Wednesday, January 19, 2011

"၀က်သားဟင်း၊ မျှစ်နဲ့ပဲပြုတ်ကြော်"

မျှစ်နဲ့ပဲပြုတ်ကြော် စားချင်နေတာ တစ်ပတ်လောက် ရှိနေပါပြီ။ City Hall မရောက်တာနဲ့ မ၀ယ်ဖြစ်ဘူး။ မနေ့ကတော့ ကျောင်းက အစ်မတစ်ယောက် ကျွန်မအိမ်လာခါနီး သူက City Hall ရောက်နေပြီး အဲဒီက လာမှာမို့ ဘာမှာချင်သေးလဲ လှမ်းမေးတာနဲ့ အတော်ဖြစ်သွားတယ်။ မျှစ်နှစ်ထုပ်နဲ့ ပဲပြုတ် တစ်ထုပ် မှာလိုက် ပါတယ်။ အဲဒီတော့ မနေ့ညက ကျွန်မဆန္ဒပြည့်ဝသွားတယ်။ မျှစ်နဲ့ ပဲပြုတ်ကြော် စားရလို့ပါ။

ဒါနဲ့ပဲ ၀က်သားဟင်းနဲ့ မျှစ်နဲ့ပဲပြုတ်ကြော် ချက်စားဖြစ်တယ် ဆိုပါတော့။ ၀က်သားကို အနေတော်တုံးပြီး ဆား၊ ပဲငံပြာရည် အနောက်ရည် (ကြာညို့)၊ သကြားတို့နဲ့ ရောနယ်ပြီး နှပ်ထားတယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းပါတယ်။ အိုးထဲမှာ ၀က်သားထည့်၊ ကြက်သွန်ထောင်းထားတာတွေ ထည့်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ပဲငံပြာရည် အကြည်ရည်၊ တရုတ်မဆာလာ၊ ဆီ၊ အချိုမှုန့် စတာတွေထည့်ပြီး သမအောင် ခပ်ကြာကြာလေး နယ်ပါတယ်။ ပြီးမှ အဖုံးအုပ်၊ မီးဖိုပေါ် အိုးတင်ပြီး အသားကထွက်တဲ့ ရေနဲ့ပဲ တည်ထားပါတယ်။ ဆီပြန်သံကြားမှ အဖုံးဖွင့်၊ မွှေပြီး ရေနွေးထည့်ပြီး ဆက်တည်ပါတယ်။ အသား မနူးသေးရင် ရေနွေးထပ်ဖြည့် ထည့်ပါတယ်။ ၀က်သားနူးရင် မန်ကျည်းရည်လေး နည်းနည်း ထည့်ပြီး ဆီပြန်ရင်တော့ ၀က်သားဟင်း ခပ်ချဉ်ချဉ်လေး ရပါပြီ။

မျှစ်နဲ့ပဲပြုတ်ကိုတော့ သက်သတ်လွတ် ကြော်ပါတယ်။ သက်သတ်လွတ် စားနေလို့မဟုတ်ပါဘူး။ ၀က်သား ဟင်းကြီးလည်း ပါနေတော့ သက်သတ်မလွတ်မှန်း သိကြမှာပါနော်။ ကျွန်မ မျှစ်ကြော်ကို ပုဇွန်ခြောက်၊ ငံပြာရည်ထည့်တာ မကြိုက်လို့ပါ။ မျှစ်ကြော်ဖို့ မျှစ်ကို ရေဆေး၊ အိုးတစ်လုံးမှာ ထည့်ပြုတ်ပြီး ရေစစ်ထား ပါတယ်။ ဒယ်အိုးထဲမှာဆီထည့်၊ ဆီပူရင် ဆနွင်းအနည်းငယ်ထည့်၊ ကြက်သွန်ဖြူ ဒါးပြားရိုက်ကို ထည့်ပြီး ဆီသတ်ပါတယ်။ ပြုတ်ထားတဲ့ မျှစ်တွေ ထည့်ပါတယ်။ ဆားနဲ့ အချိုမှုန့် အနည်းငယ်ဆီ ထည့်ပါတယ်။ နောက်ဆုံးမှ ပဲပြုတ်ထည့်မွှေပြီး ခဏနေရင် မီးဖိုက ချပါတယ်။ မျှစ်နဲ့ ပဲပြုတ်ကြော် ပူပူလေးရပြီပေါ့။ 

ဝက်သားဟင်းလေး
မျှစ်နဲ့ပဲပြုတ်ကြော် ပူပူလေး




2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ညနက်နေပြီမို့ ဘာမှ မစားတော့ဘူးဆိုပြီး ပေပြီးနေတာ
ဟင်းမြင်တော့ဗိုက်ထဲက အသံများတောင် ထွက်တယ်
ဆာလိုက်တာနော်...
တကယ်သာစားရမယ်ဆို ဘယ်လောက်များ ကောင်းလိုက်မလဲ
ခုချိန် ၃ပန်းကန် အသာလေးစားနိုင်တယ်..

Baby taster said...

မျှစ်နဲ့ ပဲပြုပ်ကြော်ကတော့
ဘယ်တော့စားစား မ၀ဘူး

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...