Showing posts with label ရသာချိုဟင်းလျာ. Show all posts
Showing posts with label ရသာချိုဟင်းလျာ. Show all posts

Tuesday, July 22, 2014

'' အလွယ်ချက် အုန်းထောပတ်ထမင်း "

5 comments


ရယ်ဒီမိတ်တွေပေါလောနေတော့ ကျွန်မလည်း အုန်းထမင်းကို ရန်ကုန်က၀ယ်လာတဲ့ ရယ်ဒီမိတ်နဲ့ပဲ ချက်လိုက်တယ်။  " ရွှေသန့်သန့် အုန်းထောပတ်ထမင်း " ဆိုတဲ့အထုပ်ကို Ocean Supercentre  ကနေ ၀ယ်လာခဲ့တယ်။ ရန်ကုန်အိမ်မှာချက်စားကတည်းက အရသာကောင်းလို့ သဘောကျနေတာ။ အုန်းနို့ ၊ သကြား အချိန်အစ မတည့်မှာလည်း မပူရဘူး။ တစ်ထုပ်ကို ဆန် နို့ဆီဗူးနှစ်ဗူး (ပေါင်းအိုး ဆန်ချိန်ခွက် ၃ ခွက်)နဲ့ရောချက်ရုံပဲ။ အုန်းနို့နဲ့ထောပတ်နံ့လေးမွှေးပြီး စားလို့ကောင်းတယ်။ တအားလည်း မအီဘူး။ ကြော်ငြာဝင်သလိုဖြစ်သွားလား။ ကျွန်မထုတ်ရောင်းတဲ့ အထုပ်မဟုတ်ပါဘူးနော်။ :) တကယ်စားကောင်းလို့ စာဖတ်သူ အစားအသောက်ကောင်းနှစ်သက်သူများ သိအောင် မျှဝေပေးတာပါနော်။



ဒီအထုပ်လေးနဲ့ချက်တာ :)



အုန်းထမင်းနဲ့လိုက်ဖက်ညီတဲ့ ကြက်သားဟင်းလေးချက်တယ်။ ကြက်သွန်အဖြူနဲ့ ချင်းထောင်းတယ်။ ကြက်သားကို အနေတော်တုံး ရေဆေးပြီး ဆား၊ ဆနွင်း၊ ဟင်းခတ်မှုန့်၊ ငံပြာရည် နဲ့ ကြက်သွန်ဖြူ၊ချင်း ထောင်းထားတာတွေ ရောနယ်နှပ်ထားတယ်။ ကြက်သွန်နီပါးပါးလှီးပြီး ထောင်းတားတယ်။ နာရီဝက်လောက်နေမှ  နှပ်ထားတဲ့ ကြက်သားနဲ့ ကြက်သွန်နီ ထောင်းထားတာရော၊ ဆီနဲ့ ငရုတ်သီးအရောင်တင်မှုန့် ထည့်ပြီး နာနာနယ်ပေးပါတယ်။ နယ်ထားတဲ့ ကြက်သားတွေကို မီးဖိုးပေါ်တင်ပြီး အဖုံးအုပ်ပြီး တည်ပါတယ်။ ကြက်သားက ထွက်တဲ့ရေခန်းလို့ ဆီပြန်ပြီဆို ခဏမွှေပြီး ကြက်သားတွေကိုဆီမှာ လှိမ့်ပေးပါတယ်။ ပြီးမှ ရေနွေးထည့်ပြီး ကြက်သားနူးတဲ့အထိတည်ပါတယ်။ ဆီကျန်ရေကျန် ကြက်သားအနူးလေးဆို ရပါပြီ။



အရည်သောက်အနေနဲ့  ချဉ်ပေါင်ဟင်းချိုလေးပေါ့။ ကြက်သွန်နီပါးပါးလှီး၊ ပုဇွန်ခြောက်မှုန့်၊ ငါးပိစိမ်းစား  အနည်းငယ်တို့ကို အိုးတစ်လုံးမှာ ရေထည့်ပြီးတည်ပါတယ်။ ပွက်ပွက်ဆူလာရင် ချည်ပေါင်ရွက်ထည့်တည်ပါတယ်။ ငံပြာရည် ဟင်းခတ်မှုန့်ထည့်ပြီး ဟင်းရည်အရသာ ကျသည်အထိ တည်ပါတယ်။ အရသာအနေတော်ဆိုမှ ဆီတစ်စက် နှစ်စက်ထည့်၊ ရုံးပတီသီး ရေဆေးပြီး ခပ်ထူထူလှီးထားတာလေး ထည့်ပြီး မီးပိတ်လိုက်ပါတယ်။



အအီပြေအောင် သခွားချဉ်လေးလုပ်လိုက်တယ်။ သခွားသီးကို အခွံနွှာပြီး ပါးပါးလှီးတယ်၊ ကြက်သွန်နီပါးပါးလှီးပြီး ရေဆေးထားတယ်။ ငရုတ်သီးစိမ်းပါးပါးလှီးတယ်။ နံနံပင် လှီးဖြတ်ထားတယ်။ အားလုံးရောပြီး သံပုရာရေညှစ် ငံပြာရည်လေးအနည်းငယ်စမ်းပြီး ရောနယ်ပါတယ်။


ကဲ၊ အခုဆိုရင်တော့ အုန်းထမင်းမွှေးမွှေးလေးနဲ့ ကြက်သားဟင်းရယ်၊ အအီပြေ ချဉ်ပေါင်ဟင်းချိုနဲ့ သခွားချဉ်ရယ် အားလုံးအဆင်သင့်ဖြစ်သွားပါပြီ။         ။


ပါရမီဖြည့်ဖက်လေး
၂၂း၃၆ နာရီ
၂၁.၀၇.၂၀၁၄

Thursday, July 17, 2014

"လွယ်လွယ်နဲ့မြန်မြန် ငါးပဲငံပြာရည်အချိုပေါင်း နဲ့ ခရမ်းချဉ်သီးငါးပိချက်"

3 comments
လွယ်လွယ်နဲ့ မြန်မြန်စားလို့ရတဲ့ ငါးပဲငံပြာရည်အချိုပေါင်းလေးပါ။ ကကတစ်ကိုပေါင်းရင်တော့ ပိုကောင်းတာပေါ့။ ကျွန်မကတော့ Seabass နဲ့ပေါင်းထားပါတယ်။ 

ငါးကို အရွယ်တော်တုံး၊ ရေနဲ့စင်ကြယ်အောင်ဆေးပြီး ဆား၊ ပဲငံပြာရည် အကြည်ရည်၊ အနောက်ရည်၊ (အချိုမှုန့်သုံးလျှင်ထည့်ပါ) တို့နဲ့ နယ်နှပ်ထားပါတယ်။ 
ချင်းနဲ့ ကြက်သွန်ဖြူကို ခပ်ပါးပါးအချောင်းလိုက်လေးတွေလှီးဖြတ်ပါတယ်။ ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး အကွင်းလိုက်လှီးပါတယ်။
ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်၊ လှီးထားတဲ့ အစာတွေဖြန့်ခင်း ထည့်ပါတယ်။ ကြက်သွန်တွေ အပေါ်ကနေ ငါးကို အစီအရီထည့်ပြီး ရေအနည်းငယ်ထည့်ပါတယ်။ အိုးကို အဖုံးဖုံးပြီး မီးငွေ့ငွေ့နဲ့ဆီပြန်အောင် တည်ပေးပါတယ်။ ဆီပြန်ရင် ငါးပဲငံပြာရည်အချိုပေါင်းလေးရပါပြီ။






