မေတ္တာဖြင့်ထုံမွှန်းသော ရသာချို



၂၀၁၀ခုနှစ် စက်တင်ဘာလ လောက်ကတည်းက ကျွန်မပြောချင်သော အကြောင်းအရာများ ရှိလျှင် စာရေး၍ ပြောနိုင်ရန် ဘလော့တစ်ခု ဖန်တီးချင်သည့်စိတ် ဖြစ်ပေါ်ခဲ့သည်။ သို့သော် စာရေး ၀ါသနာပါသည့်၊ စာရေးဆရာ၊ အိမ်ထောင်ဦးစီး၊ ကျွန်မအမျိုးသား လွန်ခဲ့သော ကာလများစွာ ကတည်းက တည်ထားနှင့်ပြီး ဖြစ်သည့် ဘလော့ကို သူကိုယ်တိုင် ဆက်လက် အသက်သွင်းချင် သောကြောင့် သူ့အတွက် ပါရမီဖြည့်ရင်း ကျွန်မ ဘလော့ကို အစပြုတည်ထားရန်သာ တတ်နိုင် ခဲ့သည်။ 

ယခုတော့ ကျွန်မအမျိုးသား ဘလော့လည်း အရှိန်ရစပြုနေပြီ ဖြစ်၍ ကျွန်မဖန်တီးချင်သော ဘလော့ကို စတင် နိုင်ပြီ ဖြစ်သည်။ သည်ဘလော့ကို စတည်စဉ်ကတည်းက စာရေးဆရာ အမျိုးသားက သူ့ကို အမြဲတမ်း ပါရမီဖြည့်ပေးနေသော ကျွန်မအတွက် 'ပါရမီဖြည့်ဖက်လေး' ဟူသည့် ကလောင် အမည်ကို ရွေးပေးခဲ့ပြီး ဘလော့၏ အမည်ကိုလည်း 'ရသာချို' ဟု ကင်ပွန်းတပ် ပေးခဲ့သည်။

တကယ်တော့ ဤဘလော့တွင် စာရေးဆရာ အမျိုးသား အတွက်  ကျွန်မနေ့စဉ် ချက်ပြုတ် ကျွေးမွေး နေ သမျှကို စီကာပတ်ကုံး တင်ပြလိုခြင်း ဖြစ်သည်။ သို့သော် ကျွန်မသည် အိမ်ထောင်ဦးစီး အမျိုးသား ကို ချက်ပြုတ် ကျွေးမွေးရင်း ပါရမီဖြည့်နေသူ တစ်ဦးမျှသာ ဖြစ်ပြီး အချက်အပြုတ်တွင် ကျွမ်းကျင်သူ တစ်ဦး မဟုတ်ပါ။ မြေးဦးမို့ ငယ်စဉ်ကတည်းက အဘိုးအဘွားနှင့် အဒေါ်များ ထံတွင် ကြီးပြင်းခဲ့ သောကြောင့် မီးဖိုချောင် မ၀င်ခဲ့ရ၊ အိမ်မှုကိစ္စ မလုပ်ခဲ့ရပါ။ အဘွားနှင့် အဒေါ်များ ကသာ မီးဖိုချောင်ကို စီမံ ပါသည်။

ကျွန်မ အထက်တန်း အောင်ပြီးချိန်တွင်တော့ အချက်အပြုတ် အလွန် ကျွမ်းကျင်သော အဒေါ် အကြီးဆုံးက မိန်းကလေးတစ်ဦး အနေဖြင့် တတ်အပ်သည် ဆိုပြီး သူနှင့်အတူ ၀ိုင်းကူ ချက်ပြုတ်စေပြီး သင်ကြားပြသ ပေးခဲ့ပါသည်။ ကျွန်မ စိတ်မပါသော်လည်း ထိုအဒေါ်ကို ကြောက်ရသောကြောင့် သူနှင့်အတူ မီးဖိုချောင်သို့ ၀င်ခဲ့ရပါသည်။ သို့ရာတွင် ထိုအဒေါ် အိမ်ထောင်ကျသွားသောအခါ ကျွန်မသည် ယခင်လိုပင် မီးဖိုချောင် ဘက်သို့ ခြေဦးပင်မလှည့် တော့ပြန်ပါ။ မည်သို့ပင်ဆိုစေ ထိုအဒေါ်၏ ကျေးဇူကြောင့်ပင် ကျွန်မ အိမ်ထောင် ကျသောအခါ အိမ်ထောင်ဘက်ကို အသင့်အတင့် ချက်ပြုတ်ကျွေးမွေး နိုင်ခဲ့ပါသည်။ ထို့ကြောင့် အခြားသူများ၏ ဘလော့များကဲ့သို့ ဝေေ၀ဆာဆာ ဖြင့် ချက်နည်းပြုတ်နည်းများကို တင်ပြပေးနိုင်မည် မဟုတ်သော်လည်း  ကျွန်မ တတ်သလောက် မှတ် သလောက် သာမာန် ချက်ရိုးချက်စဉ် ကြိုးစားချက်ပြုတ် ထားသော ဟင်းလျာများကို တင်ပြသွားမည် ဖြစ်ကြောင်း ၀န်ခံချင်ပါသည်။

ဤ 'ရသာချို' မည်သော ဘလော့တွင် ကျွန်မနှင့် ကျွန်မအမျိုးသားတို့၏ ဘ၀ဖြတ်သန်းမှုအချို့၊ ကျွန်မ၏ အချက်အပြုတ် နှင့် ကျွန်မ ခံစားသိမြင်မိသမျှ ပြန်ပြောပြချင်သော အကြောင်းအရာများ ပါဝင်လာမည် ဖြစ်ပါသည်။ ထိုအကြောင်းအရာ အားလုံးသည် ကျွန်မနှင့် ကျွန်မအမျိုးသားတို့၏ မေတ္တာဖြင့် ထုံမွှန်း ထားသော အိမ်ထောင်ရေးမှ သော်လည်းကောင်း၊ ကျွန်မနှင့် ကျွန်မမိဘ အဘိုးအဘွား မောင်နှမများ၏ မေတ္တာဖြင့် ထုံမွှန်းထားသော မိသားစုကမ္ဘာလေး မှသော်လည်းကောင်း၊ ကျွန်မနှင့် ကျွန်မ သူငယ်ချင်းများ၏ မေတ္တာဖြင့် ထုံမွှန်းထားသော လူမှုဆက်ဆံရေး အသိုင်းအ၀ိုင်းလေး မှသော် လည်းကောင်း ပေါ်ထွက်လာမည့် အကြောင်းအရာ များပင် ဖြစ်ရာ ကျွန်မ၏ ဘလော့သည် မေတ္တာဖြင့် ထုံမွှန်းထားသော 'ရသာချို' အဖြစ် စာဖတ်သူများ တွေ့ထိခံစား နိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။
Related Posts Plugin for WordPress, Blogger...