Wednesday, December 1, 2010

“ချဉ် ပူ စပ် နွှဲ ထမင်းပွဲ”

ကျွန်မ ဒီနေ့ ကိစ္စတစ်ခုရှိလို့ Bugis ဘက် ခဏသွားတယ်။ ကိစ္စပြီးလို့ အိမ်ပြန်ဖို့ Bugis MRT ထဲမှာ MRT စောင့်နေတုန်း စာရေးဆရာဆီက ဖုန်းလာတယ်။ ထုံးစံအတိုင်း။ ဘယ်ရောက်နေပြီလဲပေါ့လေ။ ဒါနဲ့ ကျွန်မလည်း Bugis MRT ထဲ ရောက်နေပြီ။ ရှောက်သီးသုပ်စားချင်လို့ City Hall မှာ ဆင်းပြီး ရှောက်သီး ၀င်ဝယ်ဦးမယ် ဆိုတော့ စာရေးဆရာက တစ်ခေါက်ဆင်းနေရဦးမယ်၊ ၀ယ်မနေပါနဲ့ ဆိုတော့ ကျွန်မလည်း စားချင်စိတ်ကို အောင့်ထားလိုက်ပါတော့မယ်ဆိုပြီး City Hall မ၀င်ဘဲ အိမ်ကိုပဲ တန်းပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အောင့်လို့မရဘူး။ အစားတစ်ခုကို စားချင်စိတ်ပေါက်လာရင် စားရမှ။ ကျွန်မက အစားမက်တဲ့သူလေ။ ဒီတော့ အိမ်နားရောက်တော့ မြန်မာဆိုင်မှာ ရှောက်သီးရှိမလား ဆိုပြီး ၀င်ရှာကြည့်ပါတယ်။ ရှောက်သီးတော့ မရှိဘူး၊ သံပုယိုသီးပဲရှိတယ်တဲ့။ ကျွန်မလည်း မထူးပါဘူး။ ရှိတာနဲ့ သုပ်စားမယ်။ ချဉ်တာ ချင်းတော့ တူမှာပါပဲပေါ့လေ ဆိုပြီး သံပုယိုသီး ၀ယ်ပြီး အိမ်ပြန်ခဲ့ပါတယ်။

အိမ်ရောက်တော့ ဘာချက်ရမလဲကြည့်တော့ ၀က်သားရှိတယ်။ ဒါနဲ့ ၀က်သားပဲငံပြာရည်ဟင်းလေး ချက်လိုက်တယ်။ ရှောက်သီးသုပ် နဲ့စားမှာဆိုတော့ ငရုတ်သီးနဲ့ ဆီပြန်ကြီးဆို စားကောင်းမှာ မဟုတ်ဘူး ထင်လို့လေ။ တကယ်တော့ စာရေးဆရာက ဟင်းကို အဖြူထည် ဘယ်တော့မှ မစားပါဘူး။ သူက ငရုတ်သီးနဲ့ ချက်မှကြိုက်ပါတယ်။ ကျွန်မလည်း ဒီနေ့တော့ သည်းခံစားဖို့ ပြောလိုက်မယ်ဆိုပြီး အဖြူထည်ပဲ ချက်လိုက် ပါတယ်။