ငါးဟင်းကအချိုပေါင်းလေးဆိုတော့ ခရမ်းချဉ်သီးငါးပိချက်လေးနဲ့ တွဲဖက်လိုက်ပါတယ်။ ခရမ်းချဉ်သီးငါးပိချက် ကိုတော့ ဒီမှာ ရေးဖူးပါတယ်။





ပါရမီဖြည့်ဖက်လေး
၂၂း၁၃ နာရီ
၁၇.၇.၂၀၁၄

Wednesday, June 12, 2013

" ပုဇွန်မရိုနိစ် "

1 comments
ဟင်းတွေကထပ်နေပြီ။ ဘာဟင်းချက်စားရမှန်းမသိတာနဲ့ ပုဇွန်ကို မရိုနိစ် နဲ့ ချက်စားဖြစ်တယ်။ ပုဇွန်ကို အခွံခွာ၊ ကျောခွဲ၊ ရေဆေးပြီး ဆား၊ ငရုတ်ကောင်းမှုန့်နဲ့ နယ်ထားပါတယ်။ နာရီဝက်ခန့်နှပ်ထားပြီးရင် ပုဇွန်တွေကို တန်ပူရာမှုန့်၊ ကြက်ဥအကာတို့နဲ့ ရောနယ်ပြီး ဆီပူပူများထည့်ကြော်ပါတယ်။ ကြော်ပြီးသား ပုဇွန်တွေကို ဆီစစ်ပါတယ်။ ပန်းကန်တစ်လုံးမှာ မရိုနိစ်အနည်းငယ်နဲ့ သံပုရာရည် အနည်းငယ်ကို ရောမွှေပါတယ်။ ပုဇွန်ကြော်တွေ ဆီခြောက်ပြီဆို မရိုနိစ်ဖျော်ထားတဲ့ပန်းကန်ထဲကို ပုဇွန်ရောထည့်ပြီး သမအောင်မွှေပါတယ်။ ခရမ်းချဉ်သီး အကွင်းလေးတွေလှီးပြီး တွဲဖက်လိုက်ရင်တော့ ပုဇွန်မရိုနိစ်လေးရပါပြီ။ ဆလတ်ရွက်လေး ပါရင်တော့ ပိုကောင်းမှာပါ။




Wednesday, June 5, 2013

" ပဲသွေးပင်စိမ်းချက် "

0 comments
အိမ်မှာပဲသွေးဝယ်ပြီးသားအဆင်သင့်ရှိနေတာနဲ့ အလွယ်တကူပင်စိမ်းလေးနဲ့ ချက်စားဖြစ်တယ်။ အရင်ဆုံး ပဲသွေးကို ရေဆေးပြီး အတုံးလေးတွေတုံးပါတယ်။ ပြီးတော့ ဆားလေးနဲ့နယ်နှပ်ထားတယ်။ ကြက်သွန်ဖြူနုတ်နုတ်စင်းတယ်။ ကြက်သွန်နီကို ပါးပါးလှီးပါတယ်။ ပင်စိမ်းကို အရွက်ခြွေပြီး ရေဆေးထားပါတယ်။ ငရုတ်သီးစိမ်း အစပ်စားနိုင်သလောက်ကို ရေဆေးပြီး ပါးပါးတစောင်းလေး လှီးထားပါတယ်။ အားလုံးအဆင်သင့်ဖြစ်ရင် မီးဖိုပေါ်ဆီအိုးတင်ပြီး ကြက်သွန်ဖြူနီထည့် ဆီသတ်ပါတယ်။ ကြက်သွန်လေးတွေရွှေရောင်သန်းပြီးကျွတ်သွားမှ ငရုတ်သီးအစိမ်းမှုန့်လေး ထည့်ပါတယ်။ တစ်ဆက်တည်း ပဲသွေးတွေထည့်မွှေပါတယ်။ အပေါ့အငံအဖြစ် ကြက်သားမှုန့်ထည့်ပါတယ်။ ပဲသွေးကထွက်တဲ့ ရေခန်းပြီး ဆီပြန်လာပြီ၊ ပဲသွေးလည်း ကျက်ပြီဆိုမှ ငရုတ်သီးစိမ်းထည့်ပါတယ်။ ခဏမွှေပြီးရင် ပင်စိမ်းတွေထည့်မွှေပြီး မီးပိတ်ပါတယ်။ ဒါဆို ပဲသွေးပင်စိမ်းချက်လေး ရပါပြီနော်။


Saturday, May 25, 2013

" ၀က်နံရိုးကုလားပဲဟင်း "

1 comments
ဒီတစ်ခါတော့ ၀က်နံရိုးကို ကုလားပဲလေးနဲ့ ချက်စားဖြစ်တယ်။ ၀က်နံရိုးတွေကို ရေဆေးပြီး ပဲငံပြာရည် အကြည်၊ အနောက်နှစ်မျိုးလုံးနဲ့ ရောနယ်ထားတယ်။ ကုလားပဲကို ရေဆေးပြီး အိုးတစ်လုံးထဲထည့်၊ ရေထည့်ပြီး ပဲတွေနူးခါနီးအထိ ကြာကြာလေးပြုတ်ပေးပါတယ်။ ကြက်သွန်ဖြူနီဂျင်း ရောထောင်းပါတယ်။ အားလုံး အဆင်သင့်ဖြစ်ရင် အိုးတစ်လုံးမှာ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ထောင်းထားတာနဲ့ ငရုတ်သီးအရောင်တင်မှုန့်ရောပြီး ဆီသတ်ပါတယ်။ ကြက်သွန်လေးတွေ မွှေးလာရင် ၀က်နံရိုးထည့်လုံးပါတယ်။ အပေါ့အငံပြင်ပါတယ်။ ၀က်သားချက်ရင် ကျွန်မကတော့ ပဲငံပြာရည်ပဲသုံးပါတယ်။ ငါးငံပြာရည် မသုံးပါဘူး။ နံရိုးကထွက်တဲ့ရေခန်းလို့ ဆီပြန်ရင် ကုလားပဲအိုးထဲကို ဆီသတ်ထားတာတွေ ရောထည့်ပြီး တည်ပေးပါတယ်။ ရေလိုရင် ရေနွေး ထပ်ဖြည့်ထည့်ပါတယ်။ ၀က်နံရိုးလည်းနူး ပဲလည်းနူးပြီဆို ၀က်နံရိုးကုလားပဲဟင်းလေးရပါပြီ။



Thursday, May 9, 2013

" ကြက်သားပင်စိမ်း "

