Showing posts with label ဘ၀ထဲကအရသာများ. Show all posts
Showing posts with label ဘ၀ထဲကအရသာများ. Show all posts

Thursday, August 15, 2013

" လူ့ကျင့်ဝတ်မသိတတ်သူများနှင့် ကျွန်မ"

6 comments



အခုနောက်ပိုင်း ကျွန်မဘလော့လေးမှာ ပို့စ်အသစ်မတင်ဖြစ်တာကြာပါပြီ။ တင်ဖြစ်ရင်တောင် တစ်ပုဒ်နဲ့ တစ်ပုဒ် တော်တော်လေးခြားသွားတယ်။ အရင်လို ခပ်စိပ်စိပ်မတင်ဖြစ်ဘူး။ အကြောင်းကတော့ အလုပ်များနေတာရယ်၊ ပို့စ်အသစ်တင်ဖြစ်အောင် ဘေးနားကနေ အမြဲသတိပေး တိုက်တွန်းတတ်တဲ့ စာရေးဆရာက အနားမှာမရှိတာကြောင့်ပါ။

ဘလော့မှာ ပို့စ်အသစ်မတင်ဖြစ်ပေမယ့် Facebook မှာတော့ ရသာချိုဟင်းလျာများPage လေးဖန်တီးပြီး ကျွန်မရဲ့ ဘလော့မှာ ဖော်ပြပြီးသား ဟင်းလျာဓါတ်ပုံလေးတွေနဲ့ ချက်နည်းဖတ်ရှုနိုင်မယ့် လင့်လေးတွေ တင်ပေးဖြစ်ပါတယ်။ ဒီလိုနဲ့ တလောက တခြားသူတွေရဲ့ဘလော့တွေ လျှောက်လည်ရင်းနဲ့ ပို့စ်တစ်ခုသွားတွေ့ပါတယ်။ အကြောင်းအရာက မော်ဒယ်တစ်ယောက်က မျှစ်တာလပေါဟင်း ချက်နည်းလေး ပြောပြတဲ့အကြောင်းပါ။ မျှစ်တာလပေါဟင်းကို ချက်စားလေ့ရှိတဲ့ အိမ်ရှားပါတယ်။ ဒီဟင်း က ၀ါးပိုးမျှစ်အစိမ်းနဲ့ ချက်ရတာဖြစ်ပြီး ရန်ကုန်မှာ ၀ါးပိုးမျှစ်အစိမ်းရဖို့ကလည်း ရှားတာကိုး။ ပြီးတော့ တစ်ဦးနဲ့ တစ်ဦး ချက်ပုံချက်နည်း အနည်းငယ်စီကွဲလွဲတတ်ပါတယ်။ တိုင်းရင်းသားဒေသမှာ ချက်လေ့ရှိတဲ့ ဟင်းလျာမို့ ကိုယ့်ဒေသအလိုက် ချက်ပုံချက်နည်း ကွဲလွဲတာပါ။ ကျွန်မဘွားဘွားဇာတိက မွန်ပြည်နယ်ဘက်ကမို့ မျှစ်တာလပေါဟင်းကို ကျွန်မငယ်ငယ်ကတည်းက စားဖူးသလို တအိမ်သားလုံးလည်း သိပ်ကြိုက်ကြပါတယ်။ ၀ါးပိုးမျှစ်အစိမ်းကိုလည်း နယ်ကအမျိုးတွေက မိုးဦးကျဆို ကျွန်မတို့ဆီ ပုံမှန်လိုလိုပို့ပေးလေ့ရှိပါတယ်။  ဒီတော့ ကျွန်မရဲ့ဘလော့လေးမှာလည်း ၀ါးပိုးမျှစ်နဲ့ချက်တဲ့ မျှစ်တာလပေါဟင်းချက်နည်းလေး ကို ကျွန်မကိုယ်တိုင်ချက်ထားတဲ့ မျှစ်တာလပေါဟင်းလျာဓါတ်ပုံလေးနဲ့ အတူ ပို့စ်လေးတစ်ပုဒ် တင်ဖြစ်ခဲ့ပါသေးတယ်။ ခုနကပြောခဲ့သလို ကျွန်မဘလော့လည်ရင်း သွားတွေ့တဲ့ မော်ဒယ်တစ်ဦး ပြောပြတဲ့ မျှစ်တာလပေါဟင်းဆိုပြီး တင်ထားတဲ့ ဒီပို့စ် လေးမှာ ကျွန်မဘလော့မှာ တင်ထားခဲ့တဲ့ ကျွန်မဘလော့နာမည်လေးလည်းပါတဲ့ ဓါတ်ပုံကို ကူးယူဖော်ပြထားတာတွေ့လိုက်ရပါတယ်။ တကယ်ဆို ဒီမော်ဒယ်မလေးချက်တဲ့ဟင်းလျာပုံကိုပဲ တိုက်ရိုက်ဖော်ပြပေးသင့်တာပါ။ တကယ်လို့ အခွင့်မသင့်လို့ မော်ဒယ်မလေးချက်တဲ့ဟင်းရဲ့ဓါတ်ပုံကို မရခဲ့ရင်လည်း ချက်နည်းက မော်ဒယ်မလေးပြောတာဖြစ်ပြီး ဓါတ်ပုံကိုတော့ မည်သည့်ဘလော့မှ ကူးယူဖော်ပြထားပါသည်လို့ မှတ်ချက်လေး ရေးပေးသင့်ပါတယ်။ ကျွန်မခင်ပွန်းက ကျွန်မရဲ့ဘလော့က ဓါတ်ပုံတွေကို ယူသုံးထားကြောင်း မဖော်ပြထားတဲ့အတွက် အဲဒီ့ပို့စ်အောက်မှာ ကွန်မန့်ဝင်ရေးခဲ့ပေမယ့် ဘယ်လိုအကြောင်းပြန်မှုမျိုးမှ မတွေ့ရသလို ပုံကိုလည်း ပြန်မဖြုတ်ပေးခဲ့ပါဘူး။

ဒီလိုတွေ့ပြီး သိပ်မကြာခင်မှာပဲ Facebook ပေါ်မှာ မိတ်ဆွေတစ်ယောက် Share ထားတဲ့ ပို့စ်လေး တစ်ခု သွားတွေ့ပြန်ပါတယ်။ ပို့စ်ရေးတဲ့သူက မြန်မာပြည်မှာ ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်နေကြောင်းနဲ့ အဲဒီလိုဖြစ်ရတာဟာ အသားကင်တွေနဲ့၊ ဆိုးဆေးပါတဲ့ အချဉ်ရည်တွေ၊ ပလပ်စတစ်ဘူးတွေ အသုံးပြုကြတာတွေ ကြောင့်ဆိုပြီး ဖော်ပြထားပါတယ်။  သူကလည်း သိနားလည်သလောက် ကျန်းမာရေး ဗဟုသုတဝေမျှတာဖြစ်ပါလိမ့်မယ်။  သည်လို ဖော်ပြရာမှာ ဓါတ်ပုံမပါလည်း ပို့စ်တစ်ခုကို ဖော်ပြနိုင်ပါတယ်။ တကယ်လို့ ဓါတ်ပုံနဲ့ တစ်ကွ ဖော်ပြချင်တယ်ဆိုလျှင်လည်း လိုချင်တဲ့ပုံကို မိမိဘာသာဖန်တီးရိုက်ကူးပြီး တင်ပြနိုင်ပါတယ်။ ဒါပေမယ့် သည်လူက ကျွန်မရဲ့ဘလော့မှာ တင်ထားတဲ့ ၀က်သားတုတ်ထိုးနဲ့ ကြာဇံကြော် ပို့စ်မှာ ဖော်ပြထားခဲ့တဲ့ အချဉ်ရည်ရဲ့ပုံကို ကူးယူသုံးစွဲထားပါတယ်။ ကျွန်မရဲ့အချဉ်ရည်က မန်ကျည်းရည်ဖျော်၊ ထန်းလျက်၊ ငရုတ်သီးအစိမ်းမှုန့်လေးရောပြီး ဖျော်ထားတာပါ။ ထိုသူ ကူးယူဖော်ပြထားတဲ့ ပုံမှာ ကျွန်မရဲ့ဘလော့အမည်လေးလည်းပါပါတယ်။ ကျွန်မဘလော့မှာတင်သမျှ ကျွန်မရိုက်ကူးထားတဲ့ ပုံတွေမှာ ကျွန်မရဲ့ ဘလော့နာမည်လေး အမြဲဖော်ပြထားလေ့ရှိပါတယ်။ သည်လူ လုပ်ပုံက ကျွန်မချက်ပြုတ်ထားတဲ့ အစားအစာတွေဟာ စားလို့ မသင့်တော်ဟန်ပေါက်နေပါတယ်။ တကယ်ဆို ကျွန်မလည်း အစားအစာချက်ပြုတ်ရောင်းချတဲ့သူတစ်ဦး မဟုတ်ပါဘူး။ ကိုယ့်ဝါသနာလေးနဲ့ ကိုယ် တတ်သလောက်မှတ်သလောက်လေး ချက်ပြုတ်နေတဲ့ အိမ်ရှင်မတစ်ဦးမျှသာဖြစ်ပါတယ်။ ဒါပေမယ့် မိမိချက်ပြုတ်ထားတဲ့ အစားအစာကို အသားလွတ် စော်ကားသလိုလုပ်ပုံကိုတော့ ဘယ်လိုမှ သည်းညည်းမခံနိုင်ပါဘူး။ ကျွန်မခင်ပွန်းက ပို့စ်ရေးတဲ့သူကို Private Message ကနေတဆင့် ကျွန်မရဲ့ဘလော့ကပုံကို ပြန်ဖြုတ်ပေးဖို့ အသိပေးခဲ့ပေမယ့် ဘယ်လို တုန့်ပြန်မှုမှမရခဲ့ပါဘူး။

