Sunday, April 7, 2013
"၀က်နံရိုးပေါင်း"
1 comments
ဒီတစ်ခါတော့ ၀က်နံရိုးပေါင်းလေးလုပ်စားချင်တာနဲ့ နံရိုးအသားများတာလေး ရွေးဝယ်ခဲ့တယ်။ ၀က်နံရိုးကို အမြောင်းလိုက်တုံးပြီး ရေစင်အောင်ဆေးပါတယ်။ ပြီးတော့ ဆား၊ ပဲငံပြာရည် အကြည်အနောက်နှစ်မျိုး၊ သကြားအနည်းငယ်တို့နဲ့ သမအောင်ရောနယ်ပြီး နာရီဝက်ခန့် နှပ်ထားပါတယ်။
နံရိုးနှပ်ထားတုန်းမှာ ကြက်သွန်ဖြူ၊နီ၊ဂျင်း ထောင်းပါတယ်။ ငရုတ်သီး မထည့်ပါဘူး။ အဖြူထည်ပေါင်းမှာပါ။ ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဆီသပ်ပါတယ်။ ကြက်သွန်လေးတွေလိပ်ပြီး ရွှေရောင်သန်းလာရင် နှပ်ထားတဲ့ ၀က်နံရိုးရောထည့်ပြီးလုံးပါတယ်။ အငံအတွက် ပဲငံပြာရည်အကျဲရေသုံးပါတယ်။ ၀က်နံရိုးကထွက်တဲ့ ရေခန်းပြီး မွှေးလာရင် မီးဖိုပေါ်ကချပါတယ်။
ဆီသတ်နဲ့လုံးထားတဲ့ နံရိုးတွေကို Pressure Cooker ထဲကို စီထည့်ပါတယ်။ နံရိုးမြုပ်သည်အထိ ရေနွေးထည့်ပါတယ်။ အရည်အတွက် အပေါ့အငံထည့်ပြီး ပေါင်းပါတယ်။ Pressure Cooker မှာ Meat ရွေးပြီး ပေါင်းလိုက်တာ ၁၅မိနစ်ဆိုရင် နူးညံ့ပြီးအရသာရှိတဲ့ နံရိုးပေါင်းလေးရပါပြီ။ ရိုးရိုးအိုးနဲ့ ပေါင်းချင်သူများလည်း ပေါင်းနိုင်ပါတယ်။ ချက်ပြုတ်ချိန်ပဲကွာသွားမှာပါ။
ပါရမီဖြည့်ဖက်လေး
၆.၄.၂၀၁၃
၁၁း၂၂ နာရီ
Monday, March 4, 2013
"ငါးပြေမ အချဉ်ဆီပြန်"
1 comments
ဒီတစ်ခါတော့ ဈေးထဲမှာ ငါးပြေမကြီးတွေတွေ့တာနဲ့ ၀ယ်ခဲ့တယ်။ ငါးပြေမကို အချဉ်ဆီပြန်လေး ချက်စားရတာကို သိပ်ကြိုက်တယ်။
ငါးပြေမကို ဗိုက်ခွဲ၊ အကြေးထိုး၊ ဘေးဆူးတောင်တွေလှီးထုတ်ပြီး ရေဆေး၊ ဆားဆနွင်းအချိုမှုန့် နယ်ထားပါတယ်။ ကြက်သွန်ဖြူနီ ငရုတ်သီးတစ်စုံ ထောင်းပါတယ်။ မန်ကျည်းသီးကို ရေဆေးပြီး ရေနွေးလေး နဲ့ စိမ်ထားပါတယ်။
ဒယ်အိုးထဲမှာ ဆီပူရင် ကြက်သွန်ထောင်းထားတာ ထည့်ြ့ပီးဆီသတ်ပါတယ်။ ကြက်သွန်ကျွတ်လာရင် ငါးထည့်၊ ငံပြာရည်နဲ့ အသားမှုန့်ထည့်လုံးပါတယ်။ ခဏလောက် ငရုတ်သီး ဆီသတ်နဲ့ငါးကို ရောလုံးပြီးမှာ ရေနွေး ထည့်ပြီး တည်ပါတယ်။ ငါးနူးရင် မကျည်းရည်ထည့် တည်ပါတယ်။ ရေခန်းလို့ ဆီပြန်ရင် ငါးပြေမ အချဉ်ဆီပြန်လေး သုံးဆောင်လို့ရပါပြီနော်။
