Saturday, July 23, 2011

"ပုဇွန်သုပ်"

3 comments
မနေ့က အိမ်မှာ ပုဇွန်တွေဝယ်ထားတာရှိတာနဲ့ သုပ်စားဖြစ်တယ်။ ဟင်းချက်ရင်ကြာနေမှာစိုးလို့ လွယ်လွယ်ကူကူ သုပ်စားတာ။ ပြီးတော့ ကျွန်မရော စာရေးဆရာပါ ပုဇွန်သုပ်ကြိုက်တယ်။ 

ပုဇွန်ကို အမြီးခေါင်းဖြုတ်၊ ကျောခွဲပြီး ရေဆေး သန့်စင်လိုက်တယ်။ အိုးတစ်လုံး ထဲမှာ ရေထည့်တည်တယ်။ ရေဆူလာရင် သန့်စင်ထားတဲ့ ပုဇွန်တွေ ထည့်လိုက်တယ်။ ပုဇွန်လေးတွေ ကွေးပြီး အနီရောင်သန်းလာတာနဲ့ မီးပိတ်ပြီး ရေနွေးထဲက ပုဇွန်တွေကို ဇကာနဲ့ စစ်လိုက်တယ်။ ပြီးတော့ ပုဇွန်ကို ကပ်ကြေးနဲ့ အနေတော်လေးတွေ ကိုက်ဖြတ်လိုက်တယ်။ 

ကြက်သွန်နီပါးပါးလှီး ရေဆေးပြီး စစ်ထားတယ်။ နံနံပင်၊ ငရုတ်သီးစိမ်း ပါးပါးလှီးထားတယ်။ သံပုရာသီး တစ်လုံး ကို စိတ်ထားတယ်။ အားလုံးအဆင်သင့် ဖြစ်ရင် ပုဇွန်နဲ့ လှီးချွတ်ထားတာတွေ အားလုံး ရောထည့်၊ သံပုရာရည်ညှစ်၊ အချိုမှုန့်နဲ့ ငံပြာရည်လေးထည့်ပြီး ရောနယ်သုပ်ပါတယ်။ ကျွန်မတို့ကတော့ ချဉ်ငံစပ်လေး သုပ်စားတယ်။




Sunday, July 17, 2011

"ကြက်အူချောင်းသုပ်"

3 comments
တစ်နေ့ညက နှစ်ယောက်သား ညစာကိုဘာနဲ့ စားရင်ကောင်းမလဲ တိုင်ပင်ကြတယ်။ ရန်ကုန်က အမျိုးတွေ ထည့်ပေးလိုက်တဲ့ ကြက်အူချောင်းတွေ မနည်းဘူး။ စားပစ်မှဖြစ်မယ်ဆိုတော့ စာရေးဆရာက ကြက်အူချောင်း ကြော်ဆို လုံးဝမစား။ ဒီတော့ ကျွန်မလည်း သုပ်ကျွေးမယ်လေဆိုပြီး ညှိကြည့်လိုက်တာ အဆင်ပြေသွားတာနဲ့ သုပ်စားဖြစ်ကြတယ်။

ကြက်အူချောင်းတွေကို ရေဆေးပြီး အိုးတစ်လုံးမှာ ရေနည်းနည်းနဲ့ ထည့်ပြုတ်လိုက်တယ်။ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ သခွားသီး၊ ကြက်သွန်မြိတ် စတာတွေကို ရေဆေးပြီး လှီးထားလိုက်တယ်။ နောက်ပြီး အချဉ်ရည်ကျိုပါတယ်။ အရင်ဆုံး မကျည်းသီးမှည့်ကို ရေနွေးနဲ့ စိမ်ပြီး အရည်ဖျော်ပါတယ်။ အိုးတစ်လုံးမှာ ငရုတ်ဆီထည့်၊ မကျည်းရည်ထည့်၊ ငံပြာရည်၊ အချိုမှုန့်နဲ့ သကြားအနည်းငယ်ဆီထည့်ပြီး မီးငွေ့ငွေ့နဲ့ ကျိုပါတယ်။ အချဉ်ရည်ပျစ်လာပြီး အရသာအနေတော်ဆို ရပါပြီ။

ပြုတ်ထားတဲ့ ကြက်အူချောင်းတွေကို မထူမပါး တစ်စောင်းလေးတွေ လှီးဖြတ်ပါတယ်။ ပန်းကန်ထဲမှာ ကြက်အူချောင်း၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ကြက်သွန်မြိတ် စတာတွေထည့် အချဉ်ရည် လောင်းပြီး ရောနယ်သုပ်ပါတယ်။ အပေါ့အငံလိုသလို ပြင်ပါတယ်။ ကျွန်မတို့ နှစ်ယောက်ကတော့ အစပ်ကြိုက်လို့ ချဉ်စပ်လေး သုပ်စားပါတယ်။ ပြီးမှ သခွားသီး အကွင်းလိုက် လှီးထား တာလေးတွေကို ဘေးကရံလိုက်ပါတယ်။