1 comments
ကြက်သားကို ဆီပြန်ဟင်းတွေချည်းစားနေရတာ ရိုးအီနေပြီမို့ ဒီတစ်ခါတော့ ကြက်သားပင်စိမ်းလေး ချက်စားဖြစ်တယ်။ ကြက်သား အသားချည်းသက်သက်ကို ရေစင်အောင်ဆေး၊ ခပ်ပါးပါး သေးသေးလေးတွေဖြစ်အောင် လှီးပြီး ဆားနယ်ထားပါတယ်။ ကြက်သွန်ဖြူနဲ့ချင်းကို ညက်နေအောင်ထောင်းပြီး ကြက်သွန်နီကို ဒါးနဲ့နုတ်နုတ်စင်းပါတယ်။ ခရမ်းချဉ်သီးကို အစေ့ထုတ်၊ ရေဆေးပြီး ခပ်သေးသေးလေးထောင့်တုံးလေးတွေ ဖြစ်အောင် လှီးပါတယ်။ ငရုတ်သီး အစပ်စားနိုင်သလောက်ကို ပါးပါးလှီးထားပါတယ်။ ပင်စိမ်းကို အရွက်ချွေ၊ ရေဆေးထားပါတယ်။ သံပုရာသီးအရည်ညှစ်ထားပါတယ်။

မီးဖိုပေါ်ဒယ်အိုးတင်၊ ဆီအနည်းငယ်ထည့်ပြီး ဆီကျက်လာရင် ကြက်သွန်ဖြူနီချင်း ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်တွေအနီရောင်သန်းပြီး ကျွတ်လာရင် ငရုတ်သီးအစိမ်းမှုန့် အနည်းငယ်ထည့်ပြီး ကြက်သားကိုထည့်ကြော်ပါတယ်။ ငံပြာရည်နဲ့ ကြက်သားမှုန့်ထည့်ပြီး ကြက်သားမှ ထွက်တဲ့ ရေကုန်တဲ့အထိ ကြော်ပေးပါတယ်။ ကြက်သားဆီပြန်လာရင် ခရမ်းချဉ်သီးထည့် ကြော်ပါတယ်။ ခဏမွှေပေးပြီး ငရုတ်သီးစိမ်းထည့်ပါတယ်။ သံပုရာရည်ထည့်ပြီး အပေါ့အငံအနေတော်ဆို ပင်စိမ်းတွေထည့်မွှေပြီး မီးပိတ်ပါတယ်။ ဒါဆို ပင်စိမ်းနံ့သင်းသင်းလေးနဲ့ ကြက်သားပင်စိမ်းလေးရပါပြီ။ ချဉ်စပ်လေးမို့ ထမင်းဖြူပူပူလေးနဲ့ဆို အင်မတန်လိုက်ဖက်ပါတယ်။





Sunday, April 7, 2013

"၀က်နံရိုးပေါင်း"

1 comments
ဒီတစ်ခါတော့ ၀က်နံရိုးပေါင်းလေးလုပ်စားချင်တာနဲ့ နံရိုးအသားများတာလေး ရွေးဝယ်ခဲ့တယ်။ ၀က်နံရိုးကို အမြောင်းလိုက်တုံးပြီး ရေစင်အောင်ဆေးပါတယ်။ ပြီးတော့ ဆား၊ ပဲငံပြာရည် အကြည်အနောက်နှစ်မျိုး၊ သကြားအနည်းငယ်တို့နဲ့ သမအောင်ရောနယ်ပြီး နာရီဝက်ခန့် နှပ်ထားပါတယ်။

နံရိုးနှပ်ထားတုန်းမှာ ကြက်သွန်ဖြူ၊နီ၊ဂျင်း ထောင်းပါတယ်။ ငရုတ်သီး မထည့်ပါဘူး။ အဖြူထည်ပေါင်းမှာပါ။ ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဆီသပ်ပါတယ်။ ကြက်သွန်လေးတွေလိပ်ပြီး ရွှေရောင်သန်းလာရင် နှပ်ထားတဲ့ ၀က်နံရိုးရောထည့်ပြီးလုံးပါတယ်။ အငံအတွက် ပဲငံပြာရည်အကျဲရေသုံးပါတယ်။ ၀က်နံရိုးကထွက်တဲ့ ရေခန်းပြီး မွှေးလာရင် မီးဖိုပေါ်ကချပါတယ်။

ဆီသတ်နဲ့လုံးထားတဲ့ နံရိုးတွေကို Pressure Cooker ထဲကို စီထည့်ပါတယ်။ နံရိုးမြုပ်သည်အထိ ရေနွေးထည့်ပါတယ်။ အရည်အတွက် အပေါ့အငံထည့်ပြီး ပေါင်းပါတယ်။ Pressure Cooker မှာ Meat ရွေးပြီး ပေါင်းလိုက်တာ ၁၅မိနစ်ဆိုရင် နူးညံ့ပြီးအရသာရှိတဲ့ နံရိုးပေါင်းလေးရပါပြီ။ ရိုးရိုးအိုးနဲ့ ပေါင်းချင်သူများလည်း ပေါင်းနိုင်ပါတယ်။ ချက်ပြုတ်ချိန်ပဲကွာသွားမှာပါ။







ပါရမီဖြည့်ဖက်လေး
၆.၄.၂၀၁၃
၁၁း၂၂ နာရီ

Monday, March 4, 2013

"ငါးပြေမ အချဉ်ဆီပြန်"

1 comments

ဒီတစ်ခါတော့ ဈေးထဲမှာ ငါးပြေမကြီးတွေတွေ့တာနဲ့ ၀ယ်ခဲ့တယ်။ ငါးပြေမကို အချဉ်ဆီပြန်လေး ချက်စားရတာကို သိပ်ကြိုက်တယ်။

ငါးပြေမကို ဗိုက်ခွဲ၊ အကြေးထိုး၊ ဘေးဆူးတောင်တွေလှီးထုတ်ပြီး ရေဆေး၊ ဆားဆနွင်းအချိုမှုန့် နယ်ထားပါတယ်။ ကြက်သွန်ဖြူနီ ငရုတ်သီးတစ်စုံ ထောင်းပါတယ်။ မန်ကျည်းသီးကို ရေဆေးပြီး ရေနွေးလေး နဲ့ စိမ်ထားပါတယ်။

ဒယ်အိုးထဲမှာ ဆီပူရင် ကြက်သွန်ထောင်းထားတာ ထည့်ြ့ပီးဆီသတ်ပါတယ်။ ကြက်သွန်ကျွတ်လာရင် ငါးထည့်၊ ငံပြာရည်နဲ့ အသားမှုန့်ထည့်လုံးပါတယ်။ ခဏလောက် ငရုတ်သီး ဆီသတ်နဲ့ငါးကို ရောလုံးပြီးမှာ ရေနွေး ထည့်ပြီး တည်ပါတယ်။ ငါးနူးရင် မကျည်းရည်ထည့် တည်ပါတယ်။ ရေခန်းလို့ ဆီပြန်ရင် ငါးပြေမ အချဉ်ဆီပြန်လေး သုံးဆောင်လို့ရပါပြီနော်။



