Friday, January 21, 2011

"ငါးသလဲထိုးဆီပြန်ဟင်း၊ ချဉ်ပေါင်နဲ့မျှစ်ကြော်"

စာရေးဆရာပေါ့၊ အခုတလော ငါးသလဲထိုးဟင်း စားချင်တယ်ပြော ပြောနေတယ်။ ဒီတော့ ကျွန်မလည်း အပြင်ထွက်ဖြစ်တဲ့နေ့ City Hall ၀င်ပြီး ဈေးဝယ်လိုက်တယ်။ သူစားချင်တဲ့ ငါးသလဲထိုးရော၊ သူအလွန် ကြိုက်တဲ့ ချဉ်ပေါင်ကြော် ကြော်ဖို့ရော လိုတာတွေ ၀ယ်ခဲ့တယ်။

ငါးသလဲထိုးကို ဆားရေနဲ့ စင်စင်ဆေးပြီး ဆား၊ ဆနွင်း၊ အချိုမှုန့် နယ်နှပ်ထားတယ်။ ကြက်သွန်ဖြူ၊နီ၊ ချင်း ထောင်းပါတယ်။ ဆီအိုးတည်၊ ဆီပူရင် နနွင်းလေးနည်းနည်း ထည့်သတ်ပြီး ကြက်သွန် ထောင်းထားတာနဲ့ ငရုတ်သီး အစိမ်းမှုန့်လေး ထည့်ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ပြီး မွှေးလာရင် ငါးသလဲထိုးတွေထည့်၊ ငံပြာရည်နဲ့ အချိုမှုန့် လိုသလိုထည့် လုံးပါတယ်။ ငါးတွေ ကြေမှာစိုးလို့ အသာအယာလေး မွှေလုံးပေးပါတယ်။ ငါးက ထွက်တဲ့ ရေကုန်ပြီး ဆီပြန်မှာ ရေနွေးအနည်းငယ် ထည့်ပြီး ဆီပြန်အောင် ပြန်တည်ပါတယ်။ ဆီပြန်ရင် နံနံပင် ရေဆေးထားတာလေး အုပ်လိုက်ပါတယ်။ အဲဒီတော့ ငါးသလဲထိုး ဆီပြန်ဟင်းလေး ရပြီပေါ့ရှင်။

ပြီးတော့ ချဉ်ပေါင်ကြော်ဖို့ ချဉ်ပေါင်ရွက်တွေကို ဆားရေနဲ့ဆေးပြီး ဇကာနဲ့ ရေစစ်ထားပါတယ်။ မျှစ်ကို ရေဆေးပြီး အိုးတစ်လုံးမှာ ထည့်ပြုတ် ပါတယ်။ အတန်ကြာ ပြုတ်ပြီးရင် ရေစစ်ထားပါတယ်။ ကြက်သွန်ဖြူ၊နီ ထောင်း ထားပါတယ်။ မီးဖိုပေါ်ဆီအိုးတင်၊ ဆီပူရင် ဆနွင်းနည်းနည်း သတ်ပြီး ကြက်သွန်ထောင်းထားတာ ထည့် ဆီသတ် ပါတယ်။ ငရုတ်သီး အစိမ်းမှုန့် ထည့်ပါတယ်။ ကြက်သွန် ကျက်ရင် ပုဇွန်ခြောက်ထောင်း ထားတာ ထည့်ပါတယ်။ တစ်ဆက်တည်းမှာပဲ ငါးပိစိမ်းစား အနည်းငယ်ကို ရေနွေးနဲ့ ဖျော်ထည့်ပါတယ်။ ငံပြာရည်၊ အချိုမှုန့် ထည့်ပါတယ်။ ပြီးမှ မျှစ်ပြုတ် ထားတာတွေ ထည့်မွှေပါတယ်။ ခဏမွှေပြီးရင် ချဉ်ပေါင်ရွက်တွေပါ ထည့်ကြော်ပါတယ်။ ချဉ်ပေါင်ရွက် နွမ်းပြီး ဆီပြန်လာရင် အပေါ့အငံမြည်းပြီး လိုတာပြင်ပါတယ်။ အရသာ အနေတော်ဆိုရင် ငါးရုတ်သီးစိမ်း လေးငါးတောင့်ကို အညှာချွေ၊ ရေဆေးပြီး တစ်စောင်းလေးတွေ ညှပ်ထည့် ခဏမွှေပြီးရင် ချဉ်ပေါင်ကြော်လေးရပါပြီ။ ဆီလည်းပြန် ရေလည်း ခြောက်ခြောက်လေး ကြော်ရင်တော့ ကြာရှည် အထားခံတာပေါ့ရှင်။ ကျွန်မကတော့ ခြောက်တဲ့အထိ မကြော်ဘဲ ဆီခပ်ပြန်ပြန် စိုစိုလေး ချပါတယ်။ စာရေးဆရာက ခြောက်ခြောက်ကြော်တာ မကြိုက်ဘူးတဲ့။ ခုလိုကြော်တာလည်း ရေခဲသေတ္တာထဲ ထည့် စားရင် တစ်ပတ်လောက်တော့ ထားစားလို့ ရပါတယ်။ 