ဒီနေ့တော့ Facebook ထဲမှာ သူငယ်ချင်းတစ်ယောက်က လင့်ပို့ပေးလို့တွေ့လိုက်တာက လူတစ်ယောက်က MPT ကွန်နက်ရှင်အကြောင်းကို ဟာသဖောက်ပြီး ရေးထားတဲ့ သရော်စာလေးပါ။ သည်သရော်စာလေး မှာလဲ ကျွန်မဘလော့မှာ တင်ထားခဲ့တဲ့ ငါးသလဲထိုးဟင်း ပုံကို ကူးယူသုံးစွဲထားတာတွေ့ရပါတယ်။ ဒါနဲ့ ကျွန်မခင်ပွန်းလည်း ပထမတစ်ဦးတုန်းကလိုပဲ Private Message ကနေတဆင့် ကျွန်မဘလော့ကပုံကို ပြန်ဖြုတ်ပေးဖို့ အကြောင်းကြားတော့ ပို့စ်ပိုင်ရှင်က ချက်ချင်းပဲ ခွင့်မတောင်းပဲယူသုံးမိတဲ့အတွက် တောင်းပန်ပါတယ်၊ ပုံကိုလည်း ပြန်ဖြုတ်ပေးပါ့မယ်ဆိုပြီး တကယ်လည်း ပြန်ဖြုတ်ပေးခဲ့ပါတယ်။

ကျွန်မရဲ့ဘလော့မှာရော Page မှာပါ ကျွန်မရဲ့ဟင်းလျာဓါတ်ပုံတွေကို ကူးယူဖော်ပြချင်ရင် ကြိုတင်ခွင့်တောင်းပြီးမှ အသုံးပြုဖို့ ဖော်ပြထားပြီးသားပါ။ အခုတော့ ကူးချင်သလို ကူးပြီး ဖော်ပြချင်သလို ဖော်ပြနေကြတာပါပဲ။

ကျွန်မ တစ်ခုနားလည်လိုက်တာကတော့ တစ်ချို့လူတွေဟာ အခြေခံ လူ့ကျင့်ဝတ်လေးကိုတောင် ကောင်းကောင်း နားမလည်ကြဘူးဆိုတာပါပဲ။ ကျွန်မတို့ ငယ်စဉ် ကလေးဘ၀ကတည်းက  လေ့လာသင်ကြားခဲ့ရတာကတော့ သူတပါးပစ္စည်းဥစ္စာကို ပိုင်ရှင်မသိရင် မယူငင်ရဘူးဆိုတာပါပဲ။ သက်ရှိ၊ သက်မဲ့၊ ဒြပ်ရှိ၊ ဒြပ်မဲ့ မည်သည့် ဥစ္စာမဆို ပိုင်ရှင်မသိဘဲယူရင်တော့ ခိုးယူတာပါပဲ။ ဒြပ်မရှိဘဲ သူတပါးစိတ်ကူးဥာဏ်နဲ့ စဉ်းစားဖန်တီးထားတဲ့ စိတ်ကူးတစ်ခုကို ယူသုံးချင်ရင်တောင် ခွင့်တောင်းပြီးမှ အသုံးပြုရမှာပါ။ ဒီလိုမျိုးသူတစ်ပါး ဖန်တီးထားတဲ့ ဓါတ်ပုံလိုဟာမျိုးကို ကူးယူအသုံးပြုချင်ရင် ပိုင်ရှင်ကို ခွင့်တောင်းသင့်ပါတယ်။ ကျွန်မဖန်တီးထားတဲ့ ပုံတွေမှာ ဘလော့နာမည်လေး အမြဲတွဲလျက် ဖော်ပြထားလို့ ခွင့်တောင်းချင်ရင် ပိုင်ရှင်ရှာရမှာလည်း မခက်ခဲလှပါဘူး။ ပိုင်ရှင်ရှာရခက်ခဲတဲ့ Google က အမည်မဖော်ပြထားတဲ့ ပုံတွေဆိုရင်တောင် Googel မှ ကူးယူဖော်ပြပါသည်ဆိုတဲ့ စာကြောင်းလောက်တော့ ထည့်သွင်းပေးသင့်ပါတယ်။ ဒီလောက်အခြေခံကျတဲ့ ကျင့်ဝတ်လေးတောင် နားမလည်တဲ့ လူတွေများလာရင် ရေရှည်မှာ လောကကြီး ပျက်စီးဖို့ပဲရှိပါတော့တယ်။ ကျွန်မကတော့ သည်လူတွေကို "လူ့ကျင့်ဝတ်မသိတတ်သူများ" လို့သာ ကင်ပွန်းတပ်လိုက် ချင်ပါတော့တယ်။

ပါရမီဖြည့်ဖက်လေး
၁၃း၃၁ နာရီ
၁၄.၈.၂၀၁၃

Thursday, July 7, 2011

"အိမ်ပြန်ချိန် ခဏတာ"

4 comments

ပြီးခဲ့တဲ့လက ကျွန်မတို့ဇနီးမောင်နှံနှစ်ယောက် ရန်ကုန်ကို နှစ်ပတ်ပြန်လည်ကြပါတယ်။ စာရေးဆရာက မပြန်ဖြစ်တာ တစ်နှစ်ခွဲရှိပြီး၊ ကျွန်မကတော့ တစ်နှစ်ပါ။ တစ်နှစ်ဆိုတဲ့ အချိန်က ခဏလေးပါ လို့ ပြောကြပေမယ့် ကျွန်မအတွက်တော့ တော်တော်ကြီး ရှည်ကြာခဲ့ပါတယ်။ မိသားစု ကိုလွမ်းနေတဲ့ ကျွန်မရင်ထဲမှာ တစ်နှစ်မက ခံစားနေခဲ့ရတာပါ။ 

