Sunday, December 18, 2011

" ကျွန်မရဲ့ဒီဇင်ဘာအားလပ်ရက် ခရီး " (၂)

2 comments
Genting ကနေ ၁၂နာရီခန့်မှာ ကားစထွက်ပြီး လမ်းမှာ ဒေသထွက် စားသောက်ကုန် အရောင်းဆိုင်မှာ မိနစ်၃၀ခန့် ရပ်နားပါတယ်။ KL က ကျွန်မတို့တည်းမယ့် ဟိုတယ်ကို မွန်းလွဲ နှစ်နာရီခွဲဝန်းကျင်ခန့်ရောက်ပါတယ်။ ဟိုတယ်ရောက်တော့ Check In လုပ်၊ အထုပ်အပိုးတွေ အခန်းထဲမှာ ထားပြီး နေ့လယ်စာ ထွက်စားပါတယ်။ စားပြီးတာနဲ့ KLCC ဆီကို ချီတက်ပါတယ်။ စာရေးဆရာတို့ လုပ်ပုံမှာ KLCC ရှေ့လည်းရောက် ကျွန်မက ဓါတ်ပုံရိုက်ဖို့ အိုင်တင်လုပ်နေခါမှ ကင်မရာထုတ်၊ချိန်ပြီး ရိုက်မယ်အလုပ်၊ ဒီတော့မှ သိတယ် ကင်မရာထဲမှာ ဓါတ်ခဲမပါခဲ့ဘူးတဲ့လေ။ ဒီတော့ နှစ်ယောက်သား ဟိုကြည့် သည်ကြည့် ဖုန်းလေးနဲ့ ခဏ ဟိုရိုက်သည်ရိုက် လုပ်ပြီး ဟိုတယ်ပြန် အနားယူကြပါတော့တယ်။

နောက်တစ်နေ့နံနက်မှာ စောစာထ ဟိုတယ်က ကျွေးတဲ့ နံနက်စာသွားစားပြီး ရေမိုးချိုး အဆင်သင့်ပြင်ရတယ်။ နံနက် ၉နာရီခွဲလောက်မှာ Sunway Theme Park ကိုသွားဖို့ ဟိုတယ်ကို ကားလာကြိုပါတယ်။ သည်တော့ ကျွန်မတို့လည်း Tour ကကားနဲ့ Sunway ကိုသွားကြပါတယ်။ Sunway မှာ Park (၅) ခုရှိပါတယ်။ Water Park, Amusement Park, Wildlife Park,  Extreme Park  နဲ့ Scream Park တို့ပါ။ 

ကျွန်မတို့ကတော့ ပထမဆုံး Water Parkမှာ စပြီး ရေဆော့ပါတယ်။ ရေကူးတာ၊ ရေဘောကွင်း စီးတာ၊ လှိုင်းစီးတာအပြင် ရေလွှာလျှောလည်း စီးလို့ရပါတယ်။ ကျွန်မတို့ ရေကစားနေချိန်မှာ ကျွန်မတို့ ပစ္စည်းတွေ ကို သိမ်းထားခဲ့ဖို့ Locker လေးတွေ ငှားလို့ရပါတယ်။ ရေကစားပြီးတော့ ဗိုက်ဆာတာနဲ့ အဲဒီအနီးမှာပဲ နေ့လယ်စာ စားကြပါတယ်။ ပြီးတော့မှ Wildlife Park ဆီကို သွားပါတယ်။ တိရိစ္ဆာန်လေးတွေ ကို လိုက်ကြည့်ကြပါတယ်။ အဲဒီကနေ ဆက်သွားတော့ Amusement Park နဲ့ Scream Park ကိုရောက်ပါတယ်။ စီးစရာတွေကတော့ အစုံပါပဲ။ ဒါပေမယ့် ကြောက်တာနဲ့ တချို့ဟာတွေ မစီးရဲလို့ မစီးဖြစ်ခဲ့ဘူး။ Scream Park ကတော့ ကျွန်မကကြောက်တတ်လို့ လုံးဝကို မ၀င်ခဲ့ဘူး။ အဲဒီကနေ ကြိုးတံတားနဲ့ ကူးတော့ Extreme Park  ကိုရောက်တယ်။ အဲဒီ ကြိုးတံတားက ကမ္ဘာပေါ်မှာ အရှည်ဆုံး ကြိုးတံတားလို့ ရေးထားတာတွေ့ခဲ့တယ်။ ကြိုးတံတား ကူးရတာလည်း ကြောက်စရာကြီး အောက်မှာ ရေတွေကို မြင်နေရတယ်။ တံတားကြီးက လှုပ်လှုပ် လှုပ်လှုပ်နဲ့။ Extreme Park  မှာတော့ ဆိုင်ကယ်စီးတာ၊ သေနတ်ပစ်တာ အပြင် ခန္ဓာကိုယ်ကို ကြိုးနဲ့ သိုင်းပြီး ကောင်းကင်ကြိုးနဲ့ ရေကို ဖြတ်ပြီး စီးတာတွေရှိပါတယ်။ ကျွန်မကတော့ ကြောက်လို့ ဘာမှမစီးဘူး။ သူများစီးတာပဲ ထိုင်ကြည့်ခဲ့တယ်။ 

