Monday, January 17, 2011

"ငါးဖယ်ငါးဆုပ်ဟင်းနဲ့ မှိုကန်စွန်းကြော်"

ဒီနေ့မနက် ငါးဟင်းစားချင်တာနဲ့ အိမ်နားက Wet Market ကိုသွားတယ်။ ဈေးရောက်မှ သတိရတယ်၊ ဒီနေ့ တနင်္လာဆိုတော့ ဈေးပိတ်ရက်လေ။ ဒါနဲ့ SHENG SIONG ကိုသွားတယ်။ ဟိုရောက်တော့ လည်း ငါးတွေက သိပ်မရှိဘူး။ ဒီတော့ မြန်မာဆိုင်မှာပဲ ၀ယ်တော့မယ် ဆိုပြီး ကန်စွန်းရွက်နဲ့ မှိုဝယ်ပြီး ပြန်ခဲ့တယ်။ မှိုက ရန်ကုန်မှာ စားနေကျ ကောက်ရိုးမှိုကို ဆီသွပ်ဗူးနဲ့ တွေ့တာနဲ့ ၀ယ်လိုက်တာ။ ကျွန်မက ကောက်ရိုးမှိုကို အကြိုက်ဆုံးပဲ။ မြန်မာဆိုင်ရောက်တော့ ငါးခူ၊ ငါးကျည်း၊ ငါးရံ့ပဲ တွေ့တယ်။ ကျွန်မက ငါးမြင်းတို့၊ ငါးတန်တို့ စားချင်တာပါ။ ကျွန်မလည်း ဘာချက်ရမလဲ ဆက်မွှေလိုက်တော့ ငါးဖယ်တွေ့တာနဲ့ ငါးဖယ်ဝယ်ပြီး ပြန်ခဲ့ပါ တယ်။

ငါးဖယ်ကို ဆား၊ ဆနွင်း၊ ဂျင်း ညက်ညက် ထောင်းထားတာနဲ့ ရောနယ်ပြီး ဇလုံတစ်လုံးထဲမှာ နာနာ ရိုက်လိုက်တယ်။ ပြီးတော့ လက်ကို ဆီအနည်းငယ် စွပ်ပြီး ငါးဖယ်ကို စိတ်ကြိုက် အလုံးလေးတွေ လုံးပြီး နည်းနည်း ပြားချလိုက်တယ်။ ဆီပူပူမှာ ငါးဖယ်လေးတွေ ထည့်ကြော်ပါတယ်။ အသားထဲပါ ကျက်အောင် ကြော်နေရင်း ငါးဖယ်လေးတွေကို ခရင်းလေးနဲ့ ထိုးပေးပါတယ်။ ငါးဖယ်ကြော်ပြီးရင် ကြက်သွန်ဖြူနီ ထောင်းထားတာကို အရောင်တင်မှုန့်လေးနဲ့ ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ရင် ခရမ်းချဉ်သီး ထည့်သတ် ပါတယ်။ ငံပြာရည်နဲ့ အချိုမှုန့် ထည့်ပါတယ်။ ခရမ်းချဉ်သီးလေးတွေ ကြေပြီး လိပ်သွားရင် ငါးဖယ် ကြော်ထားတာလေး ထည့်လုံးပါတယ်။ ခပ်ကြာကြာလေး လုံးပြီးရင် ရေနွေး အနည်းငယ် ထည့်ပြီး တည်ပါတယ်။ ဆီပြန် လာရင် နံနံပင်လေး အုပ်ပြီး ဟင်းအိုးကို ချပါတယ်။ အဲဒါဆို ငါးဖယ်ငါးဆုပ်ဟင်း တစ်ခွက် ရပါပြီ။ 

နောက်ပြီး ငါးဖယ်ငါးဆုပ်ဟင်းနဲ့ တွဲစားဖို့ မှိုနဲ့ကန်စွန်း ကြော်ပါတယ်။

ကန်ဇွန်းရွက်ကို အရိုး၊ အရွက် သတ်သတ်ဆီ ချွေပြီး ရေစင်စင်ဆေး ဇကာနဲ့ စစ်ထားတယ်။ ဆီအိုးမှာ ကြက်သွန်ဖြူ ဒါးပြား ရိုက်ထားတာ ထည့်ပြီး ဆီသတ်ပါတယ်။ ပြီးတော့ မှိုဗူး ဖောက်၊ ရေသွန်ပစ်ပြီး မှိုဖတ် တွေကို ထက်ခြမ်းလေးတွေ ခြမ်းထည့်ပါတယ်။ ဆား၊ အချိုမှုန့်နဲ့ ခရုဆီလေး ထည့်ပြီးရင် ကန်စွန်းရိုး အရင် ထည့်ပါတယ်။ ခဏနေရင် ကန်စွန်းရွက် ထည့်ပါတယ်။ ခပ်စိမ်းစိမ်းလေးမှာပဲ မီးဖိုပေါ်က ချပါတယ်။

ငါးဖယ်ငါးဆုပ်ဟင်းလေး

ငါးဖယ်လေးက စစ်တယ်ရှင့်၊ တော်တော်လေး စားကောင်းတယ်။




မှိုကန်စွန်းကြော်လေးပါ




4 comments:

Sunny said...

ငါးဖယ် ငါးဆုပ်လေးနဲ့ မှိုကန်စွန်းလေးနဲ့ ကြိုက်တယ် ညလေးရေ.. အ၀စားသွားပြီနော်.. နောက်လူတွေဖို့ မချန်ခဲ့တော့ဘူး.. :)

rose said...

ဒီနေ့တော့ ပာင်းတွေ အကုန်ကောင်းတယ်နော်။ ငါးဖယ်ပာင်းဆို သိပ်နှစ်သက်တာ။ ကန်စွန်းရွက်နဲ့ မှိုကြော်လည်း ကြိုက်တာပဲ။ ပါရမီဖြည့်ဖက်လေးရဲ့ ငါးဖယ်ပာင်းလေး မြင်ပြီး စားချင်သွားပြီ။ ရို့စ်လည်း ဈေးသွားဝယ်ဦးမှ။

ချော(အစိမ်းရောင်လွင်ပြင်) said...

၂ခုလုံးကြိုက်တယ် ငါးဖယ်မစားရတာတောင် ကြာပြီ
သွားရေကျလိုက်တာ
ဗိုက်တောင် ဆာလာပြီ
ပုံလေးတွေငေးသွားရတယ်

Baby taster said...

အပေါ်ကတယောက်လည်း သရေတွေပဲလိုက်ကျနေတော့တာပဲ
ကပ်စီးနဲပြီးတော့ ဟွန့် သူဌေးဖြစ်နောက်ကျမှာစိုးလို့နေမှာ
ဒါမှမဟုတ်တင်တောင်းဖို့ စုနေတာလား :P

ဟင်းတွေလာစားတယ်

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...