Thursday, February 28, 2013

"ချဉ်ပေါင်ဇရစ်ရိုးကြော်"

2 comments
ဈေးထဲမှာ ဇရစ်ရိုးတွေ တွေ့တာနဲ့ ချဉ်ပေါင်နဲ့ ရောကြော်ဖို့ ၀ယ်ခဲ့တယ်။ ဇရစ်ရိုးကို တစ်လက်မ အရွယ်လောက် လက်ကလေးနဲ့ စိတ်ချွေပြီး ဆားရည်နဲ့ ခဏစိမ်ပါတယ်။ ပြီးတော့ ရေဆေးပြီး ဆန်ကာနဲ့စစ်ထားပါတယ်။ ချဉ်ပေါင်ကိုလည်း ချွေပြီး ဆားရည် ခဏစိမ်ပြီး ရေဆေးထားပါတယ်။ ငရုတ်သီး ကြက်သွန်ဖြူနီ ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ပြီး မွှေးလာရင် ပုဇွန်ခြောက်မှုန့်ထည့်၊ ငါးပိစိမ်းစား ရေဖျော်ထည့်ပါတယ်။ ငရုတ်သီး လုံးကွဲလေးထည့်ပြီး ဇရစ်ရိုးထည့်ကြော်ပါတယ်။ ငံပြာရည်၊ အချိုမှုန့်ထည့်ပြီး ကြော်ပါတယ်။ ဇရစ်ထည့်ပြီး ခဏနေရင် ချဉ်ပေါင်ထည့်ကြော်ပါတယ်။ ဆီပြန်ပြီး ချဉ်ပေါင်ကို အိနေအောင် မွှေပြီးကြော်ပေးပါတယ်။ အရသာမြည်းပြီး အနေတော်ဆို ချဉ်ပေါင်နဲ့ ဇရစ်ရိုးကြော်လေးရပါပြီနော်။

ပါရမီဖြည့်ဖက်လေး
၂၅.၂.၂၀၁၃

Tuesday, February 26, 2013

"ငါးရံ့အူ အချဉ်ဆီပြန်"

2 comments
ကျွန်မ ဘလော့လေးလည်း ပို့စ်အသစ်မတင်ဖြစ်တာ တော်တော်ကြာပါပြီ။ အလုပ်များနေတာရယ်၊ ဟင်းတွေကလည်း ပို့စ်တင်ပြီးသားဟင်းတွေပဲ ချက်စားဖြစ်တာကြောင့်ပါ။

ဒီနေ့တော့ ဈေးထဲမှာ ငါးရံ့အူရတာနဲ့ ချက်စားဖြစ်တာကြောင့် ငါးရံ့အူဟင်းအကြောင်းလေး တင်ဖြစ်သွား တာပါ။

ငါးရံ့အူကို အူခွဲပြီး အစာဟောင်းတွေ ခြစ်ထုတ်ပါတယ်။ သည်းခြေကိုလည်း ထုတ်ပစ် ရပါတယ်။ တော်တော်ကြာကြာကို စိတ်ရှည်လက်ရှည် လုပ်ပေးရပါတယ်။ ပြီးမှ ရေစင်အောင်ဆေးကြောပြီး ဆား၊ ဆနွင်း၊ အချိုမှုန့် အနည်းငယ် (အသားနယ်တဲ့နေရာမှာ ကြက်သားမှုန့်သုံးရတာ မကြိုက်လို့ အချိုမှုန့် သုံးပါတယ်) နဲ့ နယ်ထားပါတယ်။

ကြက်သွန်ဖြူ၊နီ၊ ချင်း ငရုတ်တစ်စုံ ထောင်းထားပါတယ်။ မန်ကျည်းသီး အနည်းငယ် ကို ရေဆေးပြီး ရေနွေးလေးနဲ့ စိမ်ထားပါတယ်။ ဒယ်အိုးထဲကို ဆီထည့်ပြီး ဆီပူလာရင် ဆနွင်းလေး နည်းနည်း ထည့်ပါတယ်။ တစ်ဆက်တည်း ငရုတ်သီး ကြက်သွန်ဖြူနီ၊ချင်း ထောင်းထားတာ ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်လေးတွေ ရွှေရောင်သန်းပြီး ကျွတ်လာရင် မဆလာလေးထည့်ပြီး ငါးရံ့အူတွေ ထည့်ပါတယ်။ ငံပြာရည်နဲ့ ကြက်သားမှုန့် (ဒီနေရာမှာ အချိုမှုန့်အစား ကြက်သားမှုန့် သုံးပါတယ်) ထည့်လုံးပါတယ်။ ငါးအူကထွက်တဲ့ ရေကုန်လို့ ဆီပြန်ပြီး မွှေးလာမှ နူးအောင် ရေနွေးထည့် တည်ပါတယ်။  ရေခမ်းခါနီးရင် ရေနွေးစိမ်ထားတဲ့ မန်ကျည်းရည် ထည့်တည်ပါတယ်။ ရေခမ်းပြီး ဆီပြန်ရင် မဆလာအနည်းငယ် ထပ်ထည့်အုပ်ပြီး မီးဖိုမီးပိတ်ပါတယ်။ ဒါဆို မဆလာနံ့ သင်းသင်းလေးနဲ့ အချဉ်ဆီပြန် ငါးရံ့အူဟင်းလေးရပါပြီ။





 ပါရမီဖြည့်ဖက်လေး
၂၅.၂.၂၀၁၃

Tuesday, August 7, 2012

'' ဂဏန်းမဆလာဟင်း "

3 comments
မနေ့က အလုပ်နားရက်မှာ စာရေးဆရာရဲ့ မိဘများနေအိမ်ကို သွားလည်ပါတယ်။ ညနေပိုင်း အိမ်ပြန်ခါနီး  ဂဏန်းတွေသေပြီးခါစ လတ်လတ်ဆတ်ဆတ်လေးတွေ လိုက်ရောင်းနေတာနဲ့ ကြုံတော့ ကျွန်မလည်း ၀ယ်လာခဲ့တယ်။ ကျွန်မက ဂဏန်းမဆလာချက် သိပ်ကြိုက်တယ်။ အများအားဖြင့် ဂဏန်းဆို ချက်ပြီးသား ဆိုင်က ၀ယ်စားတာများတယ်။ 

အိမ်ရောက်တော့ ဂဏန်းချက်ဖို့ပြင်ပါတယ်။ ဂဏန်းတွေကို ရေဆေးပြီး ရင်ဘတ်ခြမ်းက အပြင်ခွံလေးတွေ အရင်ခွာပါတယ်။ ပြီးမှ ဂဏန်းရဲ့ အောက်ပိုင်းကနေနှစ်ခြမ်းခွဲလိုက်တယ်။ အပေါ်က အခွံမာတစ်ခြမ်း၊ အောက်က ကိုယ်ထည် တစ်ခြမ်းစီဖြစ်သွားတော့မှ အတွင်းပိုင်းက အတက်လေးတွေ ခွာထုတ်တယ်။ လက်မတွေကို သီးခြားဖြုတ်ပြီး ငရုတ်ကျည်ပွေ့နဲ့ တစ်ချက် နှစ်ချက် ထုလိုက်တယ်။ ရေဆေးသန့်စင်လိုက်တယ်။ ပြီးတော့ ဆား၊ ဆနွင်း၊ အချိုမှုန့် နယ်ထားတယ်။ အခုနက ဖြုတ်ထားတဲ့ ကျောပိုင်း(အပေါ်ပိုင်း) အခွံမာထဲက အညစ်အကြေးကိုထုတ်ပစ်ပြီး အဆီလေးတွေကို ပန်းကန်တစ်ချပ်မှာ ဖယ်ယူထားတယ်။ အခွံမာကို ပစ်လိုက်တယ်။

