Wednesday, January 5, 2011

“အဖော်တွေ အပျောက်ဆွဲမယ့် ကော်ရည်ခေါက်ဆွဲ”

မနေ့ညက ဟင်းမချက်ဘဲ ကော်ရည်ခေါက်ဆွဲ ချက်စားဖြစ်တယ်။ ကျွန်မက ကော်ရည်ခေါက်ဆွဲဆို တရုတ် ကော်ရည်ခေါက်ဆွဲ ထက် မြိတ်ကော်ရည်ခေါက်ဆွဲကို ပိုကြိုက်တယ်။ ငါးပိတို့ ငရုတ်သီးတို့နဲ့ စပ်စပ်ကလေး စားရတာကိုး။ လုပ်ရတာ လွယ်တော့ မကြာခဏလည်း လုပ်စားဖြစ်တယ်။ ကျွန်မက ချက်မယ်ဆို စာရေးဆရာကလည်း မငြင်းပါဘူး။

ကြက်သားကို ရေဆေး၊ ဆား၊ အချိုမှုန့်နဲ့ နယ်ပြီး အိုးတစ်လုံးထဲမှာထည့်၊ ဂျင်း လက်တစ်စစ်ကို မညက် တညက် ထုထည့်၊ ကြက်သွန်ဖြူ ဒါးပြားရိုက်ထည့်၊ ရေထည့်ပြီး ပွက်ပွက်ဆူနေအောင် တည်ပါတယ်။ ကြွက်နားရွက် မှိုခြောက်ကို ရေစိမ်ထားပါတယ်။ ပဲပြားကို အတုံးလေးတွေ တုံးထားတယ်။ ကြက်သား နူးရင် ကြက်သားတုံးကို ဆယ်၊ အအေးခံပြီး အသားလေးတွေ နွှင်ပါတယ်။ ကြက်အရိုး တွေကို အိုးထဲ ပြန်ထည့်ပြီး ဆက်တည်ပါတယ်။ ရေနွေးလိုသလောက် ထပ်ဖြည့်ပါတယ်။ ကြက်ရိုးထဲက အချိုရည်တွေ ထွက်ပြီး ဟင်းရည် ချိုအောင် တည်ပါတယ်။ ပြီးမှ ကြက်အသား နွှင်ထားတာ ထည့်ပါတယ်။ ရေစိမ် ထားတဲ့ ကြွက် နားရွက်မှို ကို ကပ်ကြေးနဲ့ အနေတော်လေး ဖြတ်ပြီး ဟင်းအိုးထဲ ထည့်ပါတယ်။ ပဲပြားထည့်တယ်။  ပဲငံပြာရည် အကြည်ရည်နဲ့ အချိုမှုန့်ထည့်ပြီး အပေါ့အငံ ပြင်ပါတယ်။ အနေတော် ဆိုရင် ကြက်ဥနှစ်လုံးကို ပဲငံပြာရည် အကြည်ရည်လေး နည်းနည်းထည့်ပြီး နာနာခေါက်ပြီး ခရင်းလေးနဲ့ နည်းနည်းချင်းစီ ခပ်ပြီး အိုးထဲကို နှံ့အောင် ထည့်ပါတယ်။ ကော်မှုန့်ကို ရေအေးနဲ့ ဖျော်ပြီး အိုးထဲ လောင်းထည့်ပါတယ်။ ကော်ရည်အပြစ်၊ အကျဲ အနေတော်ဆိုရင် ဟင်းရည်ရပါပြီ။

ကန်စွန်းရွက်နဲ့ ပဲပင်ပေါက်ကို ရေဆေး၊ ရေနွေးဖျောပြီ ဇကာနဲ့စစ်ထားပါတယ်။ ငါးပိထောင်း (ကျွန်မ ကတော့ အမေ့လက်ရာ တံဆိပ် ငါးပိထောင်းကို သုံးပါတယ်) နဲ့ သံပုရာရည်ရောပြီး ပန်းကန်တစ်လုံး ထဲမှာ ဖျော်ထား ပါတယ်။ အစပ်ကြိုက်ရင် ငရုတ်သီးစိမ်း ထောင်းထည့်လို့ရပါတယ်။ ကျွန်မကတော့ ငါးပိထောင်းက စပ်ပြီး သားမို့ ထပ်မထည့်တော့ပါဘူး။