Thursday, February 28, 2013
"ချဉ်ပေါင်ဇရစ်ရိုးကြော်"
2 comments
ဈေးထဲမှာ ဇရစ်ရိုးတွေ တွေ့တာနဲ့ ချဉ်ပေါင်နဲ့ ရောကြော်ဖို့ ၀ယ်ခဲ့တယ်။ ဇရစ်ရိုးကို တစ်လက်မ အရွယ်လောက် လက်ကလေးနဲ့ စိတ်ချွေပြီး ဆားရည်နဲ့ ခဏစိမ်ပါတယ်။ ပြီးတော့ ရေဆေးပြီး ဆန်ကာနဲ့စစ်ထားပါတယ်။ ချဉ်ပေါင်ကိုလည်း ချွေပြီး ဆားရည် ခဏစိမ်ပြီး ရေဆေးထားပါတယ်။ ငရုတ်သီး ကြက်သွန်ဖြူနီ ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ပြီး မွှေးလာရင် ပုဇွန်ခြောက်မှုန့်ထည့်၊ ငါးပိစိမ်းစား ရေဖျော်ထည့်ပါတယ်။ ငရုတ်သီး လုံးကွဲလေးထည့်ပြီး ဇရစ်ရိုးထည့်ကြော်ပါတယ်။ ငံပြာရည်၊ အချိုမှုန့်ထည့်ပြီး ကြော်ပါတယ်။ ဇရစ်ထည့်ပြီး ခဏနေရင် ချဉ်ပေါင်ထည့်ကြော်ပါတယ်။ ဆီပြန်ပြီး ချဉ်ပေါင်ကို အိနေအောင် မွှေပြီးကြော်ပေးပါတယ်။ အရသာမြည်းပြီး အနေတော်ဆို ချဉ်ပေါင်နဲ့ ဇရစ်ရိုးကြော်လေးရပါပြီနော်။
ပါရမီဖြည့်ဖက်လေး
၂၅.၂.၂၀၁၃
Tuesday, February 26, 2013
"ငါးရံ့အူ အချဉ်ဆီပြန်"
2 comments
ကျွန်မ ဘလော့လေးလည်း ပို့စ်အသစ်မတင်ဖြစ်တာ တော်တော်ကြာပါပြီ။ အလုပ်များနေတာရယ်၊ ဟင်းတွေကလည်း ပို့စ်တင်ပြီးသားဟင်းတွေပဲ ချက်စားဖြစ်တာကြောင့်ပါ။
ဒီနေ့တော့ ဈေးထဲမှာ ငါးရံ့အူရတာနဲ့ ချက်စားဖြစ်တာကြောင့် ငါးရံ့အူဟင်းအကြောင်းလေး တင်ဖြစ်သွား တာပါ။
ငါးရံ့အူကို အူခွဲပြီး အစာဟောင်းတွေ ခြစ်ထုတ်ပါတယ်။ သည်းခြေကိုလည်း ထုတ်ပစ် ရပါတယ်။ တော်တော်ကြာကြာကို စိတ်ရှည်လက်ရှည် လုပ်ပေးရပါတယ်။ ပြီးမှ ရေစင်အောင်ဆေးကြောပြီး ဆား၊ ဆနွင်း၊ အချိုမှုန့် အနည်းငယ် (အသားနယ်တဲ့နေရာမှာ ကြက်သားမှုန့်သုံးရတာ မကြိုက်လို့ အချိုမှုန့် သုံးပါတယ်) နဲ့ နယ်ထားပါတယ်။
