Wednesday, December 15, 2010

“အပီနှက်ပြီး တစ်ယောက်တည်းဆွဲတဲ့ ဆီချက်ခေါက်ဆွဲ”

လွန်ခဲ့တဲ့ နှစ်ရက်၊ သုံးရက်က စပြီး ကျွန်မ ခြေထောက်မှာ မှင်ဖြစ်ပြီး ယောင်ပါတယ်။ ကျွန်မက အစားမှားရင် အဲဒီလို Allergy ဖြစ်တတ်လို့ တတ်နိုင်သမျှ ရှောင်ပါတယ်။ (ကျွန်မ အရမ်းကြိုက်တဲ့ အစားအစာက လွဲလို့  ;-P )။ များသော အားဖြင့် ပင်လယ်စာနဲ့ မတဲ့ဘူး။ ခဏခဏလည်း ဖြစ်တယ်။ အခုလည်း ဖြစ်ပြန်ပြီလေ။ အခု ဖြစ်တာက ခြေဖ၀ါးမှာ။ ယောင်ပြီး၊ ဖောင်းကား တင်းပြီး နီရဲနေတယ်။ ခြေထောက် ထောက်လို့ မရဘူး။ လမ်းလည်း မလျှောက်နိုင် ဘူး။ ဒီတော့ ဟင်းလည်း မချက်နိုင်ဘူး ပေါ့။ စာရေးဆရာ ခမျာလည်း တရုတ်ဆိုင်နဲ့ နှစ်ပါးသွား နေရ ရှာတယ်။ ဘာဟင်းမှ မချက်နိုင်တော့ ဟင်းလျာပို့စ် အသစ်တွေလည်း မတင်နိုင်ဘူးပေါ့။ ဒီတော့ ကျွန်မမိတ်ဆွေ ဘလော့တွေဆီ သွားပြီး အဲဒီ မမတွေ ချက်ထားတဲ့ ဟင်းတွေပဲ သွားငမ်းနေရတာ ပေါ့။  

ဒီနေ့မနက်တော့ ခြေဖ၀ါးက ယောင်နေတာကြီးက ရွေ့ပြီး ခြေခုံပေါ် ရောက်လာတယ်။ ခြေခုံမှာဆိုတော့ လမ်းတော့ နည်းနည်း လျှောက်လို့ ရလာတယ်။ ဒီတော့ ကျွန်မလည်း မီးဖိုထဲသွားပြီး ဘာလုပ်စားရင် ကောင်း မလဲပေါ့။ မနက်စာက ကျွန်မ တစ်ယောက်တည်းဆိုတော့ ဟင်းမချက်ချင်တော့ဘူး။ ပြီးတော့ ခြေထောက် ယောင်တာက ပျောက်သေးတာ မဟုတ်တော့ ကြာကြာလည်း မရပ်နိုင်သေးဘူးလေ။ ဒါနဲ့ စာရေးဆရာက ခေါက်ဆွဲသုပ် သိပ်ကြိုက်လို့ ဆိုပြီး သုပ်စားရအောင် စာရေးဆရာအမေ ရန်ကုန်က ပို့ထားတဲ့ ကြက်ဥ ခေါက်ဆွဲခြောက်တွေ သွားတွေ့တယ်။ ခေါက်ဆွဲသုပ်တော့ မစားချင်ဘူးပေါ့။ ကြော်စားရင် ကောင်းမလားပေါ့။ ၀က်သားလေး နည်းနည်း ကျန်နေတာလည်း တွေ့တယ်။ ခေါက်ဆွဲ ကြော်ဖို့ ဂေါ်ဖီတို့၊ မုန်လာဥနီတို့က မရှိဘူး။ ကြက်သွန်ဖြူ ဆီချက်ကတော့ အဆင်သင့် ရှိနေတယ်။ စာရေးဆရာက ခေါက်ဆွဲသုပ် ကြိုက်သူမို့ ကျွန်မက ကြက်သွန်နီ ဆီချက်နဲ့ ကြက်သွန်ဖြူ ဆီချက် တွေကို များများချက်ပြီး ဗူးလေးတွေနဲ့ ထည့်ထားတတ်တယ်လေ။ ဒီတော့ ဆီချက်ခေါက်ဆွဲပဲ စားတော့မယ် ဆိုပြီး လုပ်စားဖြစ်တာလေးပါ။

