Thursday, December 2, 2010

“တစ်နယ်ခြားပေမယ့် ၀ယ်စားစရာမလိုတဲ့ မြိတ်ကပ်ကြေးကိုက်”

ဝက်သား၊ ကြက်သား နဲ့ပဲလည်နေတဲ့ ဒီသံသရာကြီးမှာ တစ်နေ့တစ်နေ့ ဘာဟင်းချက်ရင် ကောင်းမလဲ စဉ်းစားရတာကလည်း အလုပ်တစ်လုပ်ပါ။ ဆီပြန်ဟင်းတွေလည်း မစားချင်ဘူး ဖြစ်နေတယ်။ ဒီတော့ မိုးထဲလေထဲ အိမ်နားက SHENGSIONG မှာ ညှပ်ခေါက်ဆွဲဖတ်တစ်ထုပ် ပြေးဝယ်လိုက်ပါတယ်။ မိုးကလည်း သည်းပါ့။ မနက်ကတော့ နေတွေပူလိုက်တာ။ ခုတော့လည်း မှောင်မဲပြီး အသားကုန်ကို ချနေတော့တာပါပဲ။  ညှပ်ခေါက်ဆွဲဖတ် (ဒီမှာတော့ Kwei Teow လို့ရေးထားတဲ့ အထုပ်) တစ်ထုပ် ၀ယ်ပြီး ခပ်သုပ်သုပ် အိမ်ပြန်ခဲ့ပါတယ်။ ဟောတော့ - ကောင်းရော၊ ပဲပင်ပေါက် မေ့ခဲ့ပြီ။ ကျွန်မက မြိတ်ကပ်ကြေးကိုက် ကြော်စားမလို့လေ။ ပဲပင်ပေါက် မပါဘဲ ဘယ်စားကောင်းမှာလဲ။ ကဲ - ကိုယ့် အပြစ်နဲ့ ကိုယ်၊ ပြေးဦးဟဲ့ မိုးထဲလေထဲ ။ SHENGSIONG ကို နောက် တစ်ခေါက်။ လေကလည်း တိုက်၊ မိုးရေကလည်း စိုစိုနဲ့ ချမ်းလိုက်တာ မပြောပါနဲ့ တော့။ အစားအသောက် အတွက် ဆိုတော့လည်း သွားရတာပေါ့။

အိမ်ရောက်တော့ ကပ်ကြေးကိုက်ကြော်ဖို့ လုပ်ပါတယ်။  အိမ်မှာ ၀က်သားနဲ့ ပုဇွန် ပဲရှိတယ်။  ပြည်ကြီးငါး ၀ယ်ထားတာ မရှိလို့ မထည့်လိုက်ရတော့ဘူး။ ၀က်သားကို ရေဆေး၊ အတုံးသေးလေးတွေ တုံး၊ ဆား ၊ အချိုမှုန့် နဲ့ နယ်ပြီး ဒယ်အိုးထဲမှာ ရေနည်းနည်းနဲ့ ပြုတ်လိုက် ပါတယ်။ ပုဇွန်ကို အခွံခွာ၊ ရေဆေးပြီး ဆား၊ အချိုမှုန့်နဲ့ နယ်ထားလိုက်ပါတယ်။ ကြက်သွန်နီ တစ်ဥ၊ ကြက်သွန်ဖြူ ၃မွှာ၊ ချင်း လက်တစ်ဆစ်ကို ညက်အောင် ထောင်းပါတယ်။ ပဲပင်ပေါက်ကို ရေဆေးပြီး ဇကာနဲ့ စစ်ထားလိုက် တယ်။ ၀က်သား ပြုတ်ထား တာ ရေခန်းရင် ၀က်သားကို ဆယ်ထားပြီး ဒယ်အိုးထဲကို ဆီ နည်းနည်း (ကျွန်မ ၀ယ်ခဲ့တဲ့ ညှပ်ခေါက်ဆွဲဖတ်က ဆီစိမ်ပြီးသားအထုပ်မို့ ဆီလျှော့ထည့်တာပါ) ထည့်ပါတယ်။ ဆီပူရင် ကြက်သွန်ဖြူ၊ နီ၊ ချင်း ထောင်းထား တာကို ထည့်၊ ငရုတ်သီး အစိမ်းမှုန့် (အရောင်တင်မှုန့်) ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်ကျက်လာပြီ ဆိုရင် ခုနက ပြုတ်ထားတဲ့ ၀က်သားကို ထည့်ပါတယ်။ ခဏနေမှ ပုဇွန်ထည့် ပါတယ်။ ပုဇွန် ကွေးလာပြီဆိုမှ  ညှပ်ခေါက်ဆွဲ ထည့်မွှေပါတယ်။ ဆား၊ အချိုမှုန့်၊ ငံပြာရည် နည်းနည်း ထည့်ပါ တယ်။ ညှပ်ခေါက်ဆွဲ အိလာတော့မှ ပဲပင်ပေါက် ထည့်ပါတယ်။ ခဏနေမှ ပဲပြုတ်ထည့် မွှေပြီးရင် စားချင့်စဖွယ် မြိတ်ကပ်ကြေးကိုက် ရပြီပေါ့ရှင်။