ကျွန်မအိမ်ရောက်ရောက်ချင်း ကျွန်မဘိုးဘိုးက တံခါးဝကကြိုနေပါတယ်။ ကျွန်မအဘိုးက အသက်(၈၂)နှစ် ရှိပါပြီ။ နေ့တိုင်းတွေ့နေ၊ မြင်နေရသူတွေ အတွက် မပြောတတ်ပေမယ့် တစ်နှစ်လောက်ခွဲနေရတဲ့ ကျွန်မ ဘိုးဘိုး ကိုတွေ့တွေ့ချင်း ဘိုးဘိုးရဲ့အရွယ်ဟာ မနှစ်ကထက် စာရင် တော်တော်ကျသွားပြီ ဆိုတာ သိလိုက်ပါတယ်။ အိမ်ထဲဝင်ဝင်ချင်းပဲ ဘိုးဘိုးကိုဖက်ပြီး ငိုမိပါတယ်။ ချက်ချင်းဆိုသလို ဖွားဖွားကလည်း အိမ်ထဲက ထွက်လာတော့ ဖွားဖွားကို ဖက်ပြီး ငိုမိပြန်ပါသေးတယ်။ ကျွန်မတစ်သက်တာမှာ အဘိုး၊အဖွားနဲ့ အခုလို တစ်ခါမှ ခွဲမနေဖူးပါဘူး။ ရန်ကုန်မှာ နေတုန်းက ခရီးတွေဘာတွေ ထွက်ရင် လေးငါးရက်ထက် မပိုပါဘူး။ ခရီးသွားရင်လည်း အိမ်က မိသားစုတွေနဲ့ အတူသွားတာများပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်တာကတော့ ကျွန်မဘ၀မှာ မိသားစုနဲ့ ရက်ရှည်လများခွဲနေရတဲ့ နှစ်ပါပဲ။

ကျွန်မမျက်စိရှေ့မှာ အဘိုးနဲ့ အဖွားကို ကျန်းမာပျော်ရွှင်နေတာ တွေ့ရတော့ ကျွန်မ၀မ်းသာရပါတယ်။ ကျွန်မ ဘိုးဘိုး၊ ဖွားဖွားတွေနဲ့ အတူတူ အကြာကြီးနေချင်ပါသေးတယ်။ နောက်ပြီး ကျွန်မ မိဘ၊ အဒေါ်တွေ၊ ဦးလေးတွေ၊ မောင်နှမတွေ။ သူတို့တွေလည်း ငယ်ကြသေးတယ်ဆိုပေမယ့် ဒီမိသားစုဝင်တွေနဲ့ ခွဲပြီး မနေချင်ပါဘူး။

ကျွန်မအဘိုး၊အဘွားအိမ်၊ ကျွန်မမိဘအိမ်နဲ့ စာရေးဆရာ မိဘအိမ်တို့ ရှိနေတော့ ကျွန်မတို့ ရန်ကုန်မှာနေတဲ့ အချိန်မှာ အိမ်သုံးအိမ်ကို အလှည့်ကျပြောင်းနေကြပါတယ်။ ကျွန်မပျော်ပါတယ်။ ကျွန်မ ငယ်ငယ်ကတည်းက နေခဲ့တဲ့ အဘိုးအိမ်မှာက အဒေါ်တွေရှိသလို၊ အိမ်နားမှာတင် ဆွေမျိုးတွေ အိမ်ကလည်း ရှိတော့ လူစုံပြီး ပြောကြ၊ ဆိုကြနဲ့  ပျော်ကြတာပေါ့။ ကျွန်မမိဘအိမ် ရောက်တော့လည်း မိသားစုဝင်တွေအားလုံးနဲ့ တွေ့ရတယ်။ ညဘက်ထိုင်ပြီး စကားတွေပြောကြ စားကြ၊ သောက်ကြနဲ့ပေါ့။ စာရေးဆရာအိမ် ရောက်တော့ စာရေးဆရာရဲ့တူမက လမ်းလျှောက်တတ်စ၊ စကားပြောတတ်စအရွယ် အိမ်ဆည်းလည်းဆိုတော့ စီညံနေတော့တာပါပဲ။ ညနေဆို စာရေးဆရာရဲ့ အစ်ကိုနဲ့ညီကလည်း ရုံးက ပြန်လာကြတော့ ညပိုင်းဆို ပိုလို့တောင် စုံစုံညီညီနဲ့ ပျော်စရာပါပဲ။

အိမ်သုံးအိမ်စလုံးကလည်း ကျွန်မတို့ ကြိုက်တတ်တာတွေကို ကြိုတင်စီစဉ်ပြီး ချက်ပြုတ်ကျွေးကြတော့ ကျွန်မလည်း စိတ်ကြိုက်ကို လှည့်ပတ်စားသောက်ခဲ့တာပါ။ ကျွန်မတို့ ရောက်ပြီး နောက်တစ်နေ့မှာပဲ အဘိုးအိမ်မှာ အဒေါ်က မျှစ်တာလပေါဟင်း ချက်ကျွေးတယ်။ ကျွန်မ သိပ်ကြိုက်တဲ့ဟင်းမို့ မျှစ်ကို သုံးလေးရက်လောက်ကတည်းက ဈေးမှာ ကြိုရှာပြီး ၀ယ်ထားတာတဲ့။ ရာသီစာ ဖလံတောင်ဝှေးကြော်လည်း စားခဲ့ရသေးတယ်။ နောက်ရက်မှာ ကြာဇံချက် ချက်ကျွေးပါတယ်။ စာရေးဆရာအိမ်ကလည်း အုန်းထမင်း တစ်ရက်ချက်ကျွေးတယ်။ ကျွန်မအမေကတော့ ကျွန်မအကြိုက် ငါးကြော် ကျွတ်ကျွတ်နဲ့ ချဉ်ပေါင်ဟင်း၊ ငါးပုဏ္ဏားဟင်းတွေ ချက်ကျွေး ပါတယ်။ ရေနွေးကြမ်းနဲ့ သောက်ဖို့ ရှောက်သီးသုပ်လေးပါ သုပ်ပေးသေးတယ်။


ဟိုအိမ်သွား၊ သည်အိမ်သွားနဲ့ နှစ်ပတ်ဆိုတာ မကြာလိုက်ပဲ ကုန်သွားပါတယ်။ ပြန်ခါနီးကြတော့လည်း စိတ်ထဲမှာ သည်မိသားစုတွေကို ပြန်ပြီးခွဲခွာသွားရဦးမယ်ဆိုတော့ ရင်ထဲမှာ ၀မ်းနည်းနေခဲ့ ပါတယ်။ လေယာဉ်ပေါ်ရောက်တော့ နှစ်ယောက်သားစကားတောင် ကောင်းကောင်း မပြောနိုင်ပါဘူး။ အတွေးကိုယ်စီနဲ့ပေါ့။ စာရေးဆရာလည်း သူ့မိသားစုကို မခွဲချင်ပဲခွဲခွာရတော့ ကျွန်မနဲ့ ထပ်တူ ၀မ်းနည်းနေမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်  ကျွန်မသိပ်ချစ်တဲ့ မိသားစုဝင်တွေနဲ့ ကျွန်မ သိပ်တွယ်တာတဲ့ အိမ်မှာ အတူတကွပြန်လည် နေထိုင်ခွင့်ရမယ့်တစ်နေ့ကို ရင်ထဲမှာ မျှော်လင့်နေမိပါတယ်။           ။

ပါရမီဖြည့်ဖက်လေး
၇.၇.၂၀၁၁
၂၁း၄၀ နာရီ

Saturday, December 4, 2010

“ဘိုးဘိုးတောင်းတဲ့ဆု”

