Wednesday, December 8, 2010

“ကန်စွန်းရွက်သုပ်ကြောင့် တွန်းထုတ်တောင် မပြန်မယ့်ထမင်းပွဲ ”

တစ်နေ့က City Hall ရောက်တော့ ဈေးဝယ်ရင်း ငါးဇင်ရိုင်း တစ်ထုပ်ပါ ၀ယ်လာဖြစ်တယ်။ ကျွန်မက ငါးဇင်ရိုင်းကို မကျည်းရည်နဲ့ အချဉ်ဆီပြန်လေးဆို သိပ်ကြိုက်တာ။ ရန်ကုန်အိမ်မှာဆို အကောင် ကြီးကြီးတွေ ချက်တာ စားရတယ်။ တစ်ခါတလေ ဥတွေတောင် ပါသေးတယ်။ ခုတော့ အကောင် သေးသေးတွေပဲ ရတယ်။ စိတ်ထဲမှာတော့ စားရတာတောင် ကံကောင်းလို့မှတ်ပြီး အဲဒီ့ အကောင် သေးသေးလေးတွေပဲ ၀ယ်လာခဲ့ ပါတယ်။ စာရေးဆရာကလည်း ကြိုက်တယ်။ ငါးမစားရတာ ကြာတော့ သူလည်း အပြောင်းအလဲ စားချင်တာပေါ့။ 

ဒီတော့ အဲဒီ ငါးဇင်ရိုင်းလေးကို ကြက်သွန်ဖြူ၊ နီ လေး ဆီသပ်ပြီး၊ မကျည်းနှစ်လေးနဲ့ အချဉ် ဆီပြန်လေး ချက်လိုက်တယ်။ ငါးကျက်ပြီး ဆီပြန်လာတော့ မဆလာလေး အုပ်လိုက်ပါတယ်။ အရည်သောက် ချက်မယ် စဉ်းစားတော့ ကင်ပွန်းချဉ်ရွက်လေး ရှိနေတယ်။ ကျွန်မအမေ ရန်ကုန်ကနေ လူကြုံနဲ့ ထည့်ပေး လိုက်တာပါ။ ကင်ပွန်းချဉ်ရွက်ကို အရွက်ချွေပြီး မွှေပေးလိုက်တာ အများကြီးပဲ။ ရေခဲသေတ္တာ ထဲမှာ ခဲထားတော့ အကြာ ကြီး အထားခံတယ်။ အဲဒီ့ ကင်ပွန်းချဉ်ရွက်လေးနဲ့ ကင်ပွန်းချဉ်ရွက် ချဉ်ရည်လေး ချက်လိုက်တယ်။ 

ကန်စွန်းရွက်လေးကို ရေဆေးပြီးစစ်ထားတယ်။ အစက ကြော်မယ် စိတ်ကူးတာ။ စာရေးဆရာ ရုံးက ပြန် ရောက်လာတော့ မသုပ်တာ ကြာပြီ၊ သုပ်တာ စားရအောင်တဲ့။ ကျွန်မလည်း ကန်စွန်းရွက်သုပ် ကြိုက်တော့ အတော်ပေါ့။ ကန်စွန်းရွက်ကို ရေနွေးဖျောပြီး မနွမ်းအောင် ချက်ချင်း ပြန်ဆယ်၊ ဇကာနဲ့ စစ်ထားလိုက်တယ်။ ကြက်သွန်ဖြူ ငါးမွှာ၊ ငရုတ်သီး အနီတောင့် (၆)တောင့် (ငရုတ်သီး အနီတောင့်က ပိုစပ်လို့ လျှော့ထည့် တာပါ)၊ ငရုတ်ကောင်း နည်းနည်း၊ အားလုံးကို လှော်ပြီး ထောင်းလိုက်တယ်။ အားလုံး ညက်ခါနီးတော့ ငါးပိထောင်းလေးပါ ထည့်ထောင်းတယ်။ ကန်စွန်းရွက်ရယ်၊ ပုဇွန်ခြောက်မှုန့် နည်းနည်းရယ်၊ ခုနက ထောင်း ထားတာတွေရယ်၊ အားလုံးရော၊ သုံပုရာသီတစ်လုံး ညှစ်ထည့်၊ ဆားနဲ့ အချိုမှုန့် နည်းနည်းစီ ထည့်ပြီး သုပ် လိုက်တော့ လျှာလည်စရာ ကန်စွန်းရွက်သုပ် စပ်စပ်လေး ရပြီပေါ့။ 

ဒီနေ့ည ညစာစားရတာ တော်တော် ခံတွင်းတွေ့တယ်ရှင့်။ စာရေးဆရာလည်း ထမင်းနှစ်ခါတောင် ထပ် ထည့်တယ်။

ငါးဇင်ရိုင်း အချဉ်ဆီပြန် မဆလာ ချက်လေး


ဒါက ကင်ပွန်းချဉ်ရွက်ချဉ်ရည်ဟင်း

ကန်စွန်းရွက်သုပ် ချဉ်စပ်လေးနော်


လည်လည်လာတဲ့ မိတ်ဆွေတွေ မ၀မှာစိုးလို့ နောက်တစ်ပွဲ  :-)


10 comments:

ငွေစန္ဒာ said...

