Wednesday, January 12, 2011

"သီးစုံပဲကုလားဟင်းနဲ့ ငါးရံ့ခြောက်ပဲဆီစမ်း"

မနေ့ညနေက စာရေးဆရာ ရုံးကပြန်လာတော့ ဘာစိတ်ကူး ပေါက်လာတယ်မသိဘူး၊ ကျွန်မကို မနက်ဖြန်  သီးစုံပဲကုလားဟင်း ချက်ပါလားတဲ့။ ကျွန်မကလည်း ချက်တာပေါ့လို့ ပြောလိုက်တယ်။ သူလည်း ဆီပြန်ဟင်းတွေ၊ အထူးသဖြင့် ကြက်သားနဲ့ ၀က်သားကို မစားချင်တော့ဘူး ထင်ပါရဲ့။ ကျွန်မလည်း အတူတူပါပဲ။ ဒီတော့ ကျွန်မလည်း မနက်က သီးစုံပဲကုလားဟင်း ချက်ဖို့ ဈေးကို ခဏ ပြေးပြီး လိုတာလေးတွေ ၀ယ်ရတာပေါ့ရှင်။

ပဲကုလားဟင်းချက်ဖို့ ကုလားပဲကို သုံးလေးနာရီလောက် ကြိုပြီးရေစိမ်ထားလိုက်တယ်။ ပြုတ်တဲ့အခါ အချိန်ကုန် သက်သာတာပေါ့။ အသီးအရွက်တွေ အားလုံးကို ရေစင်စင် ဆေးတယ်။ ပဲတောင့်ရှည်သီးကို လက်နှစ်ဆစ်လောက် လေးတွေ ပိုင်းပါတယ်။ ရုံးပတီသီး အနေတော် လှီးဖြတ်တယ်။ အာလူးကို အခွံခွာ၊ အနေတော်တုံး၊ ဆားရည် ခဏစိမ်ပြီး ရေစစ်ထားတယ်။ ခရမ်းသီးကို အတုံးလေးတွေ တုံးထားတယ်။ ရေစိမ်ထားတဲ့ ပဲကို အိုးတစ်လုံးမှာထည့်ပြီး ဆားလေး နည်းနည်းခပ်ပြီး ပြုတ်ပါတယ်။ ပဲနူးရင် ပဲတွေ ကြေအောင်  ဇွန်းနဲ့ ခြေထားပါတယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်းထောင်း ပါတယ်။ 

ဒယ်အိုးထဲမှာ ဆီထည့်၊ ဆီပူရင် ဆနွင်းမှုန့်နည်းနည်း ထည့်ပြီး ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းထား တာတွေ ထည့် ဆီသတ်ပါတယ်။ အရောင်တင်မှုန့် ထည့်သတ်ပါတယ်။ ကြက်သွန် ကျက်မှ ဇီယာ အနည်းငယ် ထည့်ပါ တယ်။ ပျဉ်းတော်သိမ် နှစ်ခက်လောက်ကိုလည်း ရေဆေး၊ အရွက်ချွေပြီး ဆီသတ်တဲ့ အထဲထည့်ပါတယ်။ ကုလားမဆလာ ထည့်သတ်ပါတယ်။ မွှေးလာရင် အာလူးနဲ့ ခရမ်းသီး ထည့်လုံးပါတယ်။ အချိုမှုန့်နဲ့ ဆား ထည့် ပါတယ်။ ခဏနေမှ ပဲသီး ထည့်လုံးတယ်။ ခပ်ကြာကြာလေး လုံးပြီးမှ ပဲပြုတ်အိုးထဲကို ဆီသတ်ထားတာတွေ အားလုံး ရောထည့်ပြီး ဆက်တည်ပါတယ်။ အသီးအနှံတွေ နူးပြီး ပဲဟင်းအရသာလည်း အနေတော်ဆိုရင် ရုံးပတီသီး ထည့်ပါတယ်။ ခဏနေမှ မကျည်းသီးမှည့် ရေဖျော်ထားတာ ထည့်ပါတယ်။ မဆလာလေး ထပ်အုပ် ပြီးရင် သီးစုံပဲကုလားဟင်း မွှေးမွှေးလေး ရပါပြီ။