ကြက်သွန်ဖြူ၊နီ၊ ချင်း ငရုတ်တစ်စုံ ထောင်းထားပါတယ်။ မန်ကျည်းသီး အနည်းငယ် ကို ရေဆေးပြီး ရေနွေးလေးနဲ့ စိမ်ထားပါတယ်။ ဒယ်အိုးထဲကို ဆီထည့်ပြီး ဆီပူလာရင် ဆနွင်းလေး နည်းနည်း ထည့်ပါတယ်။ တစ်ဆက်တည်း ငရုတ်သီး ကြက်သွန်ဖြူနီ၊ချင်း ထောင်းထားတာ ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်လေးတွေ ရွှေရောင်သန်းပြီး ကျွတ်လာရင် မဆလာလေးထည့်ပြီး ငါးရံ့အူတွေ ထည့်ပါတယ်။ ငံပြာရည်နဲ့ ကြက်သားမှုန့် (ဒီနေရာမှာ အချိုမှုန့်အစား ကြက်သားမှုန့် သုံးပါတယ်) ထည့်လုံးပါတယ်။ ငါးအူကထွက်တဲ့ ရေကုန်လို့ ဆီပြန်ပြီး မွှေးလာမှ နူးအောင် ရေနွေးထည့် တည်ပါတယ်။  ရေခမ်းခါနီးရင် ရေနွေးစိမ်ထားတဲ့ မန်ကျည်းရည် ထည့်တည်ပါတယ်။ ရေခမ်းပြီး ဆီပြန်ရင် မဆလာအနည်းငယ် ထပ်ထည့်အုပ်ပြီး မီးဖိုမီးပိတ်ပါတယ်။ ဒါဆို မဆလာနံ့ သင်းသင်းလေးနဲ့ အချဉ်ဆီပြန် ငါးရံ့အူဟင်းလေးရပါပြီ။
 ပါရမီဖြည့်ဖက်လေး
၂၅.၂.၂၀၁၃
Tuesday, August 7, 2012
'' ဂဏန်းမဆလာဟင်း "
3 comments
မနေ့က အလုပ်နားရက်မှာ စာရေးဆရာရဲ့ မိဘများနေအိမ်ကို သွားလည်ပါတယ်။ ညနေပိုင်း အိမ်ပြန်ခါနီး  ဂဏန်းတွေသေပြီးခါစ လတ်လတ်ဆတ်ဆတ်လေးတွေ လိုက်ရောင်းနေတာနဲ့ ကြုံတော့ ကျွန်မလည်း ၀ယ်လာခဲ့တယ်။ ကျွန်မက ဂဏန်းမဆလာချက် သိပ်ကြိုက်တယ်။ အများအားဖြင့် ဂဏန်းဆို ချက်ပြီးသား ဆိုင်က ၀ယ်စားတာများတယ်။ 
အိမ်ရောက်တော့ ဂဏန်းချက်ဖို့ပြင်ပါတယ်။ ဂဏန်းတွေကို ရေဆေးပြီး ရင်ဘတ်ခြမ်းက အပြင်ခွံလေးတွေ အရင်ခွာပါတယ်။ ပြီးမှ ဂဏန်းရဲ့ အောက်ပိုင်းကနေနှစ်ခြမ်းခွဲလိုက်တယ်။ အပေါ်က အခွံမာတစ်ခြမ်း၊ အောက်က ကိုယ်ထည် တစ်ခြမ်းစီဖြစ်သွားတော့မှ အတွင်းပိုင်းက အတက်လေးတွေ ခွာထုတ်တယ်။ လက်မတွေကို သီးခြားဖြုတ်ပြီး ငရုတ်ကျည်ပွေ့နဲ့ တစ်ချက် နှစ်ချက် ထုလိုက်တယ်။ ရေဆေးသန့်စင်လိုက်တယ်။ ပြီးတော့ ဆား၊ ဆနွင်း၊ အချိုမှုန့် နယ်ထားတယ်။ အခုနက ဖြုတ်ထားတဲ့ ကျောပိုင်း(အပေါ်ပိုင်း) အခွံမာထဲက အညစ်အကြေးကိုထုတ်ပစ်ပြီး အဆီလေးတွေကို ပန်းကန်တစ်ချပ်မှာ ဖယ်ယူထားတယ်။ အခွံမာကို ပစ်လိုက်တယ်။