ကြက်အူချောင်းသုပ်ဖို့ အဆာပလာတွေ ပြင်ထားတာ


အချဉ်ရည်







Friday, July 15, 2011

"မမေ့နိုင်တဲ့ ရန်ကုန်အိမ်မှ ဟင်းလျာများ"

5 comments
ရန်ကုန်ပြန်တုန်းက ရန်ကုန်အိမ်က ချက်ကျွေးတာလေးတွေပါ။ အစကတော့ ချက်ကျွေးသမျှအကုန်လုံး ဓါတ်ပုံရိုက်ဖို့ စိတ်ကူးရှိပေမယ့် ရောက် ရောက်ချင်းနေ့သာ သတိရပြီး နောက်ပိုင်းရက်တွေမှာ စားဖို့ပဲစိတ်ဝင်စားနေလို့ ဓါတ်ပုံရိုက်ဖို့ အချိန်တောင်မရလိုက်ဘူး။ အခုတော့ ရိုက်လာခဲ့မိ သမျှလေးတွေပေါ့။

ကျွန်မအကြိုက်ဆုံးမျှစ်တာလပေါဟင်း။ ရောက်တဲ့နေ့စားလို့ရအောင် အိမ်ကလူတွေက မျှစ်ကို ကြိုဝယ် ထားကြတယ်တဲ့။




ပုဇွန်ကြော်


ငါးပိသုပ်စပ်စပ်လေး


ကျွန်မအကြိုက်ငါးဖယ်ချဉ်သုပ်


ဟောဒါလေးလည်း ကျွန်မကြိုက်တာပဲ။ ဖလံတောင်ဝှေးကြော်။


 ဒါကတော့ ကြက်သားနဲ့အာလူး။ စလုံးမှာ ကြက်သားပေါပေမယ့် ရန်ကုန်က ဗမာကြက်ရဲ့အရသာလေးနဲ့တော့ မယှဉ်နိုင်ဘူး။

Thursday, July 7, 2011

"အိမ်ပြန်ချိန် ခဏတာ"

4 comments

ပြီးခဲ့တဲ့လက ကျွန်မတို့ဇနီးမောင်နှံနှစ်ယောက် ရန်ကုန်ကို နှစ်ပတ်ပြန်လည်ကြပါတယ်။ စာရေးဆရာက မပြန်ဖြစ်တာ တစ်နှစ်ခွဲရှိပြီး၊ ကျွန်မကတော့ တစ်နှစ်ပါ။ တစ်နှစ်ဆိုတဲ့ အချိန်က ခဏလေးပါ လို့ ပြောကြပေမယ့် ကျွန်မအတွက်တော့ တော်တော်ကြီး ရှည်ကြာခဲ့ပါတယ်။ မိသားစု ကိုလွမ်းနေတဲ့ ကျွန်မရင်ထဲမှာ တစ်နှစ်မက ခံစားနေခဲ့ရတာပါ။ 

ကျွန်မအိမ်ရောက်ရောက်ချင်း ကျွန်မဘိုးဘိုးက တံခါးဝကကြိုနေပါတယ်။ ကျွန်မအဘိုးက အသက်(၈၂)နှစ် ရှိပါပြီ။ နေ့တိုင်းတွေ့နေ၊ မြင်နေရသူတွေ အတွက် မပြောတတ်ပေမယ့် တစ်နှစ်လောက်ခွဲနေရတဲ့ ကျွန်မ ဘိုးဘိုး ကိုတွေ့တွေ့ချင်း ဘိုးဘိုးရဲ့အရွယ်ဟာ မနှစ်ကထက် စာရင် တော်တော်ကျသွားပြီ ဆိုတာ သိလိုက်ပါတယ်။ အိမ်ထဲဝင်ဝင်ချင်းပဲ ဘိုးဘိုးကိုဖက်ပြီး ငိုမိပါတယ်။ ချက်ချင်းဆိုသလို ဖွားဖွားကလည်း အိမ်ထဲက ထွက်လာတော့ ဖွားဖွားကို ဖက်ပြီး ငိုမိပြန်ပါသေးတယ်။ ကျွန်မတစ်သက်တာမှာ အဘိုး၊အဖွားနဲ့ အခုလို တစ်ခါမှ ခွဲမနေဖူးပါဘူး။ ရန်ကုန်မှာ နေတုန်းက ခရီးတွေဘာတွေ ထွက်ရင် လေးငါးရက်ထက် မပိုပါဘူး။ ခရီးသွားရင်လည်း အိမ်က မိသားစုတွေနဲ့ အတူသွားတာများပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်တာကတော့ ကျွန်မဘ၀မှာ မိသားစုနဲ့ ရက်ရှည်လများခွဲနေရတဲ့ နှစ်ပါပဲ။