ညီမရေ ကန်ဇွန်းရွက်သုပ်နဲ့ငါးဇင်ရိုင်း
ဟင်းလေးလာစားသွားတယ်နော်။

Sunny said...

အခုတလော ဟင်းချက်တဲ့ဘလော့တွေမှာ ကန်စွန်းရွက်တွေချည်းပဲ ဖြစ်နေပါလား.. :)
ဒါနဲ့ ကန်စွန်းရွက်သုပ်လေး စားချင်နေတာ အခုတော့ နည်းသိသွားပြီ.. ကျေးဇူးပါ ပါရမီဖြည့်ဖက်လေးရေ..
ကင်ပွန်းရွက်ချဉ်ရည်နဲ့ ငါးစင်ရိုင်းဟင်းလေးလည်း စားသွားတယ်နော်..

Baby taster said...

ဟင်းလေးတွေက စားချင်စရာ
ငဇင်ရိုင်းတော့ တခါမှ မစားဖူးဘူး
ကောင်းလားဟင်
နိုကိုဥက သဘောင်္သီးလိုပဲ အရသာက
ဒါပေမဲ့ သဘောင်္သီးထက် ကျွတ်တယ်
အရမ်းကောင်းတာပဲ မမမှာ အခုပုံမရိုက်ထားမိဘူး
နောက် ၀ယ်လာရင် ဓါတ်ပုံတင်ပေးမယ်နော်

rose said...

ကန်စွန်းရွက်ကို ကြော်ပဲစားနေကျ။ တစ်ခါမှ မသုတ်ဖူးဘူး။ သုတ်စားကြည့်လိုက်ဦးမယ်။ ကျေးဇူး။

Anonymous said...

ဟုတ်တယ်မရေ...ကန်စွမ်းရွက်သုပ်တဲ့...ခုမှကြားဖူးတယ်။။။
စောစောစီးစီး လာမြည်းသွားတယ်။ :)
..ခင်မင်လျှက်..ခင်မာလာအောင်..:)

ဖက်တီးလေး said...

နိုကိုဥကို ကြည့်ချင်တာလားလို့ အောက်မှာ link ပေးလိုက်တယ်နော်..

http://www.google.com/images?q=kohlrabi&oe=utf-8&rls=org.mozilla:en-US:official&client=firefox-a&um=1&ie=UTF-8&source=univ&ei=liIATcjPE8OsrAfkiZmRDw&sa=X&oi=image_result_group&ct=title&resnum=3&ved=0CD0QsAQwAg&biw=1269&bih=822

မြူးမြူး said...

ငါးဇင်ရိုင်းအချဉ်ဆီပြန်လေး စားချင်လိုက်တာဟယ်.. မစားရတာတော်တော်ကြာပြီ.. ဥပါတဲ့ ငါးဇင်ရိုင်းဆို အသဲစွဲပဲ.. စာရေးဆရာတို့ ကံကောင်းချက်.. ဟင်းချက်ကောင်းတဲ့ အိမ်ရှင်မလေး ရထားတယ်.. :)

noblemoe said...

ထူးဆန်းလိုက်တာ အကြိုက်တွေကြီးတိုးနေလို့  မိုးက ငါးဇင်ရိုင်းသေးသေးလေးပဲကြိုက်တား)

သာယာချမ်းမြေ့ပါစေရှင်း
မိုး

ချော(အစိမ်းရောင်လွင်ပြင်) said...

စားချင်စရာတွေချည်းပါလားနော်
ကျွန်မတော့ ကန်ဇွန်းရွက်ကို အစိမ်းသုပ်စားတာ ပိုကြိုက်တယ်
ကျွတ်ဆတ်ဆတ်လေးနဲ့
ငါးဇင်ရိုင်းချက်လည်း ထမင်းဖြူနဲ့ သိပ်လိုက်တာဘဲ
ဗိုက်ဆာလာပြီ

သက်ဝေ said...

ကန်ဇွန်းရွက်သုပ် လာစားတယ်...း))

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...