ကြက်သွန်ဖြူနဲ့ ဂျင်းကို ညက်ညက်ထောင်းလိုက်တယ်။ ကြက်သွန်နီကို အနှစ်ရအောင် သဘောင်္ခြစ်နဲ့  ခြစ်ထားလိုက်တယ်။ ဆီအိုးတည်ပြီး ပူလာရင် ဆနွင်းလေး နည်းနည်းထည့်ပြီး  ကြက်သွန်ဖြူနီဂျင်းကို ရောပြီး ငရုတ်သီးအစိမ်းမှုန့်နဲ့ ဆီသတ်တယ်။ ကြက်သွန်ကျက်ပြီး ဆီသတ်နံ့မွှေးရင် မဆလာများများလေးထည့်ပြီး ဆီသတ်တယ်။ တဆက်တည်း အရသာနယ်ထားတဲ့ ဂဏန်းတွေထည့်လုံး၊ အပေါ့အငံထည့်၊ ရေလိုသလောက်ထည့်ပြီး အဖုံးအုပ်တည်ပါတယ်။ ဂဏန်းကျက်ပြီး အရသာ အနေတော်ဆို မဆလာနဲ့ ငရုတ်ကောင်းမှုန့်လေးအုပ်ပြီး ဟင်းအိုးချလို့ရပါပြီ။ ပင်စိမ်းလေးအုပ်ရင် ပိုမွှေးတယ်။ ကျွန်မကတော့ အဆင်သင့်မရှိလို့ မထည့်လိုက်ရဘူး။
ဟောဒီမှာ ဂဏန်းမဆာလာဟင်း
Friday, July 20, 2012
" ၀က်သားဒညင်းသီးချက်နဲ့ ပဲသီးကြော်"
1 comments
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရုံးပိတ်ရက်ဆိုတော့ အိမ်မှာ ၀က်သားနဲ့ ဒညင်းသီးချက်စားဖြစ်တယ်။ ဒညင်းသီးကို ရေဆေးပြီး အိုးတစ်လုံးမှာ ရေထည့်ပြုတ်၊ ဆူလာရင် အဲဒီရေကို သွန်ပြီး ရေနွေးထည့်ပြီး ထပ်ပြုတ်။ အခွံလေးတွေ ကွာထွက်လာရင် မီးပိတ်ပြီး အိုးထဲမှာ အပူနဲ့ခဏနှပ်ထားတယ်။ အေးသွားမှ ထက်ခြမ်းခြမ်းပြီး ခပ်ပြားပြားလေး ဖြစ်အောင် ထုထားလိုက်တယ်။ 
ကြက်သွန်ဖြူနီဂျင်း ဆီသတ်ပြီး အရသာနယ်ထားတဲ့ ၀က်သားထည့်လုံးတယ်။ ငံပြာရည်၊ အချိုမှုန့်ထည့်တယ်။ ၀က်သားလုံးလို့ မွှေးလာရင် ရေနွေးထည့်ပြီး ၀က်သားနူးခါနီးအထိ တည်ပေးတယ်။ ပြီးမှ ထုထားတဲ့ ဒညင်းသီးရောထည့်မွှေပြီး ၀က်သားရော ဒညင်းသီးပါ နူးအိသွားတဲ့ အထိတည်ပေးတယ်။
ဒါဆို ၀က်သားဒညင်းသီး အိအိလေးရပါပြီ။
ပဲသီးကိုတော့ ဆေးကြောပြီး အနေတော် လှီးဖြတ်ထားတယ်။ ကြက်သွန်နီ ပါးပါးလှီးဆီသတ်ပြီး ပုဇွန်ခြောက်မှုန့်ထည့် ဆီသတ်တယ်။ ပြီးတော့မှ ပဲသီးထည့်၊ ဆားအချိုမှုန့်ထည့်ပြီး ကြော်ပါတယ်။
Monday, July 2, 2012
" ဘန်ကောက်မှာ စားစရာ "
