Thursday, January 6, 2011

“Korean Spicy Pork နဲ့ ပဲပင်ပေါက်ကြော်”

ဒီနေ့တော့ ၀က်သားကို ခါတိုင်းချက်နေကျလို ဆီပြန်ကြီး မစားချင်တာနဲ့ Korean Spicy Pork လေး ချက်စား ဖြစ်ပါတယ်။ စာရေးဆရာကလည်း ၀က်သားဆို အချိုချက်ရင် ဘယ်တော့မှ မစား။  တစ်ခါတစ်လေ ကျွန်မက  ငရုတ်သီးကြီးနဲ့ မစားချင်ဘဲ ပဲငံပြာရည်လေးနဲ့ အချိုချက်လေး၊ မှိုလေးနဲ့ ငရုတ်ကောင်းလေးနဲ့ အချိုပေါင်းလေး စားချင်ပါတယ်။ သူက မစားတော့ သိပ်မချက်ဖြစ်ဘူး။ ဒီနေ့တော့ သူ့အကြိုက် စပ်စပ်လေး လည်းဖြစ် ကျွန်မလည်း အပြောင်းအလဲလေး ဖြစ်အောင် Korean Spicy Pork လေး ချက်ဖြစ်သွားတယ်။

အရင်ဆုံး ၀က်သားကို ရေဆေးပြီး ခပ်ပါးပါး အသားလွှာတယ်။ အဲဒီ အသားကို ဆား၊ ငရုတ်ကောင်း၊  အချိုမှုန့်၊ ဗနီကာလေး နဲ့ နယ်ပြီး ၁၀ မိနစ်လောက် နှပ်ထားတယ်။ ဂျင်းလက်တစ်စစ်နဲ့ ကြက်သွန်ဖြူ သုံးမွှာကို ညက် နေအောင် ထောင်းတယ်။ ပန်းကန်တစ်လုံးမှာ ဂျင်းနဲ့ ကြက်သွန်ဖြူ ထောင်းထားတာ၊  ပဲငံပြာရည် အကြည်ရည်၊ Korean Red Pepper Paste ၊ Red Pepper Powder ၊ သကြား ထည့်ပြီး သမအောင် မွှေပါတယ်။

ဝက်သားနှပ်ထားတဲ့ အထဲကို ခုနက ဖျော်ထားတဲ့ အနှစ်တွေအားလုံး ရောထည့်၊ ဆီ အနည်းငယ်ထည့်၊ ကြက်သွန် ခပ်ကြီးကြီး တစ်ခုကို လေးစိတ်စိတ်၊ ကန့်လန့်လှီး (အသုပ် သုပ်ဖို့ လှီးသလို အရှည်လိုက် မဟုတ်ဘဲ ကန့်လန့်ပါ) ထည့်ပြီး သမအောင် နယ်ပါတယ်။ အဲဒီလို အဆာပလာ အားလုံး ရောနယ် ထားတဲ့ အသားတွေ ကို နှစ်နာရီ၊ သုံးနာရီလောက် ရေခဲသေတ္တာထဲမှာ နှပ်ထားပါတယ်။

စားခါနီးမှ မီးဖိုပေါ် ဒယ်အိုးတင်ပြီး နှပ်ထားတဲ့ အသားတွေ ထည့်ပြီး အသားကျက်သည်အထိ မွှေပြီး ကျော်ပါတယ် (ရေလုံးဝမထည့်ပါ)။ အသားကျက်ပြီ ဆိုမှ ငရုတ်သီးစိမ်း သုံး၊လေးတောင့် ကို တစ်စောင်းလေးတွေ လှီးထည့်ပြီး ခဏမွှေပြီးရင် Spicy Pork လေးရပါပြီ။ စပ်စပ်ကလေးမို့ အအီပြေပြီး စားလို့ မြိန်ပါတယ်ရှင်။

အရံဟင်း အနေနဲ့ ပဲပင်ပေါက်လေး ရှိနေတာနဲ့ ကြော်လိုက်ပါတယ်။ ကြက်သွန်နီ ဆီသပ်ပြီး ရေစင်စင် ဆေးထားတဲ့ ပဲပင်ပေါက်ထည့်၊ ဆားနဲ့ အချိုမှုန့်ထည့်ပြီး သမအောင် မွှေကျော်လိုက်ပါတယ်။

ဝက်သား စပ်စပ်လေး












ဟောဒီဗူးထဲက  Red Pepper Paste နဲ့ချက်တာပါ။


ပဲပင်ပေါက်ကြော် ပူပူလေး





5 comments:

Mon Petit Avatar said...

Love the bean sprout in any dish!

Sunny said...

ဝက်သားအပြောင်းအလဲလေးက စားကောင်းမယ့်ပုံပဲ ညလေးရေ.. ပဲပင်ပေါက်ကြော်လေးနဲ့ဆိုတော့ အစပ်ပြေတာပေါ့.. စားသွားပြီနော်..

Baby taster said...

ဒီလို ၀က်သားောကာ် ကိုယ်တို့ အပေါ်ထပ်မှာ
နေသွားတဲ့ ကိုးရီးယားမလေးတွေလည်း သားတယ်
ဖိုပေါ်မှာပဲလေ သုံးထပ်သားတွေကို ကြော်တာ
ပြီးတော့ ထမင်းနဲ့ မုန့်ညှင်းဖြူထုပ်ထဲ ထည့်ပြီးစားကြတယ်
စားကောင်းမဲ့ပုံပဲ ၀က်သားမစားတာတောင်
သရေယိုတယ် :)

rose said...

ပဲပင်ပေါက်ကြော်လေး စားသွားပြီ ပါရမီဖြည့်ဖက်လေးရေ...။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝက်သားကိုကြည့်ရတာ အနံ့အရသာနဲ့ ပြည့်စုံမယ်ဆိုတာ သိသာတယ်..
တကယ်ကို စားမြိန်မှာဘဲ..
ဗိုက်ဆာလာပြီ။ ညကြီးသန်းကောင်

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...