ခေါက်ဆွဲကို ရေနဲ့ ပြုတ်ပြီး ဇကာနဲ့စစ်ထားတယ်။ ၀က်သားကို ရေဆေး၊ ဆားနဲ့အချိုမှုန့် ထည့် ရောနယ်ပြီး ပြုတ်တယ်။ ၀က်သားရရင် အသားတွေကို သေးသေးလေးတွေ မျှင်လိုက်တယ်။ ပြီးတော့ စားမယ့် ပန်းကန်ထဲ ခေါက်ဆွဲထည့်၊ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်အကြည်၊ ဆီချက်အရည်၊ ၀က်သား ပြုတ်ရည် နည်းနည်းစီ ထည့်ပြီ ခရင်းနဲ့ မွှေတယ်။ ပြီးမှ အပေါ်က ၀က်သားမျှင်လေးတွေထည့် ပြီး ကြက်သွန်ဖြူ ဆီချက်ဖတ်လေးတွေ ခပ်ထည့် လိုက်တယ်။ ငရုတ်ကောင်းလေး အုပ်လိုက်တယ်။ ကြက်သွန်မြိတ် တောင် မရှိလို့ မပါတော့ဘူး။ အရည်သောက် အတွက်ကတော့ ခုနက ၀က်သား ပြုတ်ထားတဲ့ ပြုတ်ရည်ကို အပေါ့အငံပြင်ပြီး ငရုတ်ကောင်း အုပ်လိုက်တာ ပါပဲ။ ရှိတာလေးနဲ့ ဖြစ်အောင် လုပ်စား လိုက်ပါတယ်။ စားလို့တော်တော် ကောင်းပါတယ် ရှင်။ ကျွန်မလည်း အ၀တီးပစ်လိုက်ပါတယ်။

စားဖို့ အဆင်သင့်ပြင်ထားတဲ့ ဆီချက်ခေါက်ဆွဲပွဲလေး။


မ၀မှာစိုးလို့ ကျွန်မလိုပဲ အ၀ စားနိုင်အောင် နောက်ထပ်...နောက်ထပ်..





ဆီချက်ခေါက်ဆွဲနဲ့တွဲသောက်ဖို့ အရည်သောက် ပန်းကန်လေး


3 comments:

rose said...

ခြေထောက်ရောင်ပြီး နေမကောင်း ဖြစ်နေတာလား။ ပါရမီဖြည့်ဖက်လေး မြန်မြန် နေကောင်းပြီး ပာင်းတွေ အများကြီး ချက်ပြီး ဘလော့ဂ်မှာ မြန်မြန် တင်နိုင်ပါစေ။ ဒါမှ ရို့စ်လည်း လာပြီး သွားရည်ကျလို့ ရမှာလေ။

Sunny said...

တစ်ယောက်တည်း အပီမဆွဲပါနဲ့.. အစ်မတို့လည်း ၀ိုင်းကူ စားပါရစေ.. :)

Baby taster said...

ဆုတောင်းပေးတယ် နေကောင်းပါစေ
ခေါက်ဆွဲတော့ မစားတော့ပါဘူးလေ
ဝက်သားနဲ့ ဆိုတော့ :(
ခြေထောက်မြန်မြန်သက်သာ ပါစေ
ဒါမှ လက်လှုပ်နိုင်ပြီး စာရေးဆရာလည်း
ပါစပ်လှုပ်နိုင်ရှာမှာ :P

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...