ကြက်သွန်ဖြူနဲ့ ဂျင်းကို ညက်ညက်ထောင်းလိုက်တယ်။ ကြက်သွန်နီကို အနှစ်ရအောင် သဘောင်္ခြစ်နဲ့  ခြစ်ထားလိုက်တယ်။ ဆီအိုးတည်ပြီး ပူလာရင် ဆနွင်းလေး နည်းနည်းထည့်ပြီး  ကြက်သွန်ဖြူနီဂျင်းကို ရောပြီး ငရုတ်သီးအစိမ်းမှုန့်နဲ့ ဆီသတ်တယ်။ ကြက်သွန်ကျက်ပြီး ဆီသတ်နံ့မွှေးရင် မဆလာများများလေးထည့်ပြီး ဆီသတ်တယ်။ တဆက်တည်း အရသာနယ်ထားတဲ့ ဂဏန်းတွေထည့်လုံး၊ အပေါ့အငံထည့်၊ ရေလိုသလောက်ထည့်ပြီး အဖုံးအုပ်တည်ပါတယ်။ ဂဏန်းကျက်ပြီး အရသာ အနေတော်ဆို မဆလာနဲ့ ငရုတ်ကောင်းမှုန့်လေးအုပ်ပြီး ဟင်းအိုးချလို့ရပါပြီ။ ပင်စိမ်းလေးအုပ်ရင် ပိုမွှေးတယ်။ ကျွန်မကတော့ အဆင်သင့်မရှိလို့ မထည့်လိုက်ရဘူး။

ဟောဒီမှာ ဂဏန်းမဆာလာဟင်း




Friday, July 20, 2012

" ၀က်သားဒညင်းသီးချက်နဲ့ ပဲသီးကြော်"

1 comments
 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရုံးပိတ်ရက်ဆိုတော့ အိမ်မှာ ၀က်သားနဲ့ ဒညင်းသီးချက်စားဖြစ်တယ်။ ဒညင်းသီးကို ရေဆေးပြီး အိုးတစ်လုံးမှာ ရေထည့်ပြုတ်၊ ဆူလာရင် အဲဒီရေကို သွန်ပြီး ရေနွေးထည့်ပြီး ထပ်ပြုတ်။ အခွံလေးတွေ ကွာထွက်လာရင် မီးပိတ်ပြီး အိုးထဲမှာ အပူနဲ့ခဏနှပ်ထားတယ်။ အေးသွားမှ ထက်ခြမ်းခြမ်းပြီး ခပ်ပြားပြားလေး ဖြစ်အောင် ထုထားလိုက်တယ်။ 

ကြက်သွန်ဖြူနီဂျင်း ဆီသတ်ပြီး အရသာနယ်ထားတဲ့ ၀က်သားထည့်လုံးတယ်။ ငံပြာရည်၊ အချိုမှုန့်ထည့်တယ်။ ၀က်သားလုံးလို့ မွှေးလာရင် ရေနွေးထည့်ပြီး ၀က်သားနူးခါနီးအထိ တည်ပေးတယ်။ ပြီးမှ ထုထားတဲ့ ဒညင်းသီးရောထည့်မွှေပြီး ၀က်သားရော ဒညင်းသီးပါ နူးအိသွားတဲ့ အထိတည်ပေးတယ်။
ဒါဆို ၀က်သားဒညင်းသီး အိအိလေးရပါပြီ။



ပဲသီးကိုတော့ ဆေးကြောပြီး အနေတော် လှီးဖြတ်ထားတယ်။ ကြက်သွန်နီ ပါးပါးလှီးဆီသတ်ပြီး ပုဇွန်ခြောက်မှုန့်ထည့် ဆီသတ်တယ်။ ပြီးတော့မှ ပဲသီးထည့်၊ ဆားအချိုမှုန့်ထည့်ပြီး ကြော်ပါတယ်။


Saturday, June 2, 2012

ကျွန်မရဲ့ထမင်းဝိုင်း

4 comments
အားလုံးပဲ မင်္ဂလာပါရှင်။

ပါရမီဖြည့်ဖက်လေး အွန်လိုင်းပေါ်မှာ ပျောက်နေတာအတော်ကြာသွားပါပြီ။ ပျောက်ဆို စင်္ကာပူကနေ ကျွန်မရဲ့ မိဘဆွေမျိုးတွေရှိရာ မွေးရပ်ဇာတိရန်ကုန်ကို ပြန်ပြောင်းနေတာကိုး။ စာရေးဆရာကတော့ စလုံး လို့ခေါ်ကြတဲ့ ကျွန်းလေးမှာ တစ်ယောက်တည်း ကျန်ခဲ့ရှာတယ်။ လူ့ဘ၀ဆိုတာ ဒီလိုပါပဲ။ တစ်ခုလိုချင်ရင် တစ်ခုတော့ စွန့်လွှတ်ကြရတာပါပဲ။ ကျွန်မတို့ နှစ်ယောက်ရဲ့ ဘ၀ရှေ့ရေးအတွက် လောလောဆယ် ခဏတော့ ခွဲနေကြရမှာပေါ့လေ။ ကျွန်မတို့ နှစ်ယောက်စလုံးကလည်း မိဝေးဖဝေးမနေချင်ကြပါဘူး။ ဘာပဲပြောပြော အစစ အရာရာ အဆင်ပြေအောင် နှစ်ယောက်တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့ကြတာပေါ့။

ဒီလိုနဲ့ ရန်ကုန်ပြန်ရောက်ရောက်ချင်း အလုပ်တွေရှုပ်နေတာနဲ့ ဘလော့လေးကို ပစ်ထားခဲ့ရတာပေါ့။ အွန်လိုင်းပေါ်က ဘလော့လေးကို လွမ်းပေမယ့် ပစ်ထားခဲ့ရပြီး မိတ်ဆွေဘလော့ကာတွေဆီလည်း မလည်ဖြစ်ဘူးပေါ့။ အခုမှပဲ ကျွန်မဘလော့လေးကို ပြန်ကြည့်နိုင်တော့တယ်။ ဒီနေ့တော့ ရန်ကုန်အိမ်မှာ စားဖြစ်တဲ့ ထမင်းဝိုင်းပုံလေးတွေပဲ တင်ပေးလိုက်တော့မယ်နော်။