ညနေစောင်းလို့ Sunway ကပြန်တော့ KLCC ကို ထပ်သွားတယ်။ ဒီနေ့တော့ ဓါတ်ခဲပါလာတယ်ဆိုတော့ ဓါတ်ပုံလေးတွေ ကောင်းကောင်းရိုက်ဖြစ်တယ်။ 

နောက်တစ်နေ့နံနက်ပိုင်းမှာတော့ နံနက်စာစား၊ စောစာပဲ Check out လုပ် အထုတ်တွေ ဟိုတယ်မှာ အပ်ခဲ့ပြီး ဟိုတယ်အနားက Sungei Wang Palza မှာ Shopping လုပ်ကြပါတယ်။ ပြီးတော့ နေ့လယ်စာ စားပြီး စလုံးပြန်ဖို့ လာကြိုမယ့်ကားကို စောင့်ရပါတယ်။ ညနေသုံးနာရီမှာ ကားလာကြိုပြီး စလုံးကို ပြန်ခဲ့ကြပါတော့တယ်။ 

ဒီခရီးလေးဟာ ကျွန်မတို့ ဇနီးမောင်နှံအတွက် ပျော်ရွှင်စရာ ခရီးလေးတစ်ခု ဖြစ်ခဲ့တာတော့ အမှန်ပါပဲ။ နှစ်ယောက်သား အပူအပင်မရှိ စိတ်လွတ်ကိုယ်လွတ် ပျော်ခဲ့ကြပါတယ်။ 


KLCC ကို ကျွန်မတို့ တည်းတဲ့ ဟိုတယ်ကနေ လှမ်း မြင်နေရတာ







Sunway Park ကိုဝင်ဖို့ လက်မှတ်တန်းစီနေကြတာ


Water Park ကိုရောက်ပြီ









Wildlife Park ထဲမှာ



Tuesday, December 13, 2011

" ကျွန်မရဲ့ဒီဇင်ဘာအားလပ်ရက် ခရီး " (၁)

5 comments
လွန်ခဲ့တဲ့ အပတ်ထဲမှာ ကျွန်မတို့ဇနီးမောင်နှံနှစ်ယောက်စလုံး ခွင့်ရက်ရတာနဲ့ မလေးရှားကို ခရီးထွက်ဖြစ်ပါတယ်။ တစ်နှစ်စာခွင့်တွေ ကျန်နေတာကြောင့် ခွင့်ယူပြီး အိမ်မှာနေမယ့်အစား စိတ်လက်ပေါ့ပါးသွားအောင်ဆိုပြီး ခရီးထွက်ဖို့ စီစဉ်ပါတယ်။ ခွင့်ရက်ကျန်ကလည်း များများစားစား မဟုတ်တာကြောင့် ရန်ကုန်လည်း ပြန်လို့မရပါဘူး။ ဒါကြောင့် ကျွန်မတို့နှစ်ယောက်စလုံး တစ်ခါမှ မရောက်ဖူးသေးသလို စလုံးကနေသွားရတာလည်း လွယ်ကူတဲ့ မလေးရှားကို ရွေးလိုက်တာပါ။ 

ကျွန်မတို့ရွေးလိုက်တဲ့ ခရီးစဉ်က သုံးညအိပ်လေးရက်၊ Genting Highlands, Kuala Lumpur & Sunway Theme Park ပါ။ စသွားတဲ့နေ့မှာ ကားက စလုံးကနေ မနက် ၆နာရီခွဲ စထွက်ပါတယ်။ ခုနှစ်နာရီကျော်ကျော်လောက် Tuas check point ကိုရောက်ပြီး စလုံး Immigration ကိုဖြတ်ရပါတယ်။ ပြီးတော့ တံတားကူးပြီး တစ်ဖက်မှာ မလေး Immigration ကို ထပ်ဖြတ်ရပါတယ်။ Immigration ဖြတ် ပြီးတာနဲ့ ကားက တစ်နာရီခွဲလောက် တောက်လျှောက်မောင်းပါတယ်။ ပြီးတော့ နံနက်ခင်းစာ စားဖို့ နာရီဝက်ခန့် ရပ်နားပါတယ်။ ပြီးတော့ တောက်လျှောက်ဆက်ထွက်တာ နှစ်နာရီလောက် မောင်းအပြီး Kuala Lumpur နားမှာ ၁၅မိနစ်ခန့် ရပ်ပေးပါတယ်။ အဲဒီကနေဆက်ထွက်တော့ Genting ကို ဆက်တိုက်မောင်းပါတော့တယ်။ ကျွန်မတို့ ခရီးစဉ်အရ Genting ကိုအရင်သွားတာပါ။ Kuala Lumpur ကို ကျော်သွားရပါတယ်။ Genting ကတောင်ပေါ် ဆိုတော့ တောင်တက်လမ်းလေးအတိုင်း မောင်းရပါတယ်။ တောင်ပေါ်ရာသီဥတုကိုက အေးတဲ့ အပြင် ကျွန်မတို့ တောင်ပေါ်ရောက်တဲ့အချိန်မှာ မိုးဖွဲဖွဲလေးကလည်း ရွာနေတာမို့ အတော်လေး အေးနေပါတယ်။ 