5 comments

လွန်ခဲ့တဲ့ အပတ် စနေနေ့၊ နိုဝင်ဘာလ (၂၇) ရက်နေ့က ကျွန်မ ဘိုးဘိုးနဲ့ ဘွားဘွား (ကျွန်မ ဖေဖေရဲ့ အမေနှင့် အဖေ)တို့ ရန်ကုန်မှ ဗုဒ္ဓဂယာသို့ ထွက်ခွာသွားကြ ပါတယ်။ ကျွန်မ ဘိုးဘိုးရဲ့ အသက်မှာ (၈၂)နှစ် ဖြစ်ပြီး ဘွားဘွားကတော့ အသက် (၈၀) ရှိပါပြီ။ ဒါပေမဲ့ ဘိုးဘိုးနဲ့ ဘွားဘွား တို့ ကျန်းမာရေး ကောင်းတယ် လို့ ဆိုရပါမယ်။ ကြီးကြီးမားမား ဘာရောဂါမှ မရှိပါဘူး။ ဘိုးဘိုးက တစ်ခါတစ်ရံ သွေးပေါင် တိုးတတ်တာ လေးတော့ ရှိပါတယ်။ ဘွားဘွားကတော့ အသက်ကြီးလို့ ခါးနာတတ်တာက လွဲရင် ကျန်းမာပါတယ်။ ဘိုးဘိုးနဲ့ ဘွားဘွား ဗုဒ္ဓဂယာ သွားမယ်ဆိုတော့ သူတို့ကို စောင့်ရှောက်ဖို့ ကျွန်မ အဒေါ်အငယ် (ကျွန်မ ဖေဖေရဲ့ ညီမ အငယ်ဆုံး) က အဖော်လိုက်သွားပါတယ်။ 

ဘိုးဘိုးတို့ ရန်ကုန်က ထွက်သွားပြီး နောက်နေ့မှာ ရန်ကုန်အိမ်မှာ ကျန်ခဲ့တဲ့ ကျွန်မရဲ့ အဒေါ်အလတ် က ကျွန်မဆီ ဖုန်းဆက်ပြီး ဘိုးဘိုးတို့နဲ့ ဆက်သွယ်လို့ ရမယ့် အိန္ဒိယက မိုဘိုင်းဖုန်းနံပါတ်ကို လှမ်းပေးပါတယ်။ ကျွန်မနဲ့ ဆက်သွယ်ပြီး ဘိုးဘိုးတို့ ကျန်းမာရေးနဲ့ အစစ အဆင်ပြေ၊ မပြေ ဆက်သွယ်ပြီး မေးရအောင်လို့ ပေါ့လေ။ ကျွန်မလည်း ဘိုးဘိုးတို့ဆီ ဖုန်းခေါ်ဖို့ အိမ်နားကဆိုင်မှာ အိန္ဒိယခေါ်တဲ့ဖုန်းကဒ် သွားဝယ်ပါတယ်။ ကျွန်မ ရန်ကုန်ခေါ်ဖို့ ဖုန်းကဒ် ၀ယ်ရင် တစ်ကဒ် ကို S$ 10 ပေးရပြီး မိနစ်(၃၀)ပဲ ပြောရပါတယ်။ ဒီကြားထဲ ရန်ကုန်က လိုင်းဖုန်း ကို ခေါ်ရင်တော်သေး၊ ရန်ကုန်က မိုဘိုင်းဖုန်းကိုများ ခေါ်မိရင် ရန်ကုန်ကဖုန်းလိုင်း မမိတာနဲ့ပဲ ဘာမှ မပြောရဘဲ ကဒ်ထဲက ငွေက ကုန်သွားပါတယ်။ အခု အိန္ဒိယခေါ်ဖို့ ကဒ်ဝယ်တော့ S$ 2 တန်ဖုန်းကဒ်က မိနစ်(၈၀)ကျော်ရပါတယ်။ ပြောရတာလည်း လိုင်းမမိတာတို့ ဘာတို့ မရှိပါဘူး။

ဒီတော့ ကျွန်မလည်း ဖုန်းကဒ် ၀ယ်ပြီး ဘိုးဘိုးတို့ ဆီဆက်၊ အကျိုးအကြောင်း မေးပါတယ်။ အဒေါ် အငယ်က အစစ အဆင်ပြေကြောင်း ပြောပါတယ်။ ဘိုးဘိုးနဲ့ ဘွားဘွားကလည်း နေကောင်းကြောင်း နဲ့ စိတ်မပူဖို့ ပြောပါတယ်။ ကျွန်မအဒေါ်အငယ်က သူ့ဆီက ကျွန်မကို ဖုန်းခေါ်ရင် ဈေးကြီးတယ်၊ ရူပီး ၂၀၀ ထည့်လိုက် ရင် ဖြုတ်ခနဲကုန်တယ်လို့ ပြောတော့ ကျွန်မကလည်း နောက်ရက်တွေလည်း ကျွန်မပဲ ဖုန်းခေါ်မယ်လို့ ပြောလိုက်ပါတယ်။ နောက်ရက်တွေလည်း ကျွန်မ ဘိုးဘိုးတို့ဆီ ဖုန်းခေါ်ဖြစ်ပါတယ်။ အစစ အဆင်ပြေ ကြောင်း၊ ဘုရားဖူးတစ်ဖွဲ့လုံးမှာ ဘိုးဘိုးနဲ့ ဘွားဘွားက အသက် အကြီးဆုံးတွေမို့ တစ်ဖွဲ့လုံးက ၀ိုင်းဝန်း စောင့်ရှောက်ကြောင်း ပြောပါတယ်။ ကျွန်မလည်း အလွန်ဝမ်းသာမိ ပါတယ်။ ကျွန်မတို့ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူခဲ့၊ သီတင်းသုံးတော်မူခဲ့တဲ့ ဒေသဆိုတော့ တကယ့် အထွဋ်အမြတ် ဒေသပါပဲ။ ကျွန်မကတော့ ဗုဒ္ဓဘာသာဝင်တိုင်း တစ်ခေါက်တော့ ရောက်သင့်တယ်လို့ ထင်မိပါတယ်။ 

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညမှာတော့ ကျွန်မဆီကို ကျွန်မအဒေါ်အငယ်ဆီက ဖုန်းဝင်လာပါတယ်။ ကျွန်မ ကိုင်တော့ ပြန်ကျသွားပါတယ်။ ကျွန်မ သူတို့ဆီပြန်ခေါ်ပါတယ်။ ဘယ်လိုမှ ခေါ်မရပါဘူး။ နောက်တစ်နေ့ ကြာသပတေး နေ့လည်း ထပ်ခေါ်ပါတယ်။ မရပါဘူး။ မနေ့က သောကြာနေ့မှပဲ ကျွန်မဖုန်းခေါ်လို့ ရသွားပါတယ်။ ဒါနဲ့ ကျွန်မလည်း ဖုန်းခေါ်လို့ မရကြောင်းပြောတော့ ကျွန်မအဒေါ် အငယ်က သူတို့ ဘုရားဖူးအဖွဲ့ နီပေါနိုင်ငံ ဘက်ရောက်နေလို့ အိန္ဒိယဖုန်းက မမိကြောင်းပြောပါတယ်။ ပြီးတော့ ဗုဒ္ဓဟူးနေ့ညက ဘိုးဘိုးက ကျွန်မနဲ့ ဖုန်းပြောချင်လို့ ခေါ်တာဖြစ်ပြီး လိုင်းမမိတာကြောင့် ပြန်ကျသွားကြောင်းပါ ဆက်ပြောပါတယ်။ ဒါနဲ့ ကျွန်မ လည်း ဘိုးဘိုးက ကျွန်မကို ဘာပြောချင်လို့လဲ လို့မေးပါတယ်။ ဒီတော့ ကျွန်မအဒေါ်က ဆက်ပြောပြ ပါတယ်။ ဘိုးဘိုးတို့ ဘုရားဖူး သွားရင်း ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်မစံမီ ရေကြည်တော် သုံးဆောင်တော်မူတဲ့ နေရာက ဘုရားကို ရောက်ပါတယ်တဲ့။ အဲဒီမှာ ဘိုးဘိုးတို့ ဘုရားဖူးအဖွဲ့ လမ်းညွှန်ရဲ့ ပြောပြချက် အရ အဲဒီ ဘုရားမှာ လိုရာဆုတစ်ခုတည်းကို တောင်းရင် ပြည့်ပါသတဲ့လေ။ ဒီတော့ ကျွန်မရဲ့ ဘိုးဘိုးက ကျွန်မ အလုပ်လိုချင်နေမှန်း သိလို့ ကျွန်မအလုပ်ရပါစေ ဆိုတဲ့ တစ်ခုတည်းသောဆုကို တောင်းခဲ့ပါတယ် တဲ့။ ကျွန်မကို အဲဒီ့အကြောင်းပြောချင်လို့ ဖုန်းခေါ်တာပါတဲ့လေ။
 
