Monday, December 6, 2010

“မိုးအေးအေးမှာ တစ်မျိုးလေးကောင်းတဲ့ သင်္ဘောသီးသုပ်”

ကျွန်မက ချဉ်၊ ငံ၊ စပ် အလွန်ကြိုက်တဲ့သူပါ။ စာရေးဆရာကတော့ သိပ်မစားပါဘူး။ ဒါပေမဲ့ သူလည်း ဆီပြန် ဟင်းတွေ စားရတာ ငြီးငွေ့လာတယ်ထင်ရဲ့။ မနေ့က ကျွန်မကို နောက်နေ့ကျ ချဉ်၊ ငံ၊ စပ်လေး တစ်ခုခု လုပ်ပါလား၊ ထမင်းစားလို့ မကောင်းဘူးလို့ ပြောပါတယ်။ဒါနဲ့ ကျွန်မလည်း  မနက်ဖြန် ရခိုင်သင်္ဘောသီးသုပ် စားမလား ဆိုတော့ သူက ကောင်းတာပေါ့တဲ့။ ကျွန်မလည်း အကြိုက်တွေ့သွား တာပေါ့။ ကျွန်မက ရခိုင် သင်္ဘောသီးသုပ် အလွန်ကြိုက်ပါတယ်။ ရန်ကုန်မှာတုန်းကဆို မင်းလမ်း ရခိုင်မုန့်တီဆိုင် ရောက်ရင် ရခိုင်မုန့်တီနဲ့ သင်္ဘောသီးသုပ်ကို မလွတ်တမ်းစားပါတယ်။ ကျွန်မတို့ ရန်ကုန်အိမ်နားက မင်းလမ်းဆိုင်ရဲ့ အမျိုးတွေဆိုင်မှာ ဆိုလည်း ညနေတိုင်းလိုလို စားဖြစ်တယ်။ မမုန်းတမ်း ကြိုက်တာပါ။

ဒါနဲ့ ဒီနေ့ ကိစ္စလေးရှိလို့ အပြင်ထွက်ရင်း Peninsula ၀င်ပြီး ဈေးဝယ် ဖြစ်ပါတယ်။ သင်္ဘောသီးလေး လည်း ဆွဲလာလိုက်တာပေါ့။ အိမ်ရောက်တော့ သင်္ဘောသီးကို ခြစ်ပြီး ရေခဲသေတ္တာထဲ ထည့်ထား လိုက်တယ်။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်ကောင်းကို လှော်ပြီး ထောင်းထားလိုက် ပါတယ်။ ငါးပိစိမ်းစားကိုလည်း မီးကင်ထားလိုက်တယ်။ မကျည်းသီးစိမ်း ကတော့ ၀ယ်ဖို့ မေ့လာခဲ့တယ်ရှင်။ ဒီတော့ မကျည်းမှည့်ရည်နဲ့ပဲ သုပ်ရပါတော့မယ်။ အိမ့်စည်းစိမ် ရခိုင်မုန့်တီ ဟင်းရည် ထုပ်လေး ရှိနေတာနဲ့ ရေနွေးလေးတည်ပြီး အလွယ်ပဲ ချက်လိုက်ပါတယ်။ ပိုမွှေးအောင် ဟင်းရည်အိုး ဆူတော့ ငရုတ်ကောင်း နည်းနည်းနဲ့ ကြက်သွန်ဖြူ ထောင်း ထားတာလေးကို အုပ်လိုက် ပါသေး တယ်။ ကြက်ဥ ဟင်းလေးလည်း ချက်ထားလိုက်တယ်။

စာရေးဆရာ ပြန်လာတော့  သင်္ဘောသီး ခြစ်ထားတာရယ်၊ ကြက်သွန်ဖြူ ၊ ငရှုတ်ကောင်း၊ ငရုတ်သီးစိမ်း ထောင်းထားတာတွေ အားလုံးရယ်၊ ပုဇွန်ခြောက်မှုန့်ရယ်၊ မကျည်းရည်ရယ်၊ ငါးပိစမ်းစား မီးကင် ထားတာရယ်၊ အချိုမှုန့်နဲ့ ဆားလေး နည်းနည်းရယ် အားလုံးရောနယ်ပြီးတော့ ရခိုင်သင်္ဘောသီးသုပ် စပ်စပ်လေး ရပြီပေါ့။ ဒီညနေ မိုးကလေးကရွာထားတော့ ချဉ်ချဉ်စပ်စပ် သင်္ဘောသီးသုပ်လေးရယ်၊ မုန့်တီဟင်းခါးလေး ရယ် နဲ့ ကွတ်တိပေါ့ရှင်။