သံပုယိုသီးသုပ်ဖို့ သံပုယိုသီးကို အမွှာလေးတွေ နွှာပြီး ခါးမသွားအောင် ပန်းကန်လေးထဲမှာ ဆားရည် လေး နည်းနည်းနဲ့ စိမ်ပြီး ရေခဲသေတ္တာာထဲ ထည့်ထားလိုက် ပါတယ်။ ပြီးတော့ ကြက်သွန်နီ ပါးပါးလှီး ရေဆေးပြီး ဇကာနဲ့ စစ်ထားပါတယ်။ ပုဇွန်ခြောက်မှုန့်၊ ပဲမှုန့်၊ မြေပဲလှော်ထောင်း၊ ကြက်သွန်ဖြူဆီချက်၊ ငါးပိစိမ်းစားမီးကင်၊ ငရုတ်သီးစိမ်း ပါပါးလှီး အားလုံး အဆင်သင့် ပြင်ထားလိုက် ပါတယ်။ ပြီးတော့ ရှောက်သီးသုပ်နဲ့ တွဲဖက်ဖြစ်တဲ့ ကြာဇံဟင်းခါးလေး ချက်လိုက် ပါတယ်။ စာရေးဆရာ ပြန်လာတော့ ၀က်သား အဖြူထည်ဟင်းကို တစ်ချက်တော့ ကြည့်ပါတယ်။ ဘာမှတော့ မပြောရှာပါဘူး။ ဒီတော့ ကျွန်မလည်း ဘာမှ ပြောမနေတော့ဘဲ ခုနက သံပုယိုသီးသုပ်ဖို့ ပြင်ထား တာတွေ အားလုံးရောပြီး အချိုမှုန့်၊ ဆား၊ ငရုတ်သီးမှုန့်၊ ငံပြာရည်လေး ထည့်သုပ်လိုက် ပါတယ်။ သံပုယိုသီးက တစ်လုံးတည်းမို့ သိပ်မချဉ်တာကြောင့် သံပုရာသီး တစ်လုံးပါ ညှစ်ထည့်လိုက် ပါသေးတယ်။ ဒီနေ့ညတော့ ချဉ်ချဉ်စပ်စပ် သံပုယိုသီးသုပ်ရယ်၊ ငရုတ်ကောင်းနဲ့ ကြာဇံဟင်းခါး ပူပူလေးရယ် ကို ၀က်သား ပဲငံပြာရည် အချိုချက်လေးနဲ့ ဆိုတော့ ခံတွင်းကို တွေ့သွား တာပါပဲရှင်။


ဒါလေးက ချဉ်ချဉ်စပ်စပ် သံပုယိုသီးသုပ်လေးပါရှင်


ကြာဇံဟင်းခါး ပူပူလေးနော်


ဝက်သားပဲငံပြာရည် အချိုချက်လေး


7 comments:

rose said...

ရှောက်သီးသုပ်လေးနဲ ကြာဇံပာင်းခါးလေး သောက်သွားတယ်နော်။ ချဉ်ငန်စပ်ဆို ကြိုက်မှ ကြိုက်ပဲ။

Baby taster said...

ဝက်သားရှောင်ပြီး ကျန်တာစားသွားတယ်
မိုက်တယ် ဒီမှာဆို အရမ်းအေးနေတော့
အသုပ်နဲ့ ဟင်းခါးပူပူလေးဆို သိတ်ကောင်းမှာ
ဒီနေရာကို ရောက်တဲ့သက်တမ်း တလျှောက်မှာ
ရှောက်သီး တခါပဲ စားဖူးသေးတယ်။ အမြဲ သံပုယိုသီးပဲ
သုပ်စားနေရတယ်။

Evy said...

ပန်းကန်လေးတွေချစ်စရာလေးတွေနော်

မြူးမြူး said...

စားချင်စရာဟင်းလေးတွေရော ဟင်းထည့်တဲ့ခွက် လှလှလေးတွေကိုရော သဘောကျသွားတယ်.. သံပုယိုသီးက သုပ်ထားပြီးကြာသွားရင်တောင် ခါးမသွားဘူးသိလား.. အလွယ်တကူလဲဝယ်လို့ရနေတော့ ရှောက်သီးတောင်ရှာမနေတော့ဘူး.. ခဏခဏစားဖြစ်တယ်.. ခုတောင်စားချင်သွားပြီ.. ညနေကျရင်သုပ်စားဦးမှ..

ပါရမီဖြည့်ဖက်လေး said...

ဟုတ်လား - မမြူးရေ။ ရှောက်သီးလို ခါးသွားတတ်မယ် ထင်လို့ ဆားရည် စိမ်ထားလိုက်တာ။ သံပုယိုသီးကို ခုမှ စပြီး သုပ်စားဖြစ်တာလေ။ သံပုယိုသီးက ကြာလည်း ခါးမသွားဘူးဆိုတာ ခုမှသိတယ်။ ကျေးဇူးနော်။

Anonymous said...

အမရေ...ရှက်ရှက်နဲ့ ဝန်ခံရရင်..
အချဉ်ဆို ကြိုက်လွန်လွန်းလို့ ..
သွားရေလေးတောင် ယိုတိုတို။ :)
ရှောက်သီးသုတ်လေး စားချင်စိတ်ပေါက်လာတယ်။:)
..ခင်မင်လျှက်..ခင်မာလာအောင်..:)

Sunny said...

အားလုံးကြိုက် .. အားလုံးကြိုက်.. အားလုံးစားသွားမယ်နော်.. :)

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...