သီးစုံပဲကုလားဟင်းနဲ့ တွဲဖက်စားဖို့ကတော့ ငါးရံ့ခြောက်ဖုတ် ပဲဆီစမ်းလေးပါရှင်။ ငါးရံ့ခြောက်က ကျွန်မ မေမေ ရန်ကုန်က ပို့ပေးထားတာပါ။ ပို့ကတည်းက မီးဖုတ်၊ ထုထောင်းပြီး ပို့လိုက်တာမို့ ကျွန်မက Microwave နဲ့ ခဏ ပြန်နွေးပြီး ဆီစမ်းလိုက်ရုံပါပဲ။

ငါးခြောက် မကြိုက်တဲ့ ကျွန်မအတွက် ကြက်ဥကို ၀က်အူချောင်းနဲ့ ရောကြော်လိုက်တယ်။ ၀က်အူချောင်းကို ရေဆေး၊ တစ်စောင်းလေးတွေ လှီးပြီး ဆီနဲ့ ရေနည်းနည်း ထည့်ပြီး ဒယ်အိုးထဲမှာ ကြော်တယ်။ ရေခန်းရင် ၀က်အူချောင်းလေးတွေ ဘေးကပ်ထားပြီး ကြက်သွန်နီ ဆီသပ်ပါတယ်။ ကြက်သွန်ကျက်မှ ၀က်အူချောင်းနဲ့ ရောပြီး မွှေပါတယ်။ ပြီးတော့ ကြက်ဥသုံးလုံးနဲ့ ဆား၊ အချိုမှုန့် ရောခေါက်ထားတာကို ထည့်မွှေပြီး ကြော်လိုက် ပါတယ်။

သီးစုံပဲကုလားဟင်း မွှေးမွှေးလေး





ငါးရံ့ခြောက်ဖုတ် ပဲဆီစမ်း






ငါးခြောက်မကြိုက်တဲ့ ကျွန်မအတွက် ကြက်ဥနဲ့ ၀က်အူချောင်းကြော်






8 comments:

Unknown said...

very good

Sunny said...

သီးစုံပဲကုလားဟင်နဲ့ ငါးခြောက်လေးနဲ့ လိုက်မှလိုက်ပဲ.. ထမင်းမြိန်ဦးမှာ သေချာတယ်..

Mon Petit Avatar said...

အင်း အားလုံးစားချင်တယ်

rose said...

သီးစုံပဲပာင်းလေး စားသွားပြီ။ ငါးခြောက်ဖုတ် စားချင်လိုက်တာ။ ဒီလောက် ကောင်းတာကို ဘာလို့ ပါရမီဖြည့်ဖက်လေးက မကြိုက်တာလဲပာင်။ ခြေထောက်ရောင်မှာ စိုးလို့လား။

Baby taster said...

အင်း ဟင်းတွေ မချက်ပဲ ကပ်စားရရင်
သိတ်ကောင်းမှာပဲနော် :) ပဲဟင်းနဲ့ ငါးခြောက်
စားချင်တယ်ဗျို့..........

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟီး ဒီမှာလည်း ဟင်းကောင်းတယ်
ပဲကုလားဟင်းလည်းကြိုက် ငါးရံ့ခြောက်လည်းကြိုက်
အော် မကြိုက်တာလည်း မရှိပါလား..
သူများအိမ်က ဟင်းတွေ လိုက်လိုက်မျှော်ရတာ ရှက်လာပြီ..
ဖြစ်သေးဘူး ဟင်းလေးဘာလေးချက်ဦးမှး)

ပါရမီဖြည့်ဖက်လေး said...

ရို့စ်ရေ - ခြေထောက်ကြောင့်မဟုတ်ပါဘူး။ ငါးပိရည်နဲ့ ငါးခြောက်ကို ငယ်ငယ်ကတည်းက မကြိုက်လို့ မစားတာ ခုထိလည်း စားလို့မရဘူးဖြစ်နေတယ်။ :-)

Unknown said...

look so yummy,...i like သီးစုံပဲကုလားဟင်း but i don't know how to cook ,.thanks i m going to try it and what is ပျဉ်းတော်သိမ်?can i cook without ပျဉ်းတော်သိမ်?

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...