ခေါက်ဆွဲခြောက်ကို ရေဆူဆူမှာထည့်ပြုတ်၊ ခေါက်ဆွဲအိလာရင် ဇကာနဲ့ ဆယ်၊ ရေအေးဆေးချပြီး ရေစစ် ထားပါတယ်။

စားခါနီးမှ ပန်းကန်ထဲကို ခေါက်ဆွဲဖတ် လိုသလောက်ထည့်၊ ဟင်းရည် လောင်းထည့်ပါတယ်။ ကန်စွန်း ရွက်၊ ပဲပင်ပေါက်နဲ့  ငါးပိထောင်း ဖျော်ထားတာလေးလည်း ထည့်ပါတယ်။ ငရုတ်ကောင်း မှုန့်လေး ဖြူးပါတယ်။ ဒါဆိုရင် အသီးအရွက်လေးတွေနဲ့ ချို၊ ချဉ်၊ စပ်တဲ့ ကော်ရည်ခေါက်ဆွဲ ပူပူလေး စားလို့ ရပါပြီ။ ကျွန်မလည်း ကြိုက်ကြိုက်နဲ့ ကန်စွန်းရွက်နဲ့ ပဲပင်ပေါက်တွေ ထပ်ထည့်၊ ငါးပိတွေထည့်နဲ့ စားလိုက်တာ ကောင်းမှကောင်း။ အဲ - ဒီနေ့လည်းရောက်ရော ကျွန်မခြေထောက်ကြီး ပြန်ယောင် နေပါပြီ။ ငါးပိတန်ခိုးပေါ့ရှင်။ စာရေးဆရာက ပြောပါတယ်။ ငါးပိလုံးဝ မစားရတော့ဘူး။ နောက်တစ်ခါ ကော်ရည်ခေါက်ဆွဲ စားချင်ရင်လည်း ငါးပိမထည့်ဘဲ စားရမယ်တဲ့ ရှင်။  :-(

မိတ်ဆွေများလည်း ကြိုက်တတ်ရင် အ၀သုံးဆောင်သွားကြပါရှင်။

ကျွန်မရဲ့ ကော်ရည်ခေါက်ဆွဲလေး






အရွက်ကြိုက်ရင် လိုသလောက်ထပ်ထည့်စားဖို့ 




ချဉ်ချဉ်စပ်စပ်လေး စားချင်ရင် ငါးပိထောင်းဖျော်ထားတာလေး ထပ်ထည့်ပေါ့



4 comments:

Sunny said...

ကော်ရည်ခေါက်ဆွဲ ကြိုက်တယ်.. အ၀စားသွားပြီနော် ညလေး.. :)

rose said...

ကော်ရည်ခေါက်ဆွဲလေး စားသွားပြီနော်။ ပါရမီဖြည့်ဖက်လေး လက်ရာ ကောင်းလွန်းလို့ နှစ်ပွဲ တီးသွားပြီး)

ပာယ်... ခြေထောက် ပြန်ရောင်နေပြီ။ ဂရုစိုက်ပါ ပါရမီဖြည့်ဖက်လေးရေ... ငါးပိနဲ့ မတည့်လို့လားပာင်။ ကိုယ်နဲ့ မတည့်တဲ့ အစားတွေ ရှောင်ပေါ့။ နေမြန်မြန်ကောင်းပါစေရှင်။

Baby taster said...

ငါပိကြောင့်ဟုတ်ဖူး
ပုဇွန်ကြောင့်လေ သိတယ်နော် :)
မြန်မာကော်ရည် ခေါက်ဆွဲတခါမှ
မစားဖူးသေးဘူး။ ယိုဒယား ခေါက်ဆွဲပဲ စားဖူးတယ်
ငပိထည့်ပြီး တခါမှမစားဖူးဘူ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ရန်ကုန်မှာတော့ တရုတ်တန်းက ကော်ရည်ခေါက်ဆွဲ မကြာခန စားဖြစ်တယ်..
ကြိုက်တယ်.. ကြက်ဥ ငံငံလေး ထည့်စားရတာလည်း ကြိုက်တယ်..
ဟုတ်တယ် ငပိနဲ့တော့ မစားဖူးသေးဘူး စိတ်ဝင်စားစရာဘဲ

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...