ကျွန်မမျက်စိရှေ့မှာ အဘိုးနဲ့ အဖွားကို ကျန်းမာပျော်ရွှင်နေတာ တွေ့ရတော့ ကျွန်မ၀မ်းသာရပါတယ်။ ကျွန်မ ဘိုးဘိုး၊ ဖွားဖွားတွေနဲ့ အတူတူ အကြာကြီးနေချင်ပါသေးတယ်။ နောက်ပြီး ကျွန်မ မိဘ၊ အဒေါ်တွေ၊ ဦးလေးတွေ၊ မောင်နှမတွေ။ သူတို့တွေလည်း ငယ်ကြသေးတယ်ဆိုပေမယ့် ဒီမိသားစုဝင်တွေနဲ့ ခွဲပြီး မနေချင်ပါဘူး။

ကျွန်မအဘိုး၊အဘွားအိမ်၊ ကျွန်မမိဘအိမ်နဲ့ စာရေးဆရာ မိဘအိမ်တို့ ရှိနေတော့ ကျွန်မတို့ ရန်ကုန်မှာနေတဲ့ အချိန်မှာ အိမ်သုံးအိမ်ကို အလှည့်ကျပြောင်းနေကြပါတယ်။ ကျွန်မပျော်ပါတယ်။ ကျွန်မ ငယ်ငယ်ကတည်းက နေခဲ့တဲ့ အဘိုးအိမ်မှာက အဒေါ်တွေရှိသလို၊ အိမ်နားမှာတင် ဆွေမျိုးတွေ အိမ်ကလည်း ရှိတော့ လူစုံပြီး ပြောကြ၊ ဆိုကြနဲ့  ပျော်ကြတာပေါ့။ ကျွန်မမိဘအိမ် ရောက်တော့လည်း မိသားစုဝင်တွေအားလုံးနဲ့ တွေ့ရတယ်။ ညဘက်ထိုင်ပြီး စကားတွေပြောကြ စားကြ၊ သောက်ကြနဲ့ပေါ့။ စာရေးဆရာအိမ် ရောက်တော့ စာရေးဆရာရဲ့တူမက လမ်းလျှောက်တတ်စ၊ စကားပြောတတ်စအရွယ် အိမ်ဆည်းလည်းဆိုတော့ စီညံနေတော့တာပါပဲ။ ညနေဆို စာရေးဆရာရဲ့ အစ်ကိုနဲ့ညီကလည်း ရုံးက ပြန်လာကြတော့ ညပိုင်းဆို ပိုလို့တောင် စုံစုံညီညီနဲ့ ပျော်စရာပါပဲ။

အိမ်သုံးအိမ်စလုံးကလည်း ကျွန်မတို့ ကြိုက်တတ်တာတွေကို ကြိုတင်စီစဉ်ပြီး ချက်ပြုတ်ကျွေးကြတော့ ကျွန်မလည်း စိတ်ကြိုက်ကို လှည့်ပတ်စားသောက်ခဲ့တာပါ။ ကျွန်မတို့ ရောက်ပြီး နောက်တစ်နေ့မှာပဲ အဘိုးအိမ်မှာ အဒေါ်က မျှစ်တာလပေါဟင်း ချက်ကျွေးတယ်။ ကျွန်မ သိပ်ကြိုက်တဲ့ဟင်းမို့ မျှစ်ကို သုံးလေးရက်လောက်ကတည်းက ဈေးမှာ ကြိုရှာပြီး ၀ယ်ထားတာတဲ့။ ရာသီစာ ဖလံတောင်ဝှေးကြော်လည်း စားခဲ့ရသေးတယ်။ နောက်ရက်မှာ ကြာဇံချက် ချက်ကျွေးပါတယ်။ စာရေးဆရာအိမ်ကလည်း အုန်းထမင်း တစ်ရက်ချက်ကျွေးတယ်။ ကျွန်မအမေကတော့ ကျွန်မအကြိုက် ငါးကြော် ကျွတ်ကျွတ်နဲ့ ချဉ်ပေါင်ဟင်း၊ ငါးပုဏ္ဏားဟင်းတွေ ချက်ကျွေး ပါတယ်။ ရေနွေးကြမ်းနဲ့ သောက်ဖို့ ရှောက်သီးသုပ်လေးပါ သုပ်ပေးသေးတယ်။