ဒီတော့ ထမင်းပွဲပြင်ပြီး စစားကြတော့ စာရေးဆရာက သင်္ဘောသီးသုပ်ကို မြည်းပြီး မစပ်ပါဘူးတဲ့လေ။ ကျွန်မကလည်း ငရုတ်သီးစိမ်းအနီက ပိုစပ်လို့ လျော့ထည့်ထားတာ၊ ထပ်ထည့်မလား ဆိုတော့၊ ထည့်မယ်တဲ့။ ဒီတော့ ကျွန်မလည်း ကမန်းကတန်း ငရုတ်သီးစိမ်း တွေကို ထပ်လှော်ထောင်းပြီး ထည့်လိုက်ပါတယ်။ ဒီတစ်ခါတော့ တကယ်စပ်သွားပါပြီရှင်။ စာရေးဆရာရော ကျွန်မပါ စပ်လွန်းလို့ မျက်ရည်တောင် စို့ပါတယ်။ ချွေးတွေလည်း တရွှဲရွှဲနဲ့ ရေကို တဂွတ်ဂွတ်နဲ့သောက်လိုက်ကြတာ။ ကျွန်မမှာလည်း အစပ်သက်သာအောင် ကြက်ဥအနှစ် တွေချည်း မျိုချရပါတယ်။ ထမင်း စားပြီးတော့လည်း အအေးတွေထည့်၊ ထပ်သောက်နဲ့ နှစ်ယောက်စလုံး တော်တော်လေး အီစလံ ဝေသွားပါတယ်ရှင်။ ကဲ- စပ်ချင်ဦးလေ။

အီစလံဝေအောင်စပ်တဲ့ ရခိုင်သင်္ဘောသီးသုပ်


ရခိုင်မုန့်တီ ဟင်းခါးလေး


ဒါလေးကတော့ ကြက်ဥဟင်းလေးပါ


7 comments:

rose said...

ရခိုင်သင်္ဘောသီးသုပ်လေးနဲ့ မုန့်တီပာင်းရည်လေး စားသွားပါတယ်။ အစ်မလည်း အစပ် သိပ် မစားနိုင်ဘူး။ အစပ်စားပြီး ကျွတ်ထိုးတာ တရစပ်။ မစားရဲဘူးး)

Sunny said...

ရခိုင်သင်္ဘောသီးသုပ်လေး စားသွားပါတယ်.. တကယ်က အစပ်မစားနိုင်ဘူး.. ဒါပေမယ့် သင်္ဘောသီးသုပ်ဆို မနေနိုင်ဘူး.. စားချင်တယ်..

မြူးမြူး said...

အိမ်မှာလဲ သင်္ဘောသီးဝယ်ထားတာရှိတယ်.. မသုပ်စားဖြစ်သေးဘူး.. အိမ့်စည်းစိမ်လဲ ကျန်သေးတယ်.. ညနေမိုးရွာရင်တော့ ကွက်တိပဲ.

ငွေစန္ဒာ said...

သင်္ဘောသီးသုပ် ကိုအရမ်း ကြိုက်ပါတယ်။
ညီမသုပ်ထားတာစားချင်စရာလေး။
ငြုပ်သီးတော့ကြောက်တယ်ကွယ်။

noblemoe said...

စားချင်စရာကြီး တင်ထားတဲ့ပုံတွေအားလုံးအကြိုက်တွေမို့ လို့ လားမသိ သရေတောင်ကျလာပြီးး)
သာယာချမ်းမြေ့ပါစေရှင်း
မိုး

Baby taster said...

အစားကောင်းတွေ အရမ်းအရမ်း မတင်နဲ့လေ
း( အစပ်စားလို့မရဘူး အရမ်းကြိုက်တယ်
ဒီလို အစားအသောက်တွေ ;(

Mya Mya said...

စားခြင်လိုက်တာ

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...