Tuesday, January 25, 2011

"ခေါက်ဆွဲကြော်"

စာရေးဆရာက ခေါက်ဆွဲကြော် စားချင်တယ်ပြောတာနဲ့ စနေနေ့ ညနေက ကြော်စားဖြစ်တယ်။ ခေါက်ဆွဲခြောက်နဲ့ ကြော်မလို့ဟာ ခေါက်ဆွဲခြောက် သွားဝယ်တော့ ခေါက်ဆွဲအပြားတွေပဲ များတယ်။ ခေါက်ဆွဲအလုံး အခြောက်ကလည်း အလုံးသေးသေးလေးတွေပဲ တွေ့တယ်။ အဲဒါနဲ့ ခေါက်ဆွဲအစိုပဲ ၀ယ်ခဲ့တယ်။ စာရေးဆရာက ခေါက်ဆွဲကြော်ဆို ခေါက်ဆွဲအလုံးနဲ့မှ ပိုစားကောင်းတယ်တဲ့။

ခေါက်ဆွဲကြော်က အီတတ်လို့ ကြက်သားနဲ့ကြော်ပါတယ်။ ကြက်သားကို အသားချည်းသက်သက် လှီးပြီး အတုံးသေးသေးလေးတွေ လှီးပါတယ်။ အရိုးကို ဂျင်းနဲ့ ကြက်သွန်ဖြူ ဒါးပြားရိုက်ထားတာတွေနဲ့ ရေထည့်ပြီး ပြုတ်ပါတယ်။ ကြက်အမြစ်ကို ခပ်သေးသေးလှီးပါတယ်။ ကြက်မြစ်နဲ့ အသားတွေကို ဆား၊ အချိုမှုန့် နယ်ပါတယ်။ ကြက်မြစ်တွေကို အိုးတစ်လုံးမှာ ရေထည့်ပြီး ပြုတ်ပါတယ်။ ကြက်မြစ် နူးခါနီးမှ ကြက်သားပါ ရောထည့် ပြုတ်ပါတယ်။ ပြီးတော့ အအေးခံထားပါတယ်။ ကြက်သားနဲ့ ကြက်မြစ်တွေ အေးရင် ကော်မှုန့် နည်းနည်းနဲ့ နယ်ထားပါတယ်။ ဂေါ်ဖီနဲ့ မုန်လာဥနီကို ရေဆေးပြီး လှီးဖြတ် ထားပါတယ်။ ကြက်ဥနှစ်လုံးကို နာနာ ခေါက်ထားပါတယ်။

မီးဖိုပေါ် ဆီအိုးတင်၊ ဆီပူရင် ကြက်သွန်နီ ဆီသတ်ပါတယ်။ ပြီးတော့ ကော်မှုန့်နယ်ထားတဲ့ ကြက်သားနဲ့ ကြက်မြစ်တွေ ထည့်ကြော်ပါတယ်။ ဂေါ်ဖီနဲ့ မုန်လာဥနီကိုလည်း ထည့်ကြော်ပါတယ်။ အရွက်တွေ နွမ်းလာရင် ပဲငံပြာရည် အကြည်ရည်၊ အချိုမှုန့်နဲ့ ခရုဆီ ထည့်၊ ကြက်ဥခေါက်ထားတာ ထည့်ပြီး မွှေပါတယ်။ (တချို့က ကြက်ဥကို သီးသန့်ကြော်ပြီး ခေါက်ဆွဲကြော်ရမှ ခပ်ပါးပါးလေးတွေ ညှပ်ထည့် ပါတယ်။ ကျွန်မက တော့ ကြက်ဥ ကြော်ပြီးသား ညှပ်ထည့်တာ မကြိုက်လို့ပါနော်) တစ်ဆက်တည်း ခေါက်ဆွဲဖတ်တွေပါ ထည့် ကြော်ပါတယ်။ ခေါက်ဆွဲနူးအောင် ရေနည်းနည်း ထည့်ကြော်ပါတယ်။ အပေါ့အငံ မြည်းပါတယ်။ ခေါက်ဆွဲ နူးပြီး အရသာလည်း အနေတော်ဆိုရင် တရုတ်နံနံပင် ရေဆေး၊ ညှပ်ထားတာလေး ထည့်ပြီး မွှေလိုက်ရင် ခေါက်ဆွဲကြော် ပူပူလေး ရပါပြီနော်။

အရည်သောက်အနေနဲ့ ကြက်ရိုးပြုတ်လေးကို အပေါ့အငံပြင်ပြီး တရုတ်နံနံပင် ခပ်ပြီးသောက်ပါတယ်။

အချဉ်အတွက်ကတော့ ကြက်သွန်နီ ပါးပါးလှီး ရေဆေးထားတာနဲ့ ငရုတ်သီးစိမ်း ပါးပါးလှီးထား တာကိုရော၊ နံနံပင် ရေဆေးပြီး ညှပ်ထည့်၊ သံပုရာရည်ထည့်ပြီး သုပ်လိုက်ပါတယ်။

ခေါက်ဆွဲကြော် ပူပူနွေးနွေးလေးပါရှင်




ကြက်ရိုးပြုတ်ဟင်းရည်လေး


အအီပြေ ကြက်သွန်ချဉ်သုပ်လေးပါ


4 comments:

Baby taster said...

ခေါက်ဆွဲကြော် လာစား၏
ခေါက်ဆွဲကတော့ ဘယ်လိုကြော်ကြော် ကြိုက်၏

ချော(အစိမ်းရောင်လွင်ပြင်) said...

ခေါက်ဆွဲကြော်လေးက သွားရေကျသွားပြီ။ ဗိုက်လည်းဆာနေတာမို့လေ။
စားချင်စရာလေးနော်

မြူးမြူး said...

ခေါက်ဆွဲလာယူသွားပါတယ်.. အိမ်ရောက်မှ ငရုတ်ဆီနဲ့ သုပ်စားမယ်..း)

rose said...

ခေါက်ဆွဲကြော်လေးက အစိမ်းရောင် ဖြစ်နေတာလားပာင်။ ခစ် ခစ်း) ဒါမှ မပာုတ် ရို့စ်ပဲ မျက်စိမှားနေတာလား။ ခေါက်ဆွဲဆိုရင်တော့ ဘယ်လို လုပ်လုပ် ကြိုက်ပြီးသားပဲ။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...