ပြီးခဲ့တဲ့လက ကျွန်မတို့ဇနီးမောင်နှံနှစ်ယောက် ရန်ကုန်ကို နှစ်ပတ်ပြန်လည်ကြပါတယ်။ စာရေးဆရာက မပြန်ဖြစ်တာ တစ်နှစ်ခွဲရှိပြီး၊ ကျွန်မကတော့ တစ်နှစ်ပါ။ တစ်နှစ်ဆိုတဲ့ အချိန်က ခဏလေးပါ လို့ ပြောကြပေမယ့် ကျွန်မအတွက်တော့ တော်တော်ကြီး ရှည်ကြာခဲ့ပါတယ်။ မိသားစု ကိုလွမ်းနေတဲ့ ကျွန်မရင်ထဲမှာ တစ်နှစ်မက ခံစားနေခဲ့ရတာပါ။
ကျွန်မအိမ်ရောက်ရောက်ချင်း ကျွန်မဘိုးဘိုးက တံခါးဝကကြိုနေပါတယ်။ ကျွန်မအဘိုးက အသက်(၈၂)နှစ် ရှိပါပြီ။ နေ့တိုင်းတွေ့နေ၊ မြင်နေရသူတွေ အတွက် မပြောတတ်ပေမယ့် တစ်နှစ်လောက်ခွဲနေရတဲ့ ကျွန်မ ဘိုးဘိုး ကိုတွေ့တွေ့ချင်း ဘိုးဘိုးရဲ့အရွယ်ဟာ မနှစ်ကထက် စာရင် တော်တော်ကျသွားပြီ ဆိုတာ သိလိုက်ပါတယ်။ အိမ်ထဲဝင်ဝင်ချင်းပဲ ဘိုးဘိုးကိုဖက်ပြီး ငိုမိပါတယ်။ ချက်ချင်းဆိုသလို ဖွားဖွားကလည်း အိမ်ထဲက ထွက်လာတော့ ဖွားဖွားကို ဖက်ပြီး ငိုမိပြန်ပါသေးတယ်။ ကျွန်မတစ်သက်တာမှာ အဘိုး၊အဖွားနဲ့ အခုလို တစ်ခါမှ ခွဲမနေဖူးပါဘူး။ ရန်ကုန်မှာ နေတုန်းက ခရီးတွေဘာတွေ ထွက်ရင် လေးငါးရက်ထက် မပိုပါဘူး။ ခရီးသွားရင်လည်း အိမ်က မိသားစုတွေနဲ့ အတူသွားတာများပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်တာကတော့ ကျွန်မဘ၀မှာ မိသားစုနဲ့ ရက်ရှည်လများခွဲနေရတဲ့ နှစ်ပါပဲ။
ကျွန်မမျက်စိရှေ့မှာ အဘိုးနဲ့ အဖွားကို ကျန်းမာပျော်ရွှင်နေတာ တွေ့ရတော့ ကျွန်မ၀မ်းသာရပါတယ်။ ကျွန်မ ဘိုးဘိုး၊ ဖွားဖွားတွေနဲ့ အတူတူ အကြာကြီးနေချင်ပါသေးတယ်။ နောက်ပြီး ကျွန်မ မိဘ၊ အဒေါ်တွေ၊ ဦးလေးတွေ၊ မောင်နှမတွေ။ သူတို့တွေလည်း ငယ်ကြသေးတယ်ဆိုပေမယ့် ဒီမိသားစုဝင်တွေနဲ့ ခွဲပြီး မနေချင်ပါဘူး။
ကျွန်မအဘိုး၊အဘွားအိမ်၊ ကျွန်မမိဘအိမ်နဲ့ စာရေးဆရာ မိဘအိမ်တို့ ရှိနေတော့ ကျွန်မတို့ ရန်ကုန်မှာနေတဲ့ အချိန်မှာ အိမ်သုံးအိမ်ကို အလှည့်ကျပြောင်းနေကြပါတယ်။ ကျွန်မပျော်ပါတယ်။ ကျွန်မ ငယ်ငယ်ကတည်းက နေခဲ့တဲ့ အဘိုးအိမ်မှာက အဒေါ်တွေရှိသလို၊ အိမ်နားမှာတင် ဆွေမျိုးတွေ အိမ်ကလည်း ရှိတော့ လူစုံပြီး ပြောကြ၊ ဆိုကြနဲ့ ပျော်ကြတာပေါ့။ ကျွန်မမိဘအိမ် ရောက်တော့လည်း မိသားစုဝင်တွေအားလုံးနဲ့ တွေ့ရတယ်။ ညဘက်ထိုင်ပြီး စကားတွေပြောကြ စားကြ၊ သောက်ကြနဲ့ပေါ့။ စာရေးဆရာအိမ် ရောက်တော့ စာရေးဆရာရဲ့တူမက လမ်းလျှောက်တတ်စ၊ စကားပြောတတ်စအရွယ် အိမ်ဆည်းလည်းဆိုတော့ စီညံနေတော့တာပါပဲ။ ညနေဆို စာရေးဆရာရဲ့ အစ်ကိုနဲ့ညီကလည်း ရုံးက ပြန်လာကြတော့ ညပိုင်းဆို ပိုလို့တောင် စုံစုံညီညီနဲ့ ပျော်စရာပါပဲ။