ကျွန်မလေ ၀မ်းသာ၊ ၀မ်းနည်းနဲ့ မျက်ရည်တောင် ကျရပါတယ်။ ကျွန်မက ငယ်ငယ်ကတည်းက မြေးဦးမို့ ဘိုးဘိုး၊ ဘွားဘွား၊ အဒေါ်တွေ ဆီမှာ နေပြီး ဘိုးဘိုးဘွားဘွားတို့ရဲ့ စောင့်ရှောက်မှု အောက်မှာ ကြီးပြင်းခဲ့သူ ပါ။ အဘိုးအဘွားနဲ့ နေတဲ့ မြေးဆိုတော့ ကျွန်မ တော်တော်လေး ကလေးဆိုး ဆိုးခဲ့ ပါတယ်။ အလိုမကျတိုင်း စိတ်ဆိုး၊ စိတ်ကောက်နဲ့ နေခဲ့တာပါ။ အဲဒီ အကျင့်က ခုထိတောင် မပျောက်ချင် ပါဘူး။ စာရေးဆရာကို လည်း မကြာခဏ စိတ်ကောက်ပါတယ်။ ကျွန်မ ဘွားဘွားက အလွန်အေးပါတယ်။ ကျွန်မကို ဆူလည်း ဆူခဲ ပါတယ်။ ဘိုးဘိုးကတော့ သူ့မျက်စိထဲ မတွေ့ရင် ကျွန်မကို မကြာခဏ ဆူပါတယ်။ တစ်ခါတလေ ဘိုးဘိုးနဲ့ ကျွန်မ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့  ကျွန်မကိုဆူရင် ဘိုးဘိုး ကျွန်မကို မချစ်ဘူးလို့တောင် ထင်ခဲ့ ပါတယ်။ ခုတော့  ဘိုးဘိုးအပေါ် အထင်လွဲခဲ့တာတွေကို ကျွန်မ စိတ်မကောင်း ဖြစ်မိပါတယ်။

တကယ်ဆို ဘိုးဘိုးမှာ တခြားတောင်းစရာ ဆုတွေ အများကြီး ရှိမှာပါ။ ဥပမာ - တရားထူးတရားမြတ်ရ ရလို၏ တို့၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါလို၏ တို့လိုပေါ့။ ဘိုးဘိုး တို့ အသက်အရွယ် အရ ဒီလိုနေရာမျိုးကို နောက်တစ်ခေါက်သွားဖို့ မလွယ်တော့ပါဘူး။ နောက်တစ်ဆု တောင်းဖို့လည်း မဖြစ်နိုင်တော့ပါဘူး။ ဒါကို ဘိုးဘိုးက ဘိုးဘိုးအတွက်ဆုကို မတောင်းဘဲ ကျွန်မအတွက် ဆုတောင်းပေးခဲ့တယ် ဆိုတော့ ကျွန်မ၀မ်းသာ၊ ၀မ်းနည်း ဖြစ်ရတာပေါ့ရှင်။ ၀မ်းသာတာက ကျွန်မကို ဘိုးဘိုး အလွန်ချစ်မှန်း သိလိုက်ရလို့ပါ။ ၀မ်းနည်းတာ က အရင်က ဘိုးဘိုးရဲ့မေတ္တာကို နားမလည်ဘဲ ကျွန်မစိတ် အလိုမကျတိုင်း စိတ်ဆိုး၊ စိတ်ကောက်ပြီး ဆိုးခဲ့ တာတွေ အတွက်ပါ။

အလုပ်အရမ်းလုပ်ချင်ပြီး အလုပ်မရတဲ့ ကျွန်မ တစ်ခါတလေ တစ်ယောက်တည်း စိတ်ညစ်နေတတ် ပါတယ်။ ဒါပေမဲ့ ကျွန်မမှာ ကျွန်မကိုအလွန်ချစ်တဲ့ ခင်ပွန်းသည် စာရေးဆရာရှိတယ်။ ကျွန်မ ကို ၀ိုင်းချစ်နေကြတဲ့ ကျွန်မ ရဲ့ ဘိုးဘိုး၊ ဘွားဘွား၊ မေမေ၊ ဖေဖေ၊ အဒေါ်တွေ၊ ဦးလေးတွေ ရှိတယ်။ ခုတော့ ကျွန်မဘ၀ဟာ တော်တော် ပြည့်စုံပါလားလို့ ခံစားမိလာပါတယ်။ ကျွန်မမှာ နွေးထွေးလုံခြုံတဲ့ မိသားစုလေး ရှိနေတယ်လေ။ ကျွန်မမှာ ဘာပူပင်စရာများ ရှိဦးမှာလဲနော်။ ကျွန်မ ဘိုးဘိုးတောင်းခဲ့တဲ့ ဆုလည်း သေချာပေါက် ပြည့်ဝ လိမ့်မယ်လို့ ကျွန်မ ယုံကြည်နေမိပါတယ်ရှင်။

ပါရမီဖြည့်ဖက်လေး
၁၄း၁၀ နာရီ
၎.၁၂.၂၀၁၀

Tuesday, November 30, 2010

“ကိုယ့်နေ့”

4 comments
 လွန်ခဲ့တဲ့ အပတ်က ကျွန်မကျောင်းက သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြောဖြစ်ပါတယ်။ သူငယ်ချင်းက သူနဲ့ သူ့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်ရင်း ကျွန်မအကြောင်း ပြောဖြစ်တော့ သူ့သူငယ်ချင်း က ကျွန်မ ရဲ့ နာမည်ကို သိနေတယ်။ ရန်ကုန်မှာတုန်းက L.C.C.I Level (3) ဖြေဖို့ သူတက်ခဲ့တဲ့ သင်တန်းနဲ့ ကျွန်မတက်ခဲ့တဲ့ သင်တန်းချင်းလည်း တူနေတယ်။ အဲဒီတော့ သူ့ သူငယ်ချင်း ဖြစ်နေမလား မသိဘူး ဆိုပြီး ကျွန်မကို သူ့ နာမည် ပြောပြီး မေးကြည့်ပေးပါလို့ ပြောတယ်တဲ့။ ဒါနဲ့ ကျွန်မလည်း ဟုတ်လား၊ ကျွန်မ နာမည်ကို သိတယ်တဲ့လား။ သူ့နာမည်က ဘယ်သူတဲ့လဲ လို့မေးတော့ ကျွန်မ သူငယ်ချင်းက သူ့နာမည်ကို ပြောပြပါတယ်။ ကျွန်မလည်း အရမ်းအံ့သြပြီး ပျော်ရွှင်သွားပါတယ်။ ဟုတ်ပါတယ်။ ကျွန်မနဲ့ အလွန် ခင်ခဲ့တဲ့ သူငယ်ချင်းပါပဲ။

၂၀၀၂ ခုနှစ် ကျွန်မ ပထမနှစ် ကျောင်းသူဘ၀မှာ L.C.C.I Level (3) ဖြေဖို့ သင်တန်း သွားတက်ရာ ကနေ သိကျွမ်း ခင်မင်ခဲ့ရသူပါ။ သင်တန်းမှာ ခင်တယ်ဆိုပေမယ့် ငယ်သူငယ်ချင်းများ နီးပါးကို ရင်းနှီးသွားခဲ့ ကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အတန်းထဲမှာ အိပ်ငိုက်လည်း အတူတူ၊ စာမရလည်း အတူတူမို့ပါ။  ပြီးတော့ ကျွန်မတို့တွေ တစ်ယောက်နဲ့ တစ်ယောက် စိတ်ရင်းနဲ့ ပေါင်းဖြစ်ခဲ့ကြလို့ ထင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ လျှိုတာ၊ ၀ှက်တာ၊ မနာလိုတာ၊ ပြိုင်ဆိုင်တာ မရှိခဲ့ကြပါဘူး။ စာမေးပွဲနီးတဲ့ အခါမှာ လည်း သင်တန်းချိန် ပြင်ပမှာ ကျွန်မနဲ့ သူ Guide တစ်ယောက် ခေါ်ပြီး ကျွန်မအိမ်မှာ ပဲ သင်ခဲ့ ကြတော့ ပိုပိုပြိး ရင်းနှီးသွားပါတော့တယ်။