ဟိုအိမ်သွား၊ သည်အိမ်သွားနဲ့ နှစ်ပတ်ဆိုတာ မကြာလိုက်ပဲ ကုန်သွားပါတယ်။ ပြန်ခါနီးကြတော့လည်း စိတ်ထဲမှာ သည်မိသားစုတွေကို ပြန်ပြီးခွဲခွာသွားရဦးမယ်ဆိုတော့ ရင်ထဲမှာ ၀မ်းနည်းနေခဲ့ ပါတယ်။ လေယာဉ်ပေါ်ရောက်တော့ နှစ်ယောက်သားစကားတောင် ကောင်းကောင်း မပြောနိုင်ပါဘူး။ အတွေးကိုယ်စီနဲ့ပေါ့။ စာရေးဆရာလည်း သူ့မိသားစုကို မခွဲချင်ပဲခွဲခွာရတော့ ကျွန်မနဲ့ ထပ်တူ ၀မ်းနည်းနေမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်  ကျွန်မသိပ်ချစ်တဲ့ မိသားစုဝင်တွေနဲ့ ကျွန်မ သိပ်တွယ်တာတဲ့ အိမ်မှာ အတူတကွပြန်လည် နေထိုင်ခွင့်ရမယ့်တစ်နေ့ကို ရင်ထဲမှာ မျှော်လင့်နေမိပါတယ်။           ။

ပါရမီဖြည့်ဖက်လေး
၇.၇.၂၀၁၁
၂၁း၄၀ နာရီ

Thursday, June 2, 2011

"ငါးပတ်ဆီပြန်"

4 comments
ပြီးခဲ့တဲ့ ရုံးပိတ်ရက်လေးမှာတော့ ငါးပတ်ဟင်းလေး ချက်စားဖြစ်တယ်။ မြန်မာဆိုင် ရောက်တာနဲ့ ငါးပတ်သားလေး ၀ယ်ခဲ့တာလေ။ ငါးပတ်သားအတုံးလေးတွေကို ရေစင်အောင်ဆေးပြီး ဆား၊ဆနွင်း၊ အချိုမှုန့် တို့နဲ့ နယ်နှပ်ထားတယ်။ ကြက်သွန်ဖြူ၊ နီ တစ်စုံ ထောင်းလိုက်တယ်။ ခရမ်းချဉ်သီးကို ပါးပါးလေးတွေ လှီးပြီး ငါးပိစိမ်းစား နည်းနည်းနဲ့ နယ်ထားတယ်။ 
မီးဖိုပေါ် ဆီအိုးတင်၊ ဆီပူလာရင် ဆနွင်းလေး နည်းနည်းထည့်သတ်လိုက်တယ်။ ကြက်သွန်ထောင်းထားတာနဲ့ ငရုတ်သီး အစိမ်းမှုန့် ထည့်ပြီး ဆီသတ်တယ်။ ကြက်သွန်ကျက်ပြီး ဆီသတ်နံ့လေး မွှေးလာတော့ ခရမ်းချဉ်သီး တွေထည့်သတ်တယ်။ နာနာလေးမွှေပေးတယ်။ ခရမ်းချဉ်သီးလေးတွေ လိတ်ပြီး ကျက်လာတော့မှ ငါးတွေထည့်၊ ငံပြာရည်ထည့်ပြီး လုံးပေးတယ်။ ငံပြာရည်နံ့ ပျောက်တော့မှ ရေဆူထည့်ပြီး ငါးကျက်တဲ့အထိ တည်ပေးပါတယ်။ ငါးအသားတွေကျက်ပြီး ဆီပြန်လာတော့ နံနံပင်ရေဆေးထားတာလေး အုပ်လိုက်တယ်။ ဒါဆို စားရန်အဆင်သင့် ငါးပတ်ဟင်းလေး ရပါပြီနော်။

 ငါးပတ်သားဆီပြန်လေး

 
ဟောဒါက ငါးတွေကျက်အောင် တည်ပေးနေတာ


ဒီလိုဗူးလေးနဲ့ထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားတော့ နောက်ရက်တွေလည်း စားလို့ရတယ်


Sunday, May 22, 2011

"နံနက်စာ ခေါက်ဆွဲသုပ်"