ဓါတ်ပုံရိုက်ဖို့ကလည်း မေ့မေ့နေတော့ သိပ်တောင် မရိုက်ဖြစ်ပါဘူး။ ရိုက်ထားဖြစ်တဲ့ ပုံလေးတွေပဲ တင်ပေးလိုက်တော့မယ်နော်။

အိမ်မှာ ကျွန်မပြန်ရောက်ပြီး နောက်ရက် ချက်စားဖြစ်ကြတဲ့ ငါးကြင်းခေါင်းအချဉ်ဆီပြန်ဟင်း။

ငါးခေါင်းတွေကိုကြော်ပြီးမှ မကျည်းနှစ်၊ မဆာလာတို့နဲ့ အချဉ်ဆီပြန်လေး ချက်တယ်




ဒါလေးက မြင်းခွာရွက်သုပ်


ဒီထမင်းဝိုင်းကတော့ ငါးဖယ်ဆီပြန်၊ ခရမ်းချဉ်သီးသုပ်၊ ပဲကြီးဟင်းချိုနဲ့ ငါးပိတို့စရာ။


Wednesday, April 4, 2012

" ဘဲသားဆီပြန်၊ သရက်ချဉ်သုပ်နဲ့ ပဲနီလေးဟင်းချို "

1 comments
ဒီတစ်ခါတော့ ဘဲသားဆီပြန်နဲ့ သရက်ချဉ်သုပ်ပါ။ ဘဲသားကို ရေဆေး၊ အနေတော်တုံးပြီး ဆား၊ အချိုမှုန့်၊ ဗနီကာနဲ့ နယ်နှပ်ထားတယ်။ ကြက်သွန်ဖြူနီဂျင်းဆီသတ်ပါတယ်။ ဆီသတ်မွှေးရင် ဘဲသားတွေနဲ့ ငံပြာရည်ထည့်လုံးပါတယ်။ ဆီပြန်ရင် ရေဆူထည့်ပြီး ဘဲသားနူးသည်အထိတည်ပေးပါတယ်။

သရက်ချဉ်ကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ပဲမှုန့်၊ ငံပြာရည်၊ အချိုမှုန့်၊ ဆီချက်နဲ့ နှမ်းထည့်ပြီး သုပ်ပါတယ်။

ပဲနီလေးကို ရေဆေးပြီး ရေစိမ်ထားတယ်။ ကြက်သွန်နီပါးပါလှီးနဲ့ ဆနွင်းနည်းနည်းထည့်ပြီး ဆီသတ်တယ်။ ကြက်သွန်ကျက်ရင် ရေစိမ်ထားတဲ့ ပဲနီလေးတွေကို ရေစစ်ပြီး ဆီသတ်တဲ့ အထဲရောသတ်တယ်။ ငံပြာရည်၊ အချိုမှုန့်ထည့်တယ်။ ဆီပြန်ရင် ရေဆူထည့်တည်တယ်။ ပဲနူးသည်အထိတည်ပြီး အပေါ့အငံပြင်ပါတယ်။


Friday, March 16, 2012

" ၀က်သားမျှစ်ချဉ်၊ ခရမ်းချဉ်သီးငါးပိချက်နဲ့ ငါးကြော် "

3 comments
ဟိုတလောက ၀က်သားနဲ့ မျှစ်ချဉ်ချက်စားကြတယ်။ မျှစ်ချဉ်ကို ငါးပိစိမ်းစား အနည်းငယ်နဲ့ နယ်ပြီး ရေထည့်ပြုတ်တယ်။ ၀က်သားကို ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်အကြည်ရည်နဲ့ နယ်ထားတယ်။ ကြက်သွန်ဖြူနီဂျင်း ထောင်းထားတာကို အရောင်တင်မှုန့်ထည့် ဆီသတ်တယ်။ ဆီသတ်မွှေးလာရင် ၀က်သားထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်လုံးတယ်။ ၀က်သားကထွက်တဲ့ ရေခန်းလို့ မွှေးလာရင် ပြုတ်ထားတဲ့ အိုးထဲကမျှစ်ဖတ်တွေဆယ်ထည့်ပြီး လုံးတယ်။ ဆီပြန်ရင် မျှစ်ပြုတ်အိုးထဲ အားလုံးပြောင်းထည့် ရေလိုသလို ထည့်ပြီး ၀က်သားရော၊ မျှစ်ပါနူးသည် အထိ တည်တယ်။ အပေါ့အငံပြင်တယ်။ ခရမ်းချဉ်သီး ငါးပိချက်လည်း ချက်ဖြစ်တယ်။ ခရမ်းချဉ်သီးငါးပိချက် ကတော့ အရင်ကလည်း ပို့စ်တင်ဖူးပါတယ်။

နောက်တစ်မျိုးကတော့ ငါးကြော်ပါ။ ဈေးထဲမှာ ပင်လယ်ငါးသေးသေးလေးတွေ တွေ့တာနဲ့ ၀ယ်လာခဲ့တယ်။ ငါးလေးတွေကို ဗိုက်ဖောက်၊ ဆေးကြောပြီး ဆား၊ဆနွင်း၊ အချိုမှုန့်နဲ့ နယ်တယ်။ ပြီးတော့ ဆီပူမှာ ကျွတ်နေအောင်ကြော်ပြီး ဆယ်ထားတယ်။ ဆီးနည်းနည်းမှာ ကြက်သွန်ဖြူပါးပါးလှီး၊ ကြက်သွန်နီပါးပါးလှီးထားတာ ထည့်ကြော်တယ်။ ကြက်သွန်ကျွတ်လာရင် ငရုတ်သီးအရောင်တင်မှုန့်နဲ့ ငရုတ်သီးလုံးကွဲထည့်၊ ငါးကြော်တွေထည့်ရောပြီး မီးပိတ်လိုက်တယ်။ အဲဒါဆို ငါးကြော်လေးတွေ ရပါပြီ။


Tuesday, March 6, 2012

" မျှစ်တာလပေါဟင်းနဲ့ ငါလေးချဉ်သုပ် "

4 comments
မျှစ်တာလပေါဟင်း စားချင်နေတာ တော်တော်ကြာပြီ။ ၀ါးပိုးမျှစ်ရောင်းတာ မတွေ့တာနဲ့ ငြိမ်နေတာ။ တလောက City Hall ကနေ မျှစ်ချဉ်ဝယ်ချက်စားတယ်။ အရင်ဆို ပျဉ်းမနားမျှစ်ချဉ်ထုပ်တွေနဲ့ ချက်တာ။ အဲဒီနေ့ကတော့ ထိုင်းကမျှစ်ချဉ်ပဲ တွေ့တာနဲ့ အဲဒါနဲ့ ၀ယ်ချက်တယ်။ ပျဉ်းမနားမျှစ်ချဉ်လောက် မချဉ်ဘူး။ ပြီးတော့ အလွှာလေးတွေ လွှာထားတာဆိုတော့ တာလပေါချက်ရင် ကောင်းမှာပဲဆိုပြီး အကြံရတယ်။ ဒါနဲ့ စနေနေ့က City Hall ရောက်တော့ အဲဒီထိုင်းမျှစ်ထုတ်လေးတွေ ၀ယ်ခဲ့တယ်။ ရန်ကုန်မှာဆိုရင်တော့ ၀ါးပိုးမျှစ်အတုံးကြီးတွေ ၀ယ်ပြီး ကိုယ့်ဘာသာ လွှာချက်တယ်။ ဒီမျှစ်လည်း ၀ါးပိုးမျှစ်ပဲ။ ဒါပေမယ့် အချဉ် ထည့်ထားတော့ နည်းနည်းတော့ ချဉ်နေတယ်။