စာမေးပွဲတွေ ဖြေပြီး အောင်စာရင်းတွေ ထွက်တဲ့ အထိလည်း  လည်ကြ၊ ပတ်ကြ နဲ့ ပျော်ခဲ့ကြ၊ အဆက် အသွယ် မပြတ်ခဲ့ကြပါဘူး။ အောင်စာရင်းထွက်ပြီး မကြာမီ ၂၀၀၃ ခုနှစ် မှာတော့ ကျွန်မ ကုမ္ပဏီ တစ်ခုမှာ စာရင်းကိုင် အလုပ် ရသွားပါတယ်။ သူကတော့ Day တက်သူမို့ ကျောင်း ဆက်တက်ရ ပါတယ်။ အဲဒီ့ နောက်ပိုင်း ကျွန်မကလည်း ရုံးအလုပ်နဲ့ သူ ကလည်း ကျောင်းနဲ့မို့ အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။ အဆက်အသွယ် မရှိတော့ပေမယ့် ကျွန်မ သူ့ကို အမြဲ သတိရနေ ခဲ့ပါတယ်။

ဒီလိုနဲ့ (၇)နှစ်ကြာပြီး အခု ၂၀၁၀ ကုန်ခါနီးမှ သူနဲ့ ကျွန်မ အဆက်အသွယ် ပြန်ရခဲ့တာပါ။ ကျွန်မ ကျောင်းက သူငယ်ချင်းက တစ်ဆင့် သူ့ရဲ့ ဖုန်းနံပါတ်ရတော့ ကျွန်မ သူ့ဆီ ဖုန်းဆက်လိုက်ပါတယ်။ သူကလည်း အလွန် ၀မ်းသာနေပါတယ်။ ဒါနဲ့ အနီးဆုံး ရုံးပိတ်ရက်မှာ ဆုံဖို့ ဆုံးဖြတ်လိုက်ကြ ပါတယ်။ ဒီတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျွန်မဆီကို သူ လာတွေ့ပါတယ်။ သူငယ်ချင်းနှစ်ယောက် တွေ့တော့ ပျော်လိုက်ကြတာ မပြောပါနဲ့တော့။ သူကတော့ ဆံပင်ပုံစံကလွဲရင် ဘာမှမပြောင်းလဲပါဘူး။

ကျွန်မတို့ သူငယ်ချင်းနှစ်ယောက် ကျွန်မအိမ်နားက ပန်းခြံလေးထဲ လမ်းလျှောက်ဖြစ်ကြပါတယ်။ (၇)နှစ် လောက် မတွေ့ရတဲ့ သူငယ်ချင်းနှစ်ယောက် ပြောလိုက်ကြတာ ရေပက်မ၀င်ပါပဲ။ ပြောတဲ့ အကြောင်းအရာ တွေကလည်း စုံနေတာပဲ။ သူငယ်ချင်းက စင်္ကာပူကို ၂၀၀၇ ခုနှစ် ကတည်းက ရောက်နေတာပါ။ သူက အလုပ်လည်း လုပ်နေပါပြီ။ ကျွန်မကတော့ ဒီနှစ်ထဲမှာမှ ရောက်လာပြီး အလုပ်ကလည်း ရှာဆဲ ဆိုတော့ သူရဲ့ အတွေ့အကြုံတွေကို အဓိက နားထောင်ရတာပေါ့ရှင်။

သူငယ်ချင်းက ကျွန်မကို အားပေးပါတယ်။ သူလည်း ရောက်ခါစက ရုန်းကန်ခဲ့ရတာတွေလည်း ပြောပြ ပါတယ်။  သူငယ်ချင်းလည်း ရောက်ခါစက ကျောင်းတက်ပါတယ်။ နောက်ပိုင်း အလုပ်ရတော့ ကုမ္ပဏီ ကြီးကြီးမှာကို ရတာပါ။ ကျွန်မ သူငယ်ချင်းက ကံကောင်းပါတယ်။ သူ အလုပ်ရတော့ သူရဲ့ စီနီယာက အစစ သင်ပြပေးပါတယ်။ သူငယ်ချင်းကလည်း ကြိုးစားပါတယ်။ ဖြစ်ချင်တော့ သူငယ်ချင်းရတဲ့ ကုမ္ပဏီက အပြင်ပန်းမှာသာ အထင်ကြီးစရာ ကောင်းနေပြီး အတွင်းမှာ လှိုက်စားနေပါပြီ။ Financial Problem နဲ့ ရင်ဆိုင်နေရတဲ့ ကုမ္ပဏီဖြစ်နေတော့ Account Department ကလူတွေ အားလုံး နံနက်(၉)နာရီကနေ ည(၉)နာရီအထိ အလုပ်လုပ်ရပါတယ်။ ကျွန်မ သူငယ်ချင်းကလည်း Accountant ဆိုတော့ သူလည်း ပင်ပန်းတော့တာပေါ့ရှင်။ ဒါပေမဲ့ ကျွန်မ သူငယ်ချင်း အဖို့ လုပ်ငန်းအတွေ့အကြုံ ကောင်းတွေ ရခဲ့ပါတယ်။

သူအလုပ်ဝင်ပြီး မကြာမီမှာပဲ သူ့ကုမ္ပဏီဟာ Bankrupt ဖြစ်သွားပါတော့တယ်။ ဒီတော့ သူတို့ကို ထုတ်ပေးထားတဲ့ S Pass တွေဟာ cancel ဖြစ်ကုန်တာပေါ့။ တစ်ခုကံကောင်းသွားတာက အဲဒီ့ ကုမ္ပဏီနဲ့ Group တစ်ခုတည်း ဖြစ်တဲ့ အခြားကုမ္ပဏီက သူအပါအ၀င် ၀န်ထမ်းတွေကို လွှဲယူလိုက်ပါတယ်။ ဒီတော့ ကျွန်မ သူငယ်ချင်း အလုပ်သစ်ရှာစရာမလိုဘဲ အဆင်ပြေသွားတာပေါ့ရှင်။ အဲဒီ့ကုမ္ပဏီမှာ ဆက်လုပ်ရင်း သူ ရာထူး တိုပေးခြင်း ခံရပါတယ်။ အဲဒီ့နောက်မှာ သူ့ကို အလွန်ခင်တဲ့ သူ့ရဲ့ စီနီယာ  အလုပ်က ထွက်သွားပြီး မကြာမီ သူလည်း အဲဒီ့ ကုမ္ပဏီကနေ ထွက်လိုက်ပါတယ်။

သူ အလုပ်အသစ်ရှာပါတယ်။ ချက်ချင်းပဲ အလုပ်သစ်ရပါတယ်။ အလုပ်သစ်က အရင် ကုမ္ပဏီလောက် မကြီးပါဘူး။ SME အဆင့်လောက်ပါ။ ဒါပေမယ့် သူ့အတွက် ပိုကောင်းပါတယ်။ အဲဒီ ကုမ္ပဏီမှာ သူ့ခြေ သူ့လက် လုပ်ခွင့်ရပါတယ်။ Accountant က သူတစ်ယောက်ပဲ ရှိပါတယ်။ သူ့ Boss က သူ့ကို အလွန်ယုံကြည် အားကိုးပါတယ်။ အရင် ကုမ္ပဏီက အတွေ့အကြုံတွေကို သူ ကောင်းကောင်း အသုံးချခွင့် ရပါတယ်။