ကပ်ကြေးကိုက်နဲ့ တွဲစားဖို့ အချဉ်ကိုတော့ ကြက်သွန်နီတစ်ဥကို ပါးပါးလှီး ရေစင်စင်ဆေး၊ ပြီးတော့ ငရုတ်သီးစိမ်း ပါးပါးလှီးထည့်၊ သံပုရာသီးတစ်လုံး ညှစ်ထည့်၊ ငံပြာရည်၊ ဆား၊ အချိုမှုန့်နည်းနည်း ထည့်ပြီး နယ်လိုက်ပါတယ်။ အအီပြေ ချဉ်စပ်လေးပေါ့။

အချိန်ကိုက်ပါပဲ။ ကျွန်မလည်း ကြော်လှော်ပြီးရော စာရေးဆရာ ပြန်ရောက်လာပါတယ်။ ရေမိုးချိုးပြီး ညစာ စားကြပါတယ်။ စာရေးဆရာက စားကောင်းလို့တဲ့ရှင့်။ နှစ်ပွဲတောင် အုပ်ပါတယ်။ ကျွန်မကတော့ တစ်ပွဲနဲ့ နည်းနည်း ကျော်ကျော်လေးပါပဲ။

ဒါလေးက စာရေးဆရာ ကောင်းတယ်၊ ကောင်းတယ်ပြောပြီး ဆွဲတာ


ဒါလေးက ကျွန်မအတွက်


တွဲဖက်စားဖို့ အအီပြေ အချဉ်လေး


7 comments:

Baby taster said...

စာရေးဆရာက နှစ်ပွဲစားမှာပေါ့
ကြည့်ပါလား သူ့ပန်ကန်လုံးက များနေတာ
မဖဲရ်ဘူးနော် :P
မိုးထဲလေထဲ ထီးလည်း မပါပဲ သွားနေတယ်ပေါ့လေ

Unknown said...

လာစားသွားတယ်ချိုရေ.. မီးက အီတတ်တော့ အချဉ်ခွက်က မီးတစ်ယောက်တည်းနဲ့ ကုန်လောက်ပြီ.. ကြိုက်တယ်..း)

မြူးမြူး said...

ကက်ကြေးကိုက် မစားရတာတောင်ကြာပြီ.. ပအုံးရည်လေးထည့်ကြော်ရင်ပိုကြိုက်တယ်.. မပါလဲ စားကောင်းတာပါပဲ.. ခုတလော ၀ိတ်ချနေလို့ အကြော်တွေရှောင်နေရတယ်.. ပြုတ်ပဲစားနေရလို့ အပြုတ်ဆို မုန်းတောင်နေပြီ..

Sunny said...

မြိတ်ကတ်ကြေးကိုက် လာစားသွားတယ်.. ပုစွန်များများရွေးစားလို့ ရမလားဟင်င်င်.. :P

cicada said...

arrrr...sar lo.kg lite tar..

ဆောင်းနှင်းရွက် said...

မြိတ်ကိုက်ကြေးကိုက် ဆိုရင်
အရမ်းကြိုက်တာ ...
စားချင်တယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

winnkyawoo said...

ရန်ကုန် က ကတ်ကြေးကိုက် ကောင်းတယ် ဆိုတဲ့ဆိုင်တွေ စားဖူးတယ်။ ညှပ်ခေါက်ဆွဲ နဲ့ ကြော်ထားတဲ့ ရိုးရိုးခေါက်ဆွဲကြော်အတိုင်းပဲ။ ဘိတ်အရသာအစစ်မရဘူး။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...