4 comments
တနင်္ဂနွေနေ့ဆို ကျွန်မနဲ့စာရေးဆရာ မနက်စာကို အိမ်နားက ကော်ဖီဆိုင်မှာ ကော်ဖီသောက်ရင်း စားလေ့ရှိတယ်။ သူက ပလာတာစားတယ်၊ ကျွန်မက ပေါက်စီစားတယ်။ စာရေးဆရာက သူ့အိမ်မှာတုန်းက မနက်တိုင်း သူ့အမေသုပ်ပေးတဲ့ ခေါက်ဆွဲသုပ်စားနေကြလေ။ 

ဒီတနင်္ဂနွေတော့ ခေါက်ဆွဲသုပ်လေး သုပ်စားကြရအောင်လို့ သူကပြောလာတယ်။ ဒီတော့ ကျွန်မ လည်း ခေါက်ဆွဲသုပ် သုပ်ရတော့တာပေါ့။ ဒီကခေါက်ဆွဲအစိုတွေက အလုံးကြီးပြီး စားလို့ သိပ်မကောင်းသလိုပဲ။ ကျွန်မတော့ မကြိုက်ဘူး။ ဒါကြောင့် ခေါက်ဆွဲခြောက်ကို ပြုတ်ပြီး သုပ်ပါတယ်။ 

ခေါက်ဆွဲခြောက်ကို ရေနွေးနဲ့ပြုတ်ပြီး ဇကာနဲ့ စစ်ထားတယ်။ ကြက်သွန်နီပါးပါးလှီးပြီး ဆီချက်လေး ချက်လိုက်တယ်။ ငရုတ်သီးဆီချက်အတွက် အိုးထဲမှာ ဆီအနည်းငယ်ကို ပူအောင်လုပ်ပြီး မီးပိတ်လိုက်တယ်။ ပြီးမှ ငရုတ်သီး အစိမ်းမှုန်လေး ထည့်မွှေပြီး ပန်းကန်ထဲပြောင်းလိုက်တယ်။ ဆီအရမ်းပူရင် တူးသွားတတ်လို့။ မကျည်းသီးနည်းနည်းကို ရေနွေးလေးနဲ့ ဖျော်ထားတယ်။ 

ပန်းကန်ထဲမှာ ခေါက်ဆွဲဖတ်ထည့်၊ ငရုတ်သီးဆီချက်၊ ကြက်သွန်ကြော်ဆီချက်၊ အချိုမှုန့်၊ ငံပြာရည်၊ ပုဇွန်ခြောက်မှုန့်၊ ပဲမှုန့်၊ မကျည်းရည်စတာတွေ ထည့်ပြီး နှံ့အောင်ရောနယ် သုပ်ပါတယ်။ အပေါ့အငံမြည်းပြီး လိုတာပြင်သုပ်ပါတယ်။ အနေတော်ဆိုမှ စားမယ့်ပန်းကန်ထဲပြောင်းထည့်ပြီး အပေါ်က ကြက်သွန်ကြော် ဆီချက်ဖတ်လေးတွေဖြူးလိုက်ပါတယ်။ လွယ်ကူမြန်ဆန်ပြီး စားလို့ကောင်းတဲ့ မြန်မာ့မနက်စာ ခေါက်ဆွဲသုပ်လေးပေါ့။

ဟောဒီမှာ ကျွန်မတို့ မနက်စာ




Tuesday, May 17, 2011

"ဆိတ်သားဟင်း"

4 comments
ကျွန်မတို့အိမ်မှာ ဆိတ်သားကို ကျွန်မဖိုးဖိုး တစ်ယောက်ပဲစားတော့ ချက်လေ့ချက်ထ သိပ်မရှိဘူး။ အိမ်မှာ ဆိတ်သားချက်ရင်လည်း ကျွန်မဖွားဖွားက ဖိုးဖိုးစားဖို့ပဲ ချက်ပေးတယ်။ ဖွားဖွားအပါအ၀င် ကျွန်မ အဒေါ်တွေလည်း မစားကြဘူး။ ဒီတော့ ကျွန်မလည်း ငယ်ငယ်ကတည်းက တစ်ခါမှ မစားဖြစ်ဘူး။ ဒါကြောင့် ဆိတ်သား မစားဘူးပေါ့။ မကြိုက်တာ၊ ရှောင်တာမဟုတ်ပေမယ့် တစ်ခါမှ မစားဖူးတော့ မစားဖြစ်တော့ဘူး။ စာရေးဆရာကတော့ စားနေကျတော့ စားတယ်။ ကြိုက်လည်း ကြိုက်တယ်။ ဒါပေမဲ့ ကျွန်မ မစားတော့ မချက်ဖြစ်ဘူး။ သူလည်း မစားရဘူးပေါ့။ ဒီတစ်ပတ်တော့ သူက ဆိတ်သားလေး ချက်ပေးပါလားလို့ ပြောလာတယ်။ ဒီတော့ ကျွန်မလည်း ချက်ကျွေးဖြစ်တယ်။

