Tuesday, January 18, 2011

"ဟိုဘက်ကမ်းခြေ၊ သည်ဘက်ကမ်းခြေ"

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စာရေးဆရာရဲ့ ဆွေလိုမျိုးလို ခင်မင်နေတဲ့ မိသားစုထဲက မိခင်ဖြစ်သူ အန်တီရဲ့ မွေးနေ့ ရှိလို့ ဖိတ်ထားတာကြောင့် သွားဖြစ်တယ်။ အဲဒီ အန်တီရဲ့ သားတွေက ဒီမှာ အလုပ်လုပ်နေကြတော့ အန်တီကလည်း လာလိုက်နေတာပါ။ မြေးတွေနဲ့လည်း အတူနေရတာပေါ့လေ။ အန်တီနဲ့ စာရေးဆရာတို့က စာရေးဆရာ ငယ်စဉ်ကတည်းက မိသားစုချင်း ခင်မင်ရင်းနှီးခဲ့တာ ဆိုတော့ တော်တော်လေး ခင်ပါတယ်။ အန်တီရဲ့သားတွေနဲ့ စာရေးဆရာနဲ့ကလည်း ညီအစ်ကိုတွေလို ဖြစ်နေတာပေါ့။ ဒီတော့ အန်တီက သူ့ရဲ့ မွေးနေ့ပွဲလေး ကျင်းပတော့ ကျွန်မတို့ကို လာခဲ့ဖို့ သေသေ ချာချာ ဖိတ်ပါတယ်။ ရုံးပိတ်ရက်လည်း ဖြစ်တော့ ကျွန်မတို့ ဇနီးမောင်နှံလည်း မွေးနေ့ပွဲလေးကို သွားဖြစ်တယ်။ ဟိုရောက်တော့ အန်တီက ဒန်ပေါက်နဲ့ ဧည့်ခံ ပါတယ်။ စားသောက်ပြီး စကားလေး ဘာလေး ပြောပြီး နှစ်ယောက်သား အိမ်ပြန်ခဲ့တယ်။

အိမ်ရောက်တော့ စာရေးဆရာက တစ်ပတ်စာ ဂျာနယ်တွေ ပြန်ဖတ်တယ်၊ ကျွန်မကလည်း အိမ်အလုပ်လေး နည်းနည်းပါးပါး လုပ်စရာရှိတာ လုပ်ပြီးတော့ ညနေစောင်းသွားတယ်။ ဒီတော့ နှစ်ယောက်သား အညောင်း အညာလည်း ပြေ၊ စိတ်လည်း လန်းဆန်း၊ ကျန်းမာရေးနဲ့လည်း ညီညွတ်အောင် လမ်းလျှောက် ထွက်ခဲ့ ပါတယ်။ ကျွန်မတို့ လျှောက်ဖြစ်ခဲ့တာက အိမ်နားမှာရှိတဲ့ West Coast Park ကိုပါ။ စလုံးမှာ နေတဲ့သူ တော်တော် များများ East Coast ကိုသာ သွားလေ့ရှိပြီး West Coast Park ကိုတော့ ရောက်ဖူးသူ နည်းပါ တယ်။ West Coast က East Coast လို ကမ်းခြေ မဟုတ်ပေမယ့် သူလည်း သာသာယာယာ ရှိတဲ့ ကမ်းနားလေးပါပဲ။ ကျွန်မတို့ ရန်ကုန်က ကြည့်မြင်တိုင် ကမ်းနားလိုပေါ့။ West Coast မှာလည်း ညနေစောင်းဆို အနီးအနား ပတ်ဝန်းကျင်က လာရောက် အပန်းဖြေသူတွေ များပါတယ်။ လေညင်းခံသူခံ၊ စွန်လွှတ်သူလွှတ်၊ ပြေးသူပြေး၊ စက်ဘီးစီးသူစီး၊ စကိတ်စီးသူ စီးနဲ့ စည်ကားပါတယ်။ ကျွန်မ ဒီကို မရောက်လာမှီကဆို ရုံးပိတ်ရက် တွေမှာ စာရေးဆရာက သူ့သူငယ်ချင်းတွေနဲ့ ဒီ West Coast Park ကို သွားပြီး ဂစ်တာတီး၊ သီချင်းဆိုနဲ့ ည (၁၂) နာရီလောက်မှ ပြန်လေ့ရှိပါတယ်တဲ့။ 

အဲဒီနေ့ ညနေကလည်း တော်တော်လေး သာယာပါတယ်။ လေကောင်း လေသန့်လေးလည်းရ၊ လမ်းလေးလည်း လျှောက်ဖြစ်တော့ လူက ပေါ့ပါးလန်းဆန်းသွားပါတယ်။ ကျွန်မတောင် စာရေးဆရာကို ပြောဖြစ်သေး တယ်။ အားရင် နေ့တိုင်းတောင် လျှောက်သင့်တယ်လို့။ East Coast က ကျွန်မတို့ နေတဲ့ West Coast ဘက်က ကြည့်ရင် နည်းနည်းလည်း လှမ်းလို့ ဟိုဘက်ကမ်းခြေလို့ ခေါ်ရမယ်ဆိုရင် ကျွန်မတို့ နေတဲ့ West Coast ကိုတော့ သည်ဘက်ကမ်းခြေလို့ပဲ ခေါ်လိုက်ချင်ပါတယ်။ အဲဒီနေ့က ညနေစောင်း လမ်းလျှောက်ရင်း ရိုက်လာဖြစ်တဲ့ West Coast Park က ပုံလေး တချို့ကို ကျွန်မရဲ့ မိတ်ဆွေများလည်း ခံစားနိုင်အောင် တင်ပေး လိုက်ပါတယ်နော်။







3 comments:

Baby taster said...

ပုံလေးတွေ လာကြည့်သွားတယ်နော်
အဲ့လို လမ်းလျှောက်ချင်တာ ဒါပေမဲ့
အေးလွန်းလို့ ခဲနေပြီဒီမှာတော့

ချော(အစိမ်းရောင်လွင်ပြင်) said...

ပါရမီဖြည့်ဖက်လေးတို့နဲ့တူတူ ညနေဆည်းဆာကို ခံစားသွားပါတယ်နော်
ပုံလေးတွေက ကြည်နူးစရာကောင်းတယ်

rose said...

သစ်ပင်လေးတွေ စိမ်းစိမ်းစိုစိုနဲ့ လမ်းလေးတွေက လှသားနော်။ ပါရမီ ဖြည့်ဖက်လေးတို့ စုံတွဲ အတွက် ပျော်စရာ ညနေခင်းလေးပေါ့နော်။ ကောင်း၏။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...