အိမ်သုံးအိမ်စလုံးကလည်း ကျွန်မတို့ ကြိုက်တတ်တာတွေကို ကြိုတင်စီစဉ်ပြီး ချက်ပြုတ်ကျွေးကြတော့ ကျွန်မလည်း စိတ်ကြိုက်ကို လှည့်ပတ်စားသောက်ခဲ့တာပါ။ ကျွန်မတို့ ရောက်ပြီး နောက်တစ်နေ့မှာပဲ အဘိုးအိမ်မှာ အဒေါ်က မျှစ်တာလပေါဟင်း ချက်ကျွေးတယ်။ ကျွန်မ သိပ်ကြိုက်တဲ့ဟင်းမို့ မျှစ်ကို သုံးလေးရက်လောက်ကတည်းက ဈေးမှာ ကြိုရှာပြီး ၀ယ်ထားတာတဲ့။ ရာသီစာ ဖလံတောင်ဝှေးကြော်လည်း စားခဲ့ရသေးတယ်။ နောက်ရက်မှာ ကြာဇံချက် ချက်ကျွေးပါတယ်။ စာရေးဆရာအိမ်ကလည်း အုန်းထမင်း တစ်ရက်ချက်ကျွေးတယ်။ ကျွန်မအမေကတော့ ကျွန်မအကြိုက် ငါးကြော် ကျွတ်ကျွတ်နဲ့ ချဉ်ပေါင်ဟင်း၊ ငါးပုဏ္ဏားဟင်းတွေ ချက်ကျွေး ပါတယ်။ ရေနွေးကြမ်းနဲ့ သောက်ဖို့ ရှောက်သီးသုပ်လေးပါ သုပ်ပေးသေးတယ်။
ဟိုအိမ်သွား၊ သည်အိမ်သွားနဲ့ နှစ်ပတ်ဆိုတာ မကြာလိုက်ပဲ ကုန်သွားပါတယ်။ ပြန်ခါနီးကြတော့လည်း စိတ်ထဲမှာ သည်မိသားစုတွေကို ပြန်ပြီးခွဲခွာသွားရဦးမယ်ဆိုတော့ ရင်ထဲမှာ ၀မ်းနည်းနေခဲ့ ပါတယ်။ လေယာဉ်ပေါ်ရောက်တော့ နှစ်ယောက်သားစကားတောင် ကောင်းကောင်း မပြောနိုင်ပါဘူး။ အတွေးကိုယ်စီနဲ့ပေါ့။ စာရေးဆရာလည်း သူ့မိသားစုကို မခွဲချင်ပဲခွဲခွာရတော့ ကျွန်မနဲ့ ထပ်တူ ၀မ်းနည်းနေမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မသိပ်ချစ်တဲ့ မိသားစုဝင်တွေနဲ့ ကျွန်မ သိပ်တွယ်တာတဲ့ အိမ်မှာ အတူတကွပြန်လည် နေထိုင်ခွင့်ရမယ့်တစ်နေ့ကို ရင်ထဲမှာ မျှော်လင့်နေမိပါတယ်။ ။

ပါရမီဖြည့်ဖက်လေး
၇.၇.၂၀၁၁
၂၁း၄၀ နာရီ
4 comments:
မမရေ စာဖတ်ရင်းရောက်တယ်လို့...တွယ်တာတဲ့ မိသားစုနဲ့ အတူနေခွင့်လေး အမြန်ဆုံး ပြန်လည်ရရှနိုင်ပါစေလို့...
တို့သာဆို ၁၅ ပိုင်းလောက်ခွဲရေးလိုကမယ်။
ရန်ကုန်မှာနေရတဲ့အချိန်တွေက ခဏလေးကုန်သလိုပဲ။
ကျမလည်း ဇွန်လလည်ကနေ ဇွန်လကုန်ခါနီးအထိရန်ကုန်မှာရှိတယ်။
၁၆ရက်ဆိုတာ ခဏလေးကုန်သွားတယ်။ မကြာခင်မိသားစုနဲ့ ပြန်ဆုံနိုင်ပါစေ။
ပါရမီဖြည့်ဖက်လေးရဲ့ ခရီးသွား အတွေ့အကြုံလေး ဖြစ်တဲ့ မိသားစုနဲ့ ဆုံတွေ့တဲ့ အခါ ၀မ်းသာမှု၊ ခွဲခွာတဲ့ အခါ ၀မ်းနည်းမှုက စလို့ မိသားစု ချက်ကျွေးတဲ့ ထမင်း၊ ဟင်း ဓာတ်ပုံလေးတွေပါ ကြည့်သွားပါတယ်။
Post a Comment
ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....