ဆိတ်သားကို ရေစင်စင်ဆေးပြီး အနေတော်တုံးပါတယ်။ ပြီတော့ ဗနီကာ၊ အချိုမှုန့်၊ ငံပြာရည်၊ မဆလာများများ နဲ့ နယ်ပြီး နှပ်ထားလိုက်တယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်းထောင်းပါတယ်။ မီးဖိုပေါ် ဆီအိုးတင်၊ ဆီကျက်ရင် ဆနွင်းလေး နည်းနည်းထည့်ပြီး ထောင်းထားတာတွေနဲ့ ငရုတ်သီး အစိမ်းမှုန့်လေး ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်ဆီသတ်လေး မွှေးလာရင် မဆလာလေးပါ ထည့်သတ်ပေးတယ်။ ပြီးတော့ နယ်နှပ်ထားတဲ့ ဆိတ်သားတွေ ထည့်၊ ငံပြာရည်လေး နည်းနည်း ထည့်ပြီး လုံးပေးပါတယ်။ ဆိတ်သားက ထွက်တဲ့အရည်ကုန်ပြီး ဆီပြန်တဲ့အထိ လုံးပြီး မွှေးလာမှ ရေဆူထည့်ပြီး တည်ပါတယ်။ အသားနူးပြီး ဆီပြန်တဲ့ အထိတည်ပေးပါတယ်။ အသားလည်းနူး၊ ဆီလည်းပြန်ပြီဆိုမှ မဆလာလေး ထပ်အုပ်ပြီး ဟင်းအိုးချပါတယ်။ ဒါဆို မဆလာနံ့မွှေးမွှေးလေးနဲ့ ဆိတ်သားဆီပြန်လေး ရပြီပေါ့။

ဟောဒါကဆီပြန်အောင်လုံးနေတဲ့ ဆိတ်သား


ဆိတ်သားဟင်းရပါပြီ။ 


နောက်ရက်တွေစားဖို့ ဗူးနဲ့ထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားပေးတယ်။

Sunday, May 15, 2011

"ဘဲသားဆီပြန်ဟင်း"

3 comments
စာရေးဆရာက ဘဲသားစားချင်တယ်ဆိုတာနဲ့ မနေ့က Wet Market သွားတော့ ဘဲသားဝယ်ဖြစ်တယ်။ ဈေးသည်က တစ်ကောင်လုံးထည့်ချိန်ပြီး 1kg ကို S$7 တဲ့။ 3Kg ရှိတယ်။ S$20  ပဲပေးပါဆိုပြီး ဈေးတွေလျှော့ပေးနေလို့ မနည်းပြောယူရတယ်။ ကျွန်မတို့နှစ်ယောက်တည်း ဘဲတစ်ကောင်ကို ဘယ်နှစ်ရက် စားရမှာလဲနော်။ ဒီတော့ တစ်ခြမ်းပဲ ၀ယ်ခဲ့တယ်။ တကယ်တော့ တစ်ခြမ်းတောင် တော်တော်စားရပါတယ်။

ဘဲသားကို ဆိုင်ကတုံးပေးလိုက်တာ နည်းနည်းကြီးနေလို့ နည်းနည်းထပ်တုံးလိုက်တယ်။ ပြီးမှ ရေစင်အောင်ဆေးပါတယ်။ ရေစစ်ပြီး ပဲငံပြာရည် အကြည်၊ အနောက်၊ အချိုမှုန့်၊ ဆား၊ မဆလာတို့နဲ့ နယ်ထားလိုက်တယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းပါတယ်။ မီးဖိုပေါ် ဆီအိုးတင်၊ ဆီပူလာရင် ဆနွင်းလေး နည်းနည်းထည့်လိုက်တယ်။  ပြီးမှ ထောင်းထားတာတွေနဲ့ ငရုတ်သီး အစိမ်းမှုန့်ထည့်ပြီး ဆီသတ်ပေးပါတယ်။ ဆီသတ်နံ့မွှေးလာတော့ နယ်ထားတဲ့ ဘဲသားတွေထည့်ပြီး လုံးပေးပါတယ်။ ငံပြာရည်၊ အချိုမှုန့်နဲ့ မဆလာလေးပါ ထည့်လုံးပါတယ်။ ဘဲသားကထွက်တဲ့ အရည်ခန်းအောင် လုံးပြီး ဆီပြန်လာမှ ရေနွေးဆူ ထည့်ပြီး တည်ပေးပါတယ်။ ရေခန်းပြီး အသားနူးရင် အပေါ့အငံမြည်းပြီးပြင်ပါတယ်။ အသားလည်းနူး၊ အရသာလည်း အနေတော်ဆိုရင်တော့ မဆလာလေး နည်းနည်း ထပ်အုပ်ပါတယ်။ ဒါဆို ဘဲသားဆီပြန်ဟင်းလေးရပြီပေါ့နော်။

