားတယ်။ ပဲငံပြာရည် အကြည်ရည်နဲ့ အချိုမှုန့်လေး နည်းနည်းစီပါ ထည့်လုံးတယ်။ အူတွေက ထွက်လာတဲ့ ရေနဲ့ ကြာကြာလေး လုံးပြီး ရေခမ်း၊ ဆီပြန်လာရင် နှလုံးလေးထည့်ပြီး ဆက်လုံးတယ်။ ပြီးမှ ရေနွေးလေး ထည့်ပြီး ၀က်ကလီစာတွေ နူးသည်အထိ တည်ပါတယ်။ ရေခန်းလို့ အသား မနူးသေးရင် ရေနွေးပဲ ထပ်ဖြည့်ထည့်ပါတယ်။ အသားနူးပြီ ဆိုရင်တော့ အပေါ့အငံမြည်းပြီးရင် ၀က်ကလီစာဟင်း တစ်ခွက် ရပြီပေါ့ရှင်။

ကျွန်မအကြိုက် ၀က်ကလီစာ ဟင်းလေးပါ။











3 comments:

Sunny said...

ဝက်ကလီစာဆိုရင် ဟင်းတူသွားပြီ.. အိမ်မှာလည်း ဟိုနေ့က ၀က်ကလီစာ ချက်တယ်.. ၀က်အူပေါ့မပါဘူး.. အဆုတ်၊ နှလုံးနဲ့ အသည်းပဲ.. အဲဒီတော့ ပါရမီဖြည့်ဖက်လေးဆီက ၀က်အူတွေ နှိုက်စားသွားတယ်.. :)

Baby taster said...

:( :(((((((((((((
ဝက်သားစားဖူးလေကွယ်
ငေးစရာ ဖြစ်အောင်လုပ်ကျတယ်
ကလေးတွေကလည်းနော် :)

Baby taster

Mya Mya said...

ဟင်းလေးတွေကစားခြင်စရာ။ဟင်းချက်ကောင်းမဲ.ပုံဘဲနော်။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...