ငါးသလဲထိုးဆီပြန်ဟင်း




ချဉ်ပေါင်နဲ့မျှစ်ကြော်




6 comments:

rose said...

ရန်ကုန်မှာ နေတုန်းကဆို အမေက ငါးသလဲထိုးပာင်း ချက်ရင် ရို့စ်က မကြိုက်လို့ ဂျီကျနေကျ။ ငါးသလဲထိုးက အရိုးပါ ၀ါးစားလို့ ရတယ် ဆိုပေမယ့် ရို့စ် အတွက် လည်ချောင်းထဲမှာ စူးနေသလိုပဲ။ အဲ့ဒါကြောင့် မစားဘူး။ ပိာပိာ ကြံကြံဖန် ဖြစ်တယ်နော်။ ချဉ်ပေါင်နဲ့ မျှစ်ကြော်လေးပဲ ယူစားသွားတယ်။ ချဉ်ပေါင် မစားရတာ တော်တော်ကြာပြီး(

Baby taster said...

ငါးသလဲထိုးဆိုတာက ဒါမျိုးလာ
ကိုယ်သိတဲ့ ငါသလဲထိုးဆိုတာက
ခေါင်း နည်းနည်း လုံးပြီး တကိုယ်လုံးပျောက်ကြား အမဲလေးတွေရှိနေတာလေ မဟုတ်ဘူးထင်ပါရဲ့ ငယ်ငယ်က
စားဖူးတယ် ဒါမျိုးကတော့ ဒီမှာ အရမ်းဈေးပေါတယ်( ငါးထဲမှာပြောတာ)
စားချင်တယ်နော်သိလာ။ ဒီတခါ ချောကို ပန်ကန်ဆေးခိုင်သိလာ:P

ပါရမီဖြည့်ဖက်လေး said...

မမဘေဘီပြောတဲ့ ငါးနဲ့ တူမတူတော့ မသိဘူး။ ခုချက်ထားတဲ့ ငါးသလဲထိုးလည်း တစ်ကိုယ်လုံး အမဲအပျောက်လေးတွေ ပါပါတယ်။ ချက်လိုက်တော့ အရောင်နည်းနည်း ဖျော့သွားတယ်။ ကြော်စားရင်တော့ အမဲအပျောက်လေးတွေ မြင်ရတယ်။ ဒီမှာတော့ Wet Market တွေ၊၊ Supermarket တွေမှာ မရဘူး။ မြန်မာဆိုင်တွေမှာ သွားဝယ်ရတယ်။ 500gm တစ်ထုပ်ကို S$7 ပေးရတယ်။

Sunny said...

ငါးသလဲထိုးနဲ့ ချဉ်ပေါင်ကြော်လေး လာစားသွားတယ်နော်.. အိမ်မှာလည်း ငါးသလဲထိုးဆိုပြီး ၀ယ်ထားတဲ့ ငါးတစ်ထုပ် ရှိသေးတယ်.. မမဘေဘီတို့၊ ပါရမီဖြည့်ဖက်လေးတို့ ငါးသလဲထိုးနဲ့ တူမတူ ပြန်တိုက်ကြည့်ဦးမှ.. :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ငါးသလဲထိုး ကြိုက်တာ ခုလိုပုံလေးထဲကလို ဆီပြန်နေတာမျိုးဆို ထမင်းနဲ့ နယ်စားလို့သိပ်ကောင်းမှာဘဲ
ချဉ်ပေါင်ကြော်လည်းကြိုက်
မနက်စာ မချက်တော့ဘူး ဒီမှာဘဲ အ၀စားသွားမယ်နော်

ငွေစန္ဒာ said...

ငါးသလဲထိုးနဲ့ ချဉ်ပေါင်ကြော်လေး လာစားသွားတယ်နော်
အရမ်းကိုစားချင်ပါတယ်ကွယ်။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...