Thursday, January 27, 2011

"ထမင်းသုပ်"

လွန်ခဲ့တဲ့ သုံးလေးရက်က တစ်ညနေမှာပါ။ အပြင်က ပြန်လာပြီး ဘာဟင်းမှလည်း မချက်ချင် တော့တာနဲ့ စာရေးဆရာနဲ့ ဘာစားကြမလဲဆိုတာ တိုင်ပင်လိုက်တော့ ထမင်းသုပ်စားရအောင်တဲ့။ ကျွန်မက တကယ်တော့ ထမင်းသုပ် မကြိုက်ပါဘူး။ ငယ်ငယ်ကတည်းက အိမ်မှာ သုပ်စားကြရင် ဘယ်တော့မှ မစားဘူး။ ငါးထမင်းတော့ စားပါတယ်။ ရိုးရိုး ထမင်းသုပ်ကို မကြိုက်တာပါ။ အခုတော့ စာရေးဆရာက စားချင်တယ်ပြောပြီး ကျွန်မကလည်း ဘာမှမချက်ချင်တာနဲ့ ထမင်းသုပ် သုပ်ပေးမယ်လို့ ပြောလိုက်ပါတယ်။ ကျွန်မအတွက် ဘာစားရင် ကောင်းမလဲ စဉ်းစားတော့ ၀က်အူချောင်းရှိတာနဲ့ ကြော်စားမယ်ပေါ့။ တကယ်တမ်း စားမယ်ဆိုတော့ ထမင်းဖြူနဲ့ ၀က်အူချောင်းကြော်နဲ့ချည်း မစားချင်တော့တာနဲ့ တစ်ခါမှ မစားတဲ့ ထမင်းသုပ်ကိုပဲ ကျွန်မအတွက်ပါ ပိုသုပ်ပြီး ၀က်အူချောင်း ကြော်နဲ့ တွဲစားလိုက်ပါတယ်။

ထမင်းသုပ် သုပ်တာကတော့ လွယ်ပါတယ်။ ပထမဆုံး ထမင်းသုပ်ဖို့ ငရုတ်သီး ဆီချက် လုပ်ပါတယ်။ မီးဖိုပေါ် ဒယ်အိုးတင် ဆီထည့်၊ ဆီပူရင် ဒယ်အိုးကို မီးဖိုပေါ်ကချ ခဏနေရင် ငရုတ်သီးအစိမ်းမှုန့် ထည့်မွှေပြီး ပန်းကန်တစ်လုံးမှာ ထည့်ထားပါတယ်။ ကြက်သွန်နီ ပါးပါးလှီးပြီး ဆီချက် ချက်ထား ပါတယ်။ ထမင်းဖြူ၊ ပုဇွန်ခြောက်မှုန့်၊ ပဲမှုန့်၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ ငရုတ်သီးဆီချက်၊ မန်ကျည်းရည် စတာတွေကို ဇလုံ တစ်လုံးမှာ နှံ့အောင် သေချာ ရောနယ်ပါတယ်။ အပေါ့အငံကို အနေတော် ပြင်ပါတယ်။ ပြီးရင် ပန်းကန်လုံး အသေးလေးထဲ ထမင်းသုပ်ကို ထည့်သိပ်ပြီး စားမယ့် ပန်းကန်ထဲကို ပုံစံခွက်လေးအတိုင်း ရအောင် မှောက်ထည့်လိုက်ပါတယ်။ ပြီးတော့ ထမင်းသုပ်အပေါ်မှာ ကြက်သွန်နီ ဆီချက်ဖတ်လေးတွေ တင်လိုက်ပါတယ်။ ဘေးမှာ မြေပဲလှော်လေး ပုံပါတယ်။ ထမင်းသုပ်နဲ့ ကပ်စားရအောင် ကြက်သွန်ဖြူလေးတွေ အခွံ နွှာပြီး ထည့်ပါတယ်။ ဒါဆိုရင်တော့ ထမင်းသုပ်လေး ရပါပြီ။ ကျွန်မတို့ နှစ်ယောက်ကတော့ ၀က်အူချောင်းကြော် ရှိနေတာနဲ့ ဘေးမှာ ထည့်ပြီး တွဲစား ဖြစ်ပါတယ်။ စာရေးဆရာကတော့ ပြောပါတယ်။ ထမင်းသုပ်ထဲကို အာလူးပြုတ်လေးပါ ထည့်သုပ်ရင် ပိုကောင်းပါတယ်တဲ့လေ။

စာရေးဆရာရဲ့ ထမင်းသုပ်ပန်းကန်


ဝက်အူချောင်း မကြိုက်တဲ့ စာရေးဆရာကို စားကြည့်ပါဆိုပြီး ထည့်ပေးထားတာ :-P 


 ဒါက ကျွန်မ ပထမဦးဆုံးစားတဲ့ ထမင်းသုပ်၊ မြေပဲလှော်တော့ မကြိုက်လို့ မထည့်ဘူး


မကြိုက်ပေမယ့် စားကြည်တော့လည်း စားလို့ဖြစ်ပါတယ်


6 comments:

Evy said...

ထမင်းသုပ်တော့ ကြိုက်တယ်။ ပြင်ထားတာ စားချင်စရာလေး

rose said...

ဝက်အူချောင်း မပါဘဲ၊ ထမင်းသုပ် တစ်ပွဲ ပေးပါဗျို့.... သားရည်ကျလာပြီ။ ရို့စ် ထမင်းသုပ် စားရင် ကြက်သားကြွပ်ကြော်လေးနဲ့ တွဲစားတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်ပွဲဗျို့...
ဝက်အူချောင်းကြော်နဲ့ များများ
ပါဆယ်လဲပေးပါ။
ဗိုက်ဆာနေလို့

Baby taster said...

ထမင်းသုပ်ကြိုက်၏
လာစား၏ ခုလည်း ငပိထမင်းကြော် စားနေ၏ :)

Sunny said...

ထမင်းသုပ်လေးက စားချင်စရာလေးပဲ.. ၀က်အူချောင်းများများနဲ့ တစ်ပွဲပေးပါ.. ၀က်အူချောင်းလည်း ကြိုက်တယ်..

မြူးမြူး said...

ဒို့ကတော့ ထမင်းသုပ်ဆို သိပ်ကြိုက်.. မြေပဲတော့ကြိုက်ဘူး..

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...