အရင်ဆုံး မျှစ်ကို ပြုတ်ပါတယ်။ မျှစ်က သိပ်မချဉ်ဘူးဆိုပေမယ့် အချဉ် လုံးဝ ပျောက်သွားအောင် ရေနဲ့စိမ်ပြီးဆေးလိုက်တယ်။ ပြီးမှ အိုးတစ်လုံးမှာ ထည့်ပြုတ်တယ်။ မျှစ်ပြုတ်ထားတုန်းမှာ ဒညင်းဝက်ကို အခွံခွာပြီးပြီး ခပ်ပါးပါးလှီးထားတယ်။ ရုံးပတီသီးကို တစ်စောင်းလေးတွေ ဖြတ်တယ်။ ပင်စိမ်းကို အရွက်နွှင်ပြီး ရေဆေးထားတယ်။ ငရုတ်သီးစိမ်းကို ရေဆေး ထက်ခြမ်းခြမ်းထားတယ်။ ရေကျိုငါးပိကို ရေအေးလေးနဲ့ ဖျော်ထားတယ်။ ဆန်လက်တစ်ဆုပ်လောက်ကို ဒယ်အိုးမှာ ထည့်လှော်ပြီး ငရုတ်ဆုံနဲ့ ထောင်းထားတယ်။ 

မျှစ်နူးလာရင် ရေဆူကို ကိုယ်လိုချင်သလောက် ဟင်းရည်အနေအထား ထည့်တယ်။ ပြီးတော့ လှော်ထားတဲ့ ဆန်မှုန့်တွေ ထည့်ပြီး မွှေပေးတယ်။ ဆန်မှုန့်ပျော်ပြီး ဆူပွက်ရင် ဖျော်ထားတဲ့ ရေကျိုငါးပိရည်ကို ထည့်ပါတယ်။ ဟင်းရည်ကျအောင် အဖုံးဖွင့်ပြီး ဆက်တည်ပေးထားတယ်။ ငံပြာရည်နဲ့ အချိုမှုန့်ထည့်တယ်။ အရင်တော့ ပုဇွန်ခပ်သေးသေးတွေချေပြီး  ထည့်ခပ်ချက်တယ်။ ဟင်းရည်ချိုအောင်လို့။ ဒီတစ်ခါတော့ ပုဇွန်ဝယ်ထားတာ မရှိတာနဲ့ မထည့်တော့ဘူး။ ဒညင်းဝက်လှီးထားတာတွေ ထည့်ပြီး ခဏဆက်တည်ပေးတယ်။ ဟင်းရည်လည်း အနေတော်ဖြစ်၊ မျှစ်နဲ့ ဒညင်းဝက်နူးရင် ရုံးပတီသီးထည့်၊ ငရုတ်သီးစိမ်းထည့်မွှေပါတယ်။ ပြီးတာနဲ့ ပင်စိမ်းအုပ်ပြီး မီးပိတ်လိုက်တယ်။ ဒါဆို မျှစ်တာလပေါဟင်း ပူပူစပ်စပ် မွှေးမွှေးလေး ရပါပြီ။

မျှစ်တာလပေါနဲ့ စားဖို့ ငါးလေးချဉ်သုပ် သုပ်တယ်။ ကြက်သွန်ဖြူ၊ နီ ပါးပါးလှီး၊ နံနံပင်၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း နဲ့ ငါးလေးချဉ်ကို အချိုမှုန့်၊ ငံပြာရည်နည်းနည်းနဲ့ ဆီထည့်ပြီး ရောနယ်သုပ်လိုက်တယ်။ ကဲ- ပူပူစပ်စပ် မျှစ်တာလပေါနဲ့ ငါးလေးချဉ်သုပ်လေး စားကြရအောင်နော်။





Friday, March 2, 2012

" ငါးရံ့ခေါင်းဒန့်သလွန်သီးချဉ်ရည်၊ ကြက်သားအာလူးနဲ့ ငါးပိတို့စရာ "

4 comments
ဟိုတလောက ချက်စားဖြစ်တာလေးပါ။ ငါးရံ့တွေဝယ်ချက်စားပြီး ခေါင်းတွေကျန်နေတာနဲ့ ငါးရံ့ခေါင်းကို ဒန့်သလွန်သီးနဲ့ ချဉ်ရည်ဟင်းချက်တယ်။ ငါးရံ့ခေါင်းကို ဆား၊ ဆနွင်း၊ အချိုမှုန့်နဲ့ နယ်ထားတယ်။ ဒန့်သလွန်သီးကို ခြစ်ပြီး အပိုင်းလေးတွေ ဖြတ်တယ်။ ကြက်သွန်ဖြူ၊နီထောင်းပြီး အရောင်တင်မှုန့်ထည့် ဆီသတ်တယ်။ ဆီသတ်မွှေးလာရင် ခရမ်းချဉ်သီး လှီးထားတာ ထည့်ဆီသတ်တယ်။ ခရမ်းချဉ်သီးလိပ်သွားရင် ငါးခေါင်းထည့်လုံးတယ်။ နောက်တော့ ဒန့်သလွန်သီးတွေပါ ထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည်ပြီး မွှေးသည်အထိလုံးတည်တယ်။ ဟင်းမွှေးလာရင် ရေနွေးထည့်တည်တယ်။ ဒန့်သလွန်သီးရော ငါးခေါင်းတွေပါရရင် မကျည်းရည်ဖျော်ထည့်ပြီး အပေါ့အငံမြည်းပြီးရင် ရပါပြီ။ နံနံပင်လေးကို တော့ စားခါနီးမှ အုပ်ပြီးစားတယ်။

အဲဒီနေ့က ကြက်သားအာလူးဟင်းလည်း ချက်တယ်။ ကြက်သွန်ဖြူနီဂျင်းနဲ့ အရောင်တင်မှုန့်ရော ဆီသတ်တယ်။ ဆီသတ်ရရင် ဆားဆနွင်းနယ်ထားတဲ့ ကြက်သားထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပြီး လုံးတယ်။ ကြက်သားက ထွက်တဲ့ ရေခန်းရင် ရေဆူထည့်ပြီး ကြက်သားနူးသည်အထိ တည်တယ်။ အားလူးကို အခွံခွာ၊ လေးစိတ်စိတ်ပြီး ဆားရည်နဲ့ စိမ်ထားတယ်။ ကြက်သားနူးခါနီးရင် အာလူးရောထည့်ချက်ပြီး အပေါ့အငံမြည်း၊ အရသာအနေတော်ဖြစ်ပြီး ကြက်သားရော အာလူးပါနူးရင် ရပါပြီ။ 