ဟောဒီမှာ ဘဲသားဟင်း အိုးလိုက်


စားဖို့ပွဲပြင်ထားတာ



ကျန်တာလေးတွေကို နောက်ရက်စားဖို့ ဟောဒီလိုဘူးလေးနဲ့ ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားတယ်။

Sunday, May 8, 2011

"ငါးကြင်းခေါင်းမဆလာဟင်းနဲ့ မကျည်းရွက်ကြော်"

5 comments
ငါးခေါင်းဟင်းစားချင်တာနဲ့ မနေ့ညက ချက်စားဖြစ်တယ်။ စားချင်လို့သာ ထချက်တာ အစီအစဉ် မရှိတော့ ငါးကြင်းခေါင်းကလည်း များများစားစား ၀ယ်ထားတာမရှိဘူး။ အရင်တစ်ပတ်က ချဉ်ပေါင်နဲ့ ချက်တုန်းက ကျန်တာလေးပဲ ရှိတယ်။ ခေါင်းကနှစ်ခေါင်း အမြီးကနှစ်ပိုင်း။ အမှန်က ငါးခေါင်းချည်းပဲ ချက်စားနေကျ။ ခုတော့ ခေါင်းကလည်း နှစ်ခေါင်းပဲကျန်တော့တယ်။ မထူးပါဘူး စားချင်နေတော့ ရှိတာနဲ့ ချက်မယ်ဆိုပြီး အမြီးနှစ်ပိုင်းပါ ထည့်ချက်လိုက်တယ်။

ငါးခေါင်းကို ရေစင်အောင်ဆေးပြီး ဆား၊ ဆနွင်း၊ အချိုမှုန့် နယ်တယ်။ ပြီးတော့ ဆီပူပူမှာ ထည့်ကြော်တယ်။ ကြက်သွန်ဖြူ၊နီ ထောင်းတယ်။ မီးဖိုပေါ်ဆီအိုးတင်၊ ကြက်သွန်ဖြူနီနဲ့ ငရုတ်သီး အစိမ်းမှုန့် ထည့်ပြီး ဆီသတ်တယ်။ ဆီသတ်ကျက်ခါနီးတော့ မဆလာများများလေး ထည့်သတ်တယ်။ ကြော်ထားတဲ့ ငါးကြင်းခေါင်းတွေထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပြီး လုံးပါတယ်။ ပြီးမှ ရေနွေးလေး နည်းနည်းထည့်ပါတယ်။ ဟင်းအိုးချခါနီးမှာ မကျည်းရည်လေး ထည့်ပြီး အရသာမြည်းပါတယ်။ အချဉ်အငံ အနေတော် ဆိုတော့ မဆလာလေး နည်းနည်းထပ်အုပ်ပြီး ဟင်းအိုးချလိုက်ပါတယ်။ ကျွန်မ ငယ်ငယ်ကတည်းက ဒီငါးကြင်းခေါင်းမဆလာဟင်းကို သိပ်ကြိုက်တာ။ ကျွန်မတို့ တစ်အိမ်သားလုံးလည်း သိပ်ကြိုက်ကြတယ်။ ငါးကြင်းခေါင်း ချက်တဲ့နေ့ဆို တစ်ယောက်ကို နှစ်ခေါင်းသုံးခေါင်း စားကြတာ။ အိမ်မှာတော့ ကျွန်မ အဒေါ် အကြီးဆုံးက ချက်ပေးနေကြ။ အခုတော့ ကိုယ့်ဘာသာ ချက်စားရတာပေါ့။

ဒီတော့ မနေ့ညက ငါးကြင်းခေါင်းမဆလာဟင်းနဲ့ မကျည်းရွက်ကြော်နဲ့ ညစာစားကြတယ်။ မကျည်းရွက်ကြော်ကတော့ ကျွန်မကြော်တာ မဟုတ်ပါဘူး။ ကျွန်မမေမေ ရန်ကုန်ကနေကြော်ပြီး လူကြုံနဲ့ ထည့်ပေးလိုက်တာ။  မေမေ့လက်ရာ မကျည်းရွက်ကြော်ကလည်း ကောင်းမှကောင်း။

Tuesday, May 3, 2011

"ကင်းမွန်သုပ်၊ ၀က်သားကြော်၊ ချဉ်ပေါင်ကြော်"