သူ့ရဲ့လက်အောက်မှာ Invoice ထုတ်တဲ့ ဖားမ(ဖိလစ်ပိုင်မ)  တစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ အလုပ်ကို အင်မတန် ပျင်းပါတယ်တဲ့။ လုပ်ရင်လည်း အမှားတွေပဲ လုပ်ပါတယ်တဲ့။

သူငယ်ချင်း အလုပ်ဝင်ပြီး မကြာမီ အဲဒီ့ ကုမ္ပဏီက Engineering ပိုင်းနဲ့ ပတ်သက်ပြီး ၀န်ထမ်း ထပ်ခေါ် ပါတယ်။ မြန်မာ ကောင်လေးတစ်ယောက် ကို အင်တာဗျူး ခေါ်ပါတယ်။ ကောင်လေးက Application တောင် ကောင်းကောင်း မဖြည့်တတ်ပါဘူး။ Boss ကလည်း အဲဒီ့ကောင်လေးကို မေးရတာ အဆင်မပြေလို့ ကျွန်မ သူငယ်ချင်းကို စကားပြန်လုပ်ခိုင်းပြီး အင်တာဗျူးပါတယ်။ ကြားဖူးကြရဲ့လားရှင်။ စင်္ကာပူမှာ စကားပြန်နဲ့ အင်တာဗျူးတာ။ တကယ်ပါ။ ကောင်လေး အလုပ်ရသွားပါတယ်။ ကဲ - ဘယ်လောက် အလုပ်ကံ ကောင်းတဲ့ ကောင်လေး ပါလဲ။ ကျွန်မ သူငယ်ချင်း ကလည်း ကိုယ့် လူမျိုးချင်းမို့ တတ်နိုင်သလောက် ကူညီပါတယ်။ ကျွန်မသူငယ်ချင်းက ကူညီတတ်သူပါ။ အဲဒီ့နေ့က ကျွန်မကို လာတွေ့တော့တောင် ကျွန်မဒီမှာ အလုပ်လုပ်ရင် လိုအပ်မယ့် လေ့လာစရာလေးတွေကို  Print ထုတ်ပြီး ယူလာပေးပါတယ်။ ကျွန်မ အလုပ်ရှာနေမှန်း သိလို့ပါ။

ကောင်လေး အလုပ်ဝင်တော့ သူက အလုပ်လည်း မကျွမ်းကျင်၊ ဘာသာစကားလည်း အဆင်မပြေနဲ့မို့ သူငယ်ချင်းက အလုပ်ကြိုးစားဖို့နဲ့ အင်္ဂလိပ်စာ လေ့လာဖို့ပြောတော့ ကောင်လေးက သူငယ်ချင်းကို အစ်မ ရှိနေတာပဲ။ မသိရင် အစ်မကိုပဲ လှမ်းမေးလိုက်ရုံပေါ့ လို့ ပြောပါတယ်ရှင်။ သူငယ်ချင်းလည်း စိတ်ကုန်သွားပါ တော့တယ်။

အဲဒီ့နေ့က ကျွန်မသူငယ်ချင်း ပြန်သွားတော့  ဒီအကြောင်းတွေ စာရေးဆရာကို ပြန်ပြောပြဖြစ်ပါတယ်။ ကျွန်မခေါင်းထဲမှာလည်း အတွေးတွေ အများကြီးရခဲ့ပါတယ်။ လူတွေဟာ ကံ၊ ဥာဏ်၊ ၀ီရိယ ဆိုတဲ့ သုံးမျိုးနဲ့ ဘ၀တစ်လျှောက်လုံး ကြိုးပမ်း ရပ်တည်နေကြတာပါ။  ဘ၀ တစ်လျှောက်လုံး မှာ ကံဆိုး၊ ကံကောင်း၊ ကံနိမ့်၊ ကံမြင့် ဆိုတာ တစ်လှည့်စီ ရှိနေတတ်ကြပါတယ်။ ကံဆိုးတဲ့ အချိန်မှာလည်း ကိုယ့်မှာ ရှိနေတဲ့ ဥာဏ်နဲ့ ၀ီရိယ စိုက်ထုတ်ပြီး ကြိုးစားရပါတယ်။ ကံကောင်းနေတဲ့ အချိန်မှာ လည်း ငါ ကံကောင်း နေတာပဲ ဆိုပြီး ဥာဏ်ကို ထုတ်မသုံး၊ ၀ီရိယ မစိုက်ပဲ မျှောလိုက်နေဖို့ မသင့်ဘူး လို့ ထင်ပါတယ်။ ကျွန်မ သူငယ်ချင်းလည်း တစ်ချိန်က ရုန်းကန်ခဲ့ရတာပါပဲ။ ခုတော့ သူက ကံ၊ ဥာဏ်၊ ၀ီရိယ သုံးမျိုးစုံတဲ့ အချိန်ကို ရောက်နေပါပြီ။

ကျွန်မဆို ရန်ကုန်မှာ ကုမ္ပဏီ စာရင်းကိုင်အလုပ် လုပ်သက် (၇)နှစ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကံမလိုက်တော့ ခုထိ အလုပ်ကို ခက်ခက်ခဲခဲ ရှာနေရဆဲပါ။ အလုပ်ရပြန်တော့လည်း ကျွန်မကိုခန့်တဲ့ ကုမ္ပဏီရဲ့ လိုအပ်ချက် ကြောင့် ကျွန်မရဲ့ S Pass Application ကို reject လုပ်ခံရပါတယ်။  ဒါပေမဲ့ ကျွန်မ  အားမလျှော့ပါဘူး။ ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသရွေ့ ကြိုးစားရှာဖွေ ပါတယ်။ ကံအတွက်လည်း ကျွန်မမှာ အားကိုးဖို့ ဘာသာရေး ရှိပါတယ်။ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ် ပါတယ်။ အနန္တောအနန္တ ငါးပါးကို ရိုသေ ကိုင်းရှိုင်းပါတယ်။ အလုပ် မရမီ ပညာလည်း ဆက်လက် ဆည်းပူးနေပါတယ်။ ကျွန်မကိုယ် ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မ ခုချိန်မှာ ကံ မရှိသေးရင်တောင် ဥာဏ်နဲ့ ၀ီရိယရှိပါတယ်။ ဒါကြောင့် ကျွန်မ အားမလျှော့ ပဲ ဆက်လက် ကြိုးစား နေဦးမှာပါ။ ကံမျက်နှာသာ ပေးမယ့်နေ့လည်း ရောက်လာလိမ့်မယ်လို့ ယုံကြည် ပါတယ်။

လောလောဆယ်တော့ ကံ၊ ဥာဏ်၊ ၀ီရိယ သုံးပါးနဲ့ ပြည့်စုံနေတဲ့ သူငယ်ချင်းလို လူတွေကို အားကျရင်း၊ ဥာဏ်၊ ၀ီရိယ မရှိပေမယ့် ကံတစ်ခုတည်းနဲ့တင် လုပ်သမျှ တင့်တယ်နေတဲ့ သူတွေရဲ့ဘ၀ကို ငေးမောရင်း၊ ကျွန်မ အတွက် အလုပ်ကံ ကောင်းလာမယ့်  နေ့တစ်နေ့ကို စောင့်မျှော်နေမိ ပါတော့ တယ်။                ။

ပါရမီဖြည့်ဖက်လေး
၂၁း၂၀ နာရီ
၃၀.၁၁.၂၀၁၀

Saturday, November 27, 2010

“ဈေးဝယ်ရတာ ကျေနပ်စရာ”

