Sunday, January 30, 2011

"ငါးသလဲထိုးကြော်နဲ့ ငရုတ်ကောင်းဟင်းခါးပူပူလေး"

လွန်ခဲ့တဲ့အပတ်က ချက်စားပြီး တစ်ဝက်ကျန်တဲ့ ငါးသလဲထိုးကို ချက်မစားချင်တော့တာနဲ့ ကြော်စားဖြစ် ပါတယ်။ ကျွန်မက ငါးသလဲထိုးကို ချက်စားတာထက် ကြော်စားတာကို ပိုကြိုက်တယ်။ ဒါပေမဲ့ ဟင်းတော့ သိပ်မဖြစ်ချင်ဘူး။ ကျွန်မက ကြော်ပြီးရင် ဒီအတိုင်း ထိုင်စားချင်တာ။ ရန်ကုန်မှာတုန်းကဆို ငါးသလဲထိုး ကြော်တဲ့နေ့ဆို မီးဖိုထဲဝင်သွားလိုက် ငါးသလဲထိုးကြော်လေး ကောက်မြည်းပြီး အိမ်ရှေ့ ထွက်သွားလိုက်၊ ခဏနေ မီးဖိုထဲ ပြန်ဝင်လာလိုက်၊ ငါးသလဲထိုးလေး ပြန်နှိုက်စားလိုက်နဲ့မို့ အဘွားက ထမင်းမစားမချင်း ငါးသလဲထိုးကြော် ပန်းကန်ကို ကျွန်မရှာမတွေ့အောင် ဖွက်ထားရတတ် တယ်။ ကျွန်မကလည်း မြည်းတာက နည်းနည်း မဟုတ်ဘူးလေ။ မီးဖိုထဲ တစ်ခါဝင်သွားရင် လက်နဲ့တစ်ဆုပ် နှိုက်ပြီး ယူသွားတာကိုး။ အခုတော့ ကိုယ့်ဘာသာကိုယ် စီမံချက်ပြုတ်နေရတော့ သိပ်နှိုက်မစားရဲဘူး။ ထမင်းဝိုင်းရောက်မှ စားစရာ မရှိရင် ကိုယ်ပဲ ဒုက္ခရောက်မှာလေ။ ဒါတောင် ကြော်နေရင်း ပါးစပ်ထဲ ၀င်သွားတဲ့ ငါးလေးတွေက မနည်းဘူး။

ငါးကြော်ကတော့ လွယ်ပါတယ်။ ငါးသလဲထိုးကို ဆားနဲ့ စင်စင်တိုက်ဆေးပြီး ဆား၊ အချိုမှုန့်၊ ဆနွင်းလေးနဲ့ နယ်ထားတယ်။ မီးဖိုပေါ်ဒယ်အိုးတင်၊ ဆီများများထည့် ဆီပူလာရင် ငါးလေးတွေ ထည့်ကြော် ပါတယ်။ ငါးလေးတွေ ကျွတ်လာမှ ဆယ်ပြီး ဇကာနဲ့ ခဏစစ်ပါတယ်။ ငါးကြော်လေး အေးသွားရင် ပျော့မသွားအောင် လေလုံဘူးလေးနဲ့ ထည့်ထားပါတယ်။

ငါးသလဲထိုးကြော်နဲ့ စားဖို့ အရည်သောက်ကိုတော့ ခပ်လွယ်လွယ် ငရုတ်ကောင်း ဟင်းခါးလေး ချက်လိုက် တယ်။ အိုးတစ်လုံးမှာ ရေထည့်ပြီး တည်ပါတယ်။ ရေဆူရင် ပုဇွန်ခြောက်မှုန့်နဲ့ ငါးပိစိမ်းစား အနည်းငယ် ထည့်ပါတယ်။ ဆား၊ အချိုမှုန့်၊ ငံပြာရည် ထည့်ပြီး ဟင်းရည်ကျပြီး အရသာ အနေတော် ဖြစ်အောင် တည်ပါ တယ်။ ဟင်းရည် အနေတော်ဖြစ်မှ ငရုတ်ကောင်းစေ့နဲ့ ကြက်သွန်ဖြူ လေးငါးမွှာ ရောပြီး ထောင်းထားတာကို ဟင်းရည်အိုးထဲ ခပ်လိုက်ပါတယ်။ ဟင်းရည် ပြန်ဆူပြီး ငရုတ်ကောင်း နံ့လေး မွှေးသွားရင်တော့ ငရုတ်ကောင်းဟင်းခါး ပူပူလေး ရပါပြီ။

ငါးသလဲထိုးကြော် ကျွတ်ကျွတ်လေး




ငရုတ်ကောင်းဟင်းခါးပူပူလေးနော်

3 comments:

Baby taster said...

ငါးသလဲထိုးတွေ စားချင်လိုက်တာ
ကိုယ်လည်း ငါးကြော်ကို ဒီတိုင်းကြိုက်၏

မြူးမြူး said...

ှုငါးသလဲထိုးကြော် အရမ်းကြိုက်တယ်.. ဟင်းခါးလေးနဲ့ ရှယ်ပဲ.. သွားရည်ကျသွားပြီ..း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ငါးသလဲထိုးကြော်ကို အမြည်းလုပ်ချင်လိုက်တာနော် ဟိဟိ
ကိုကာကိုလာနဲ့ ပြောပါတယ်.. တစ်ခြားနဲ့ မမြည်းပါဘူး
ဟင်းခါးလေးကတော့ ချမ်းတဲ့ခါ သောက်ရရင် ရှယ်ဘဲနော်... စဉ်းစားရင်း ခုတောင် သောက်ချင်လာပြီ
ဒီမှာက ချမ်းတုန်းလေ.

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...