Genting ရောက်တော့ နေ့လယ် တစ်နာရီဝန်းကျင်ခန့်ရှိပါပြီ။ First World Hotel မှာ Check in လုပ်ဖို့ Queue No ယူပြီး တစ်နာရီခန့် စောင့်လိုက်ရပါတယ်။ ဧည့်သည်တွေ တအားများလို့ပါ။ ကောင်တာ အခုနှစ်ဆယ်က ဆက်တိုက် ဆောင်ရွက်ပေးနေတာတောင် တစ်နာရီလောက် စောင့်လိုက်ရပါတယ်။ ကျွန်မတို့ကားမှာ ပါလာတဲ့ Guide ရဲ့ပြောပြချက်အရ အဲဒီ First World Hotel မှာ အခန်းပေါင်း ၆ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

Check In လုပ်ပြီးတာနဲ့ အထုပ်အပိုးတွေ အခန်းထဲမှာ ထားပြီး နေ့လယ်စာကို Hotel Cafe မှာပဲ ခပ်သွက်သွက် စားလိုက်ပါတယ်။ ပြီးတာနဲ့ Park သွားဖို့ လက်မှတ်သွားဝယ်ပါတယ်။ လက်မှတ်က Indoor Park နဲ့ Outdoor Park နှစ်မျိုးပေါင်းကို One Day Unlimited Ride Pass ၀ယ်လိုက်ပါတယ်။ Outdoor Park ကနေစပြီး လည်ကြပါတယ်။ ကျွန်မကတော့ တွေ့သမျှ မြင်သမျှ စီးတော့တာပါပဲ။  Outdoor Park ထဲ နှံ့တော့မှ Indoor Park ထဲမှာ ဆက်ပြီး လည်ကြ၊ စီးကြတယ်။ Indoor Park က ကျွန်မတို့ တည်းတဲ့ ဟိုတယ်နဲ့ တစ်ဆက်တည်းအပြင် Shopping Mall နဲ့ ပါတစ်ဆက်တည်းပါ။ ညနေပိုင်းမှာ အခန်းပြန် ခဏနား၊ ရေမိုးချိုးပြီး Indoor Park ထဲမှာ ညပိုင်း နည်းနည်း နောက်ကျတဲ့ အထိ လည်ပတ်ပြီးမှ ညစာကို စားဖြစ်ခဲ့ပါတယ်။ နောက်တစ်နေ့မနက်ပိုင်းမှာ နံနက်စာ စားရင်း Shopping Mall ထဲခဏလည်ပြီး Check out လုပ်ဖို့ ပြင်ဆင်ရပါတယ်။ Kuala Lumpur ကို သွားမယ့်ကားက နေ့လယ် ၁၂နာရီထွက်မှာဆိုတော့ ခပ်စောစာပဲ Check Out လုပ်ပြီး ကားရပ်နားရာ နေရာဆီ ထွက်ခဲ့ကြပါတယ်။

တည်းတဲ့အခန်းကနေ ကားတက်လာတဲ့ လမ်းလေးကို ပြန်မြင်နေရတာ။





ဟောဒါက Outdoor Park ထဲမှာရှိတဲ့ ကစားကွင်းတွေပါ။ စာရေးဆရာ လက်စွမ်းပြထားတဲ့ ပုံတွေပါ။ ဒီပုံလေးကို သူ့သူငယ်ချင်းတွေက သဘောကျ ကြတယ်။


စီးချင်လွန်းလို့ တော်တော်ကြာကြာ တန်းစီလိုက်ရတယ်။ စာရေးဆရာကတော့ ချမ်းချမ်းနဲ့ ဘေးမှာရပ်ပြီး စောင့်ပေးရှာတယ်။