2 comments
ပြီးခဲ့တဲ့ တနင်္လာနေ့က ကင်းမွန်သုပ် သုပ်စားဖြစ်တယ်။ ပထမဆုံး ကင်းမွန်တွေကို အပြင်က အမဲရောင် အခွံတွေ ခွာပစ်တယ်။ မျက်လုံးတွေထုတ်ပစ်ပါတယ်။ ပြီးတော့ အပြားလိုက် ဖြစ်သွားအောင် ဓားနဲ့ခွဲပြီး ရေစင်စင် ဆေးထားပါတယ်။ အိုးတစ်လုံးမှာ ရေထည့်ပြီး တည်ပါတယ်။ ရေပွက်ပွက်ဆူလာရင် မီးပိတ်ပြီး ရေဆေးထားတဲ့ ကင်းမွန်တွေ ထည့်လိုက်ပါတယ်။ ခဏနေရင် ဆယ်ပြီး ဇကာနဲ့ စစ်ထားပါတယ်။ အကြာကြီး စိမ်ထားရင် မာသွားတတ်လို့ပါ။

ငါးပိစိမ်းစားနည်းနည်းကို မီးကင်ပါတယ်။ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းစေ့နဲ့ ငရုတ်သီးစိမ်း အစပ်စားနိုင် သလောက်ကို ဒယ်အိုးထဲထည့်ပြီး မီးငွေ့ငွေ့နဲ့ လှော်ပေးပါတယ်။ ပြီးတော့ လှော်ထားတာတွေနဲ့ ငါးပိကိုရောပြီး ထောင်းပါတယ်။ ကြက်သွန်နီရေဆေး၊ ပါးပါးလှီးပြီး ဇကာနဲ့ စစ်ထားပါတယ်။ နံနံပင်ရေဆေး၊ ပါးပါးလှီးထားတယ်။ ကင်းမွန်တွေကို ကပ်ကြေးနဲ့ အနေတော်ညှပ်ပြီး ပန်းကန် တစ်လုံးမှာ ထည့်ပါတယ်။ ပြီးတော့ ထောင်းထားတဲ့ အစာတွေ ထည့်ပါတယ်။ ကြက်သွန်နီနဲ့ နံနံပင်ထည့်တယ်။ သံပုရာသီး ရွဲရွဲညှစ်ထည့်တယ်။ အချိုမှုန့်နဲ့ ဆားအနည်းငယ်ထည့်ပြီး ရောနယ် သုပ်စားပါတယ်။ ချဉ်ချဉ်စပ်စပ်လေးပေါ့။



နောက်ပြီး တစ်ပတ်စာ ညနေစာစားလို့ရအောင် ၀က်သားကြော်ပါတယ်။ ၀က်သားကို အသားချည်း သက်သက် ၀ယ်ပြီး ရေဆေး၊ အနေတော် လှီးဖြတ်ပါတယ်။ ပြီးတော့ လှီးထားတဲ့ ၀က်သားတွေကို ဆား၊ အချိုမှုန့်၊ ငံပြာရည်နဲ့ နာနာနယ်ပါတယ်။ ဒယ်အိုးထဲမှာ ဆီများများထည့်၊ ဆီပူလာရင် ၀က်သားတွေထည့် ကြော်ပါတယ်။ ၀က်သားကထွက်တဲ့ ရေနဲ့ပဲကြော်တာပါ။ ရေထပ်မထည့်ပါဘူး။ နီရဲပြီး ကျွတ်လာတဲ့အထိ ကြော်ပေးပါတယ်။ ၀က်သားကျွတ်ပြီဆိုမှ လိုချင်သလောက် ဆီအနေအထား အိုးထဲမှာ ချန်ပြီး ပိုနေတဲ့ ဆီတွေကို ပန်းကန်တစ်လဲုံးနဲ့ ဖယ်ထားလိုက်ပါတယ်။ မီးပိတ်ပြီး ဆီအနေတော်နဲ့ ၀က်သားတွေထဲကို ငရုတ်သီး အဖတ်ကြမ်းနဲ့ အစိမ်းမှုန့် အနည်းငယ် ထည့်မွှေ ပါတယ်။ 



စာရေးဆရာအကြိုက် ချဉ်ပေါင်ကြော်လည်းကြော်လိုက်သေးတယ်။ ဒီတစ်ပတ်တော့ မျှစ်မထည့်ဘဲ ချဉ်ပေါင် ချည်းပဲ ကြော်လိုက်တယ်။ ချဉ်ပေါင်ကြော်ကတော့ အရင်ပို့စ်တွေမှာ တင်ဖူးလို့ မရေးတော့ဘူးနော်။



Related Posts Plugin for WordPress, Blogger...