4 comments


ဒီနေ့တော့ စာရေးဆရာ အလုပ်နားရတဲ့ ရှားရှားပါးပါး စနေနေ့ လေးလေ။ ပုံမှန်ရက်တွေဆို သူ့ခမျာ အလုပ် သွားဖို့ နံနက် ငါးနာရီခွဲဆို အိပ်ရာက ထရပါပြီ။ ကျွန်မ မှာလည်း အိပ်ယာကထပြီး စာရေးဆရာ နံနက်စာ စားဖို့ ထမင်းကြော်၊ ခေါက်ဆွဲသုပ်၊ ကော်ဖီနဲ့ မုန့် စတာတွေကို တစ်ခုမဟုတ်တစ်ခု ပြင်ဆင်ပေးရပါတယ်။ နေ့လယ်စာ ထမင်းဘူးလည်း ပြင်ပေးရပါတယ်။ စာရေးဆရာက ရုံးမှာ ထမင်း ၀ယ်စားလေ့ မရှိပါဘူး။ သူက တရုတ်ဆိုင်တွေက ၀ယ်စားရတာ မကြိုက်ပါဘူး။ အရင်ကတည်းက လည်း ပြင်ပအစားအစာ စားလေ့ မရှိပါဘူး။ အိမ်ထမင်း အိမ်ဟင်းကိုသာ ခုံခုံမင်မင် စားလေ့ရှိပါတယ်။ ကျွန်မကတော့ ငယ်စဉ်ကတည်းက လမ်းမှာ တွေ့ရာမုန့်၊ တွေ့ရာ အစားအစာ စားရတာကို အလွန် သဘောကျပါတယ်။ ဒီနေ့ သူ အလုပ် မသွားဘူး ဆိုတော့ ထမင်းဘူးရော၊ နံနက်စာပါ ပြင်ပေးစရာ မလိုဘူးပေါ့။ ဒီတော့ ကျွန်မလည်း နေမြင့်တဲ့ အထိ အားရအောင် အိပ်ပါတော့တယ်။

အိပ်ရာက ထပြီးတော့ ကျွန်မတို့ဇနီးမောင်နှံ အိမ်နားက ကော်ဖီဆိုင်မှာ နံနက်စာ သွားစားကြပါတယ်။ စားပြီးတော့ ဈေးသွားဝယ်မယ်ပေါ့။ SHENG SIONG ရောက်တော့ ဘာချက်ရင် ကောင်းမလဲ စဉ်းစား ပါတယ်။ ဒီနေ့ အလုပ်နားရက် ဖြစ်တော့ ကြေးအိုးလုပ်စားဖို့ ကြံရွယ်လိုက်ပါတယ်။ ဒီတော့ ကျွန်မလည်း ၀က်သား၊ ၀က်အူချို၊ မုန်ညင်းစိမ်း စတာတွေနဲ့ နောက်ရက်အတွက် ဟင်းချက် စရာလေးတွေ ၀ယ်ပါတယ်။ စာရေးဆရာကလည်း ခြင်းတောင်းလေးဆွဲပြီး နောက်က လိုက်ပါတယ်။ အိမ်အတွက် အခြား လိုအပ်တာ လေးတွေ ၀ယ်ရအောင် လိုက်ကြည့်တော့ ဟင်းပန်းကန်လေးတွေ တွေ့တာနဲ့ ချစ်စရာလေးတွေမို့ ကျွန်မလည်း စိမ်ပြေနပြေ ရွေးပါတော့တယ်။ ကျွန်မက အကျင့် တစ်ခုရှိပါတယ်။ ဈေးဝယ်ရင် ပစ္စည်းရွေးတာ အရမ်းကြာပါတယ်။ ကိုယ်က လှတယ်ထင်ပြီး ရွေးလိုက်၊ ပြီးရင် ကိုယ်မရွေးထားတာက ပိုလှတယ်ထင်ပြီး လက်ထဲက ပထမရွေး ထားတာကို ပြန်ချ၊ အသစ်တစ်ခုကို ပြန်ရွေးနဲ့၊ ချလိုက် ရွေးလိုက် အကြာကြီး လုပ်နေ တတ်ပါတယ်။ အဲဒီတော့ ခုလည်း ကျွန်မက ပန်းကန်တွေကို ချလိုက်၊ ရွေးလိုက်နဲ့ လုပ်နေ ပြန်တာပေါ့။ စာရေးဆရာ ကလည်း နောက်နားကနေ ခြင်းတောင်းလေးချပြီး ငုတ်တုတ်ထိုင်စောင့်ပါတယ်။

ဒါကို ဈေးလာဝယ်တဲ့ ကုလားမကြီး တစ်ယောက်က တွေ့တော့ စာရေးဆရာကို ကြည့်ပြီး တော်တော် မောနေလား လို့မေးပါတယ်။ စာရေးဆရာကလည်း ရယ်နေပါတယ်။ ပြီးမှ စာရေးဆရာက ကုလားမကြီးကို ကျွန်မ ပစ္စည်းရွေးနေတာ ကြာလို့ သူစောင့်နေတဲ့အကြောင်း ပြောပြတော့ ကုလားမကြီးက မင်းဟာ ခင်ပွန်းကောင်းပဲ၊ တချို့တွေဆို မြန်မြန်လုပ် မြန်မြန်လုပ်နဲ့ သူတို့ မိန်းမ ဈေးဝယ်တာ ကြာတာကို ပြောတတ် ကြတယ်။ ဒါကြောင့် မင်းမောနေလားလို့ ငါမေးတာပေါ့ ဆိုပြီး စာရေးဆရာကို ပြောပါတယ်။

ခဏနေတော့ ကုလားမကြီးက မင်းတို့ မြန်မာလားလို့ ဆက်မေးပါတယ်။ စာရေးဆရာရော ၊ ကျွန်မပါ ဟုတ်ပါတယ် လို့ ဖြေလိုက်ပါတယ်။ ကုလားမကြီးက မင်းတို့ အိမ်ဝယ်ထားတာလား လို့ မေးတော့ စာရေးဆရာက မဟုတ်ပါဘူး၊ ငှားနေပါတယ် လို့ ဖြေလိုက်ပါတယ်။ ကုလားမကြီးက PR လားလို့ ဆက်မေး ပါတယ်။ စာရေးဆရာက S Pass ပါလို့ ဖြေတော့ ကုလားမကြီးက ဒါဆို နောက်ဆို PR ဖြစ်မှာပေါ၊့ PR ဖြစ်ရင် အိမ်ကောင်းကောင်း ၀ယ်လေ လို့ပြောပြီး ထွက်သွားပါတယ်။ စာရေးဆရာက လည်း ကျေးဇူးတင်ပါတယ် လို့ ပြန်ပြောလိုက်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလို လူမျိုးခြားတစ်ယောက်က ကျွန်မတို့နဲ့ တစ်ခါမှ မသိဘဲ ဈေးဝယ်လာရင်း ခဏလေး တွေ့ရုံနဲ့ ကျွန်မတို့ အတွက် ကောင်းစေချင်လို့ ဆုတောင်းသလို ပြောသွားတာကို အတော်ပဲ ၀မ်းသာမိ ပါတယ်။ အတိတ်နိမိတ်ကောင်း လို့လည်း ယူဆမိပါတယ်။ တချို့ဆို ကိုယ့်မြန်မာ အချင်းချင်းလည်း ဖြစ်၊ ခင်မင်ရင်းစွဲ ရှိပြီးသားလည်း ဖြစ်တာတောင် နှိမ်ချင်သလိုလို ပြောဆို ပြုမူပြောဆို နေတာတွေကို မကြာခဏ တွေ့ကြုံ ခံစားရ ပါတယ်။ အဲဒီ့အကြောင်းနဲ့ ပတ်သက်လို့ တောင်မှ စာရေးဆရာက သူ့ဘလော့ 'အဖြူရောင်လမ်းကလေး' မှာ 'သူအရင်၊ ငါအရင်၊ ဟိုအရင်' ဆိုပြီး ပို့စ် တင်ထားဖူး ပါသေးတယ်။

ကျွန်မတို့ နှစ်ယောက်လည်း ကုလားမကြီး ပြောစကားကို သဘောကျပြီး ပြန်လာခဲ့ကြ ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီနေ့ ဈေးဝယ်ရတာ ဒီကုလားမကြီး ပြောတဲ့ စကားနဲ့တင် တော်တော်ကျေနပ်ဖို့ ကောင်းသွား ပါပြီ။           ။

Related Posts Plugin for WordPress, Blogger...