ဒီအမြင့်ကြီးစီးချင်တာ။ မစီးခဲ့ရဘူး။ စာရေးဆရာကပေးမစီးဘူး။ သူ့မိန်းမ အသက်ထွက်သွားမှာ စိုးလို့တဲ့။



ကျွန်မတို့ နှစ်ယောက်သား ဒီပန်းကန်လုံးလေးလည်း စီးခဲ့တယ်။




Outdoor Park ထဲကနေ ကျွန်မတို့တည်းတဲ့ ဟိုတယ်ကို လှမ်းမြင်နေရတာ


ကလေးတွေစီးနေတာလေး သဘောကျလို့။


ငါးလေးတွေ။



သရဲရထားလည်း မစီးခဲ့ဘူး။ ကျွန်မကအရမ်းကြောက်တတ်လို့။


ဟောဒီလှေကြီးကို နှစ်ယောက်သားတက်စီးခဲ့သေးတယ်။




Sunday, December 4, 2011

" ကျွန်မရဲ့ထမင်းလိပ်လေးများ "

2 comments
ဒီနေ့ ကိုရီးယား ထမင်းလိပ် လုပ်စားဖြစ်တယ်။ ထမင်းလိပ်ကို လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က ရန်ကုန်မှာ ကိုးရီးယားကားတွေ ခေတ်ထနေချိန်မှာ စပြီး လုပ်စားဖူးတာ။ ကိုရီးယားပိုးပေါ့လေ။ အခုနောက်ပိုင်း မလုပ်စား ဖြစ်တာကြာပြီ။ တလောက ဈေးသွားရင်း Sheng Siong မှာ ဆူရှီဆန်တွေ့တာနဲ့ လုပ်စားဦးမှ ဆိုပြီး ၀ယ်ခဲ့တယ်။ မအားတာနဲ့ ဒီနေ့မှ လုပ်စားဖြစ်တယ်။

ထမင်းလိပ်လုပ်ဖို့ ဆူရှီဆန်ကိုရေဆေးပြီး မိနစ်နှစ်ဆယ်ခန့် ရေစိမ်ထားပါတယ်။ ပြီးမှ စိမ်ထားတဲ့ရေတွေ သွန်ပြီး ချက်ဖို့ ရေအသစ်ထည့်ပြီး Rice Cooker နဲ့ ချက်ပါတယ်။ ထမင်းချက်ထားတုန်းမှာ မုန်လာဥနီ၊ သခွားသီး၊ ကြက်အူချောင်း (chicken sausage) တို့ကို အချောင်းလိုက် အရှည်လေးတွေ လှီးဖြတ်ထားပါတယ်။ ကြက်ဥကို ဆား၊ အချိုမှုန့်နဲ့ ခေါက်မွှေပြီး ခပ်ပါပါး အပြားပြားကြီးကြီး ကြော်လိုက်ပါတယ်။ ပြီးတော့ ထမင်းလိပ်ထဲ ထည့်လိပ်မယ့် အရွယ်တော် အရှည်လိုက် ပါးပါး လှီးပါတယ်။ ထမင်းကျက်ရင် ထမင်းထဲကို ဆားအနည်ငယ်ထည့်ပြီး မွှေပါတယ်။ အားလုံး အဆင်သင့်ဖြစ်ရင် စလိပ်ပါတယ်။ ထမင်းလိပ် လိပ်တဲ့ ယင်းလိပ်ကို ဖြန့်ခင်း၊ ယင်းလိပ်ပေါ်မှာ ရေညှိဖတ်ခင်းပါတယ်။ ထမင်းတွေကို ရေညှိရွက် တစ်ဝက်ခန့်အထိခင်းပါတယ် ထမင်းခင်းထားတဲ့ အပေါ် အလယ်လောက်မှာ လှီးထားတဲ့ သခွားသီး၊ မုန်လာဥနီ၊ ကြက်ဥချောင်း၊ ကြက်ဥကြော်တွေထည့်ပါတယ်။ ပြီးတော့ ထမင်းခင်းထားတဲံ့ ဘက်ကနေစပြီး တစ်ဖက်ကို လိပ်သွားပါတယ်။ အလိပ်အဆုံးမှာ ထမင်းစေ့လေး နည်းနည်းထည့်ပြီး အဆုံးသတ်လိပ်ပါတယ်။ ပြီးတော့ ယင်းလိပ်နဲ့ ပတ်လိပ်ပြီး ကျစ်သွားအောင်နာနာလေး ထပ်လိပ်ပေးပါတယ်။ ပြီးရင် ဒါးလေးနဲ့ အနေတော်လေးတွေ လှီးဖြတ်ပါတယ်။ ဒါဆို ထမင်းလိပ်လေးရပါပြီနော်။ 

ကျွန်မရဲ့ ထမင်းလိပ်လေးများ




Related Posts Plugin for WordPress, Blogger...