ငါးပိရည်လေးဖျော်၊ ဒညင်းဝက်ကြော်လေးနဲ့ စားကြတယ်။




Sunday, February 26, 2012

" ဘဲပေါင်းဆီချက် "

2 comments
ကျွန်မလည်း ပို့စ်အသစ်တွေမတင်နိုင်တာ ကြာပေါ့။ အလုပ်မအားတာလည်း ပါတယ်။ ပြီးတော့ ချက်စားဖြစ်တဲ့ ဟင်းတွေကလည်း ပို့စ်တင်ပြီးသားတွေ ဖြစ်နေတာများတော့ ပို့စ်အသစ် မတက်နိုင်ဘူးဖြစ်နေတာ။ ဒီနေ့တော့ ဘဲပေါင်းဆီချက်လေး လုပ်စားဖြစ်တာနဲ့ မိတ်ဆွေတွေကို မျှဝေလိုက်တာပါ။ 

ဘဲသားကို အနေတော်တုံး ရေစင်စင်ဆေးပြီး ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက်ရည်၊ ရှာလကာရည်၊ ဂျင်းဒါပြားရိုက်၊ ကြက်သွန်ဖြူ ဒါးပြားရိုက် တို့နဲ့ ရောနယ်ပြီး နှပ်ထားပါတယ်။ အိုးတစ်လုံးမှာ နှပ်ထားတာတွေထည့်ပြီး ရေကို ဘဲသားတွေ မြုပ်တဲ့ အထိထည့်ပြီး မီးငွေ့ငွေ့နဲ့ ကြာကြာလေး တည်ပေးပါတယ်။ ရေခန်းရင် ဆူပြီးသားရေနွေးကို နည်နည်းချင်း ဖြည့်ထည့်ပြီး အသားများ နူးအိသွားသည်အထိ တည်ပေးပါတယ်။ နောက်ထပ် အိုးတစ်လုံးမှာ ရေနွေး တည်ပြီး ရေဆူရင် ခေါက်ဆွဲခြောက်တွေ ထည့်ပြုတ်ပါတယ်။ ခေါက်ဆွဲရရင် ဇကာနဲ့စစ်ပြီး ရေအေးဆေး ချပြီး ရေစစ်ထားပါတယ်။ ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါတယ်။ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဆီချက် ချက်ထားပါတယ်။

အားလုံးအဆင်သင့်ဖြစ်ရင် ပန်းကန်ထဲမှာ ခေါက်ဆွဲထည့်၊ ဆား၊ အချိုမှုန့် အနည်းငယ်၊ ပဲငံပြာရည် အကြည်ရည် အနည်းငယ်နဲ့ ဆီချက်ထည့်ပြီး သမအောင် မွှေပါတယ်။ နှံ့အောင်မွှေပြီးရင် ဘဲပေါင်းလေးထည့်၊ ကြက်သွန်မြိတ်လေး အုပ်လိုက်ရင် စားရန်အဆင့်သင့် ဘဲပေါင်းဆီချက် ရပါပြီ။ ကြက်သွန်ချဉ်လေးနဲ့ တွဲစားရင် အအီပြေပါတယ်။ 




Sunday, January 15, 2012

" ထမင်းကြော် "

5 comments
ဟိုတစ်ရက်ကတော့ ဟင်းတွေ မစားချင်တာနဲ့ နှစ်ယောက်သား ထမင်းကြော် ကြော်စားကြတာ။

ထမင်းချက်ထားတာကို အအေးခံပြီး ဆား၊ အချိုမှုန့်နဲ့ နယ်ထားတယ်။ ၀က်သားကို ခပ်သေးသေးတုံးပြီး အိုးထဲမှာ ရေလေးနဲ့ ပြုတ်လိုက်တယ်။ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ကြက်ဥကို ကြော်တယ်။ ပြီး ရင် ကြက်ဥမွှေကြော်ကို ပန်းကန်နဲ့ ခပ်ထားလိုက်တယ်။ ဒယ်အိုးထဲမှာ ကြက်သွန်နီဆီသတ်၊ ပြီးရင် ပြုတ်ထားတဲ့ ၀က်သားလေးတွေ ထည့်ကြော်တယ်။ မုန်လာဥနီ၊ ပြောင်းဖူးနဲ့ ပဲသီး လှီးထားတာ ထည့်ကြော်တယ်။ အသီးအရွက်ရရင် ထမင်းထည့်ကြော်တယ်။ ဆား အနည်းငယ်၊ အချိုမှုန့်အနည်းငယ်နဲ့ ခရုဆီထည့်ပါတယ်။ အပေါ့အငံမြည်း အနေတော်ဆို ကြက်ဥမွှေကြော်တွေပါ ထည့်ရောမွှေကြော်ပါတယ်။ ဒါဆို ထမင်းကြော် ရပါပြီ။



Saturday, January 7, 2012

" ခရုအစပ်ချက် "

4 comments
ခရုဟင်းစားချင်တာနဲ့ Sheng Siong ကနေ ခရုတွေ ၀ယ်ခဲ့တယ်။ ရေစိမ်ပြီး ရောင်းတဲ့ အရှင်တွေတော့ မ၀ယ်ရဲဘူး။ ဗူးတွေနဲ့ထည့်ပြီး ရေခဲထားတဲ့ သေပြီးသားတွေပဲ ၀ယ်ခဲ့တယ်။

ခရုလေးတွေကို ရေနဲ့ စင်စင်ဆေးပြီး အိုးတစ်လုံးမှာထည့် ပြုတ်ပါတယ်။ ဆူပွက်လာရင် အမြှုပ်လေးတွေ ထပ်ထုတ်ပေးပြီး ပွက်ပွက်ဆူတဲ့ အထိတည်ပေးပါတယ်။ ခရုရပြီဆို အိုးထဲကနေ ဆယ်ပြီး ရေစစ်ထားလိုက်တယ်။ ကြက်သွန်အဖြူနဲ့ အနီကို လှီးပြီး နှုတ်နှုတ်စင်းထားတယ်။ ငရုတ်သီးစိမ်းကို ပါးပါးလှီး၊ ပင်စိမ်းရွက်လေးတွေ ရေဆေးထားတယ်။ မီးဖိုပေါ်ဆီအိုးတင်၊ ဆီပူရင် ကြက်သွန်ဖြူနီထည့်၊ အရောင်တင်မှုန့်ထည့်ပြီး ဆီသတ်တယ်။ ကြက်သွန်ကျက်ပြီး မွှေးလာရင် ခရုထည့်၊ ငံပြာရည်နဲ့ အချိုမှုန့် ထည့်လုံးတယ်။ ရေနွေးလေးနည်းနည်း ထည့်ပြီး တည်ပေးတယ်။ ရေခန်းပြီး ဆီပြန်ရင် ငရုတ်သီးစိမ်းထည့်၊ ပင်စိမ်းထည့်ပြီး မီးပိတ်လိုက်တယ်။ ဒါဆို ခရုအစပ်ချက်လေးရပြီ။
 



Related Posts Plugin for WordPress, Blogger...