6 comments
လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျွန်မ ဘန်ကောက်ကို အလုပ်ကိစ္စနဲ့ ခဏရောက်ဖြစ်တယ်။ ကျွန်မက အစားအသောက် ချက်ပြုတ် စားသောက်ရတာ ၀ါသနာပါသူဆိုတော့ ထိုင်းအစားအစာလေးတွေ စားကြည့်ပြီး ဘာတွေထည့်ချက်တယ်။ ဘယ်လိုအရသာရှိလဲ လေ့လာကြည့်တယ်။ အလုပ်အားရင်တော့ ကိုယ်တိုင် စမ်းချက်ကြည့်ရအောင်ပေါ့။ ဒီတော့ အစားအစာတွေကိုလည်း ပုံလေးတွေ ရိုက်လာခဲ့တယ်။ အလုပ်များနေတာနဲ့ ဟင်းတွေလည်း ကိုယ်တိုင်မချက်ဖြစ်တာကြာပေါ့။ ဒီတော့ ခရီးသွားတုန်းက ရိုက်ခဲ့တဲ့ စားစရာပုံလေးတွေကို ကုန်ကြမ်းလုပ်ပြီး ပို့စ်တစ်ခုလောက် တင်လိုက်ပြီနော် :)
MBK Shopping Mall က Shabushi ဆိုင်က ဘူဖေး ဟော့ပေါ့နဲ့ ဆူရှီ။ ဒီဆိုင်မှာစားရဖို့ နာရီဝက်ကျော်လောက် တန်းစီလိုက်ရတယ်။ ဘူဖေးဆိုပေမယ့် ကိုယ့်အလှည့်ရောက်လို့ နေရာရပြီဆိုတာနဲ့ အချိန်စမှတ်တယ်။ စားချိန်ကို တစ်နာရီလောက်ပေးတယ်။ အချိန်ကျော်ရင် ငွေထပ်ကောက်တယ်။
ဒါလည်း Shabushi ပဲ။ ဒီဆိုင်က Big C Shopping Mall မှာ။ ဒီ Mall မှာက လူနည်းတော့ စောင့်စရာမလိုဘူး။ 
ကဲ ကိုယ်ကြိုက်တဲ့ ပန်းကန်လှမ်းဆွဲရုံပဲ :)
ကျွန်မအကြိုက် ကွေ့သယို
 ဒီကွေ့သယိုက နောက်တစ်ဆိုင်မှာ
သင်္ဘောသီးထောင်း
ဒါက Siam Paragon မှာ၊ ကောက်ညှင်းဆန်နဲ့ စားတာ။
ဒီသင်္ဘောသီးထောင်းကတစ်မျိုး။ လမ်းဘေးက၀ယ်စားတာ။ ဂဏန်းတွေထောင်းထည့်ထားပြီး ငါးပိရေကျိုနဲ့ ထောင်းတာ။ ပုဇွန်ခြောက်မသုံးဘူး။ စားခဲ့သမျှသင်္ဘောသီးထောင်းထဲမှာ အကြိုက်ဆုံးပဲ။ ဈေးလည်းမကြီးဘူး။
ဒါက ထမင်းနဲ့စားဖို့ ငါးပိတို့စရာ။
ထမင်းပေါင်း
ငါးပိထမင်းကြော်
ဝက်ခြေထောက်ပေါင်းနဲ့ ခရမ်းသီးနှပ်။
ဝက်သားကြော်နဲ့ မျှစ်ချဉ်စပ်။
ဒါက မျှစ်ဟင်း။ ကျွန်မတို့ချက်တဲ့ မျှစ်တာလပေါနဲ့ ခပ်စင်စင်ပဲ။
 ဒါက မှိုဟင်း။ မျှစ်ဟင်းလိုပဲ။ ဒါပေမယ့်သူက မှိုမျိုးစုံနဲ့ ချဉ်စပ်လေးချက်ထားတ။ ဆူးပုတ်နဲ့ ပင်စိမ်းအုပ်တယ်။
ဒီမှိုဟင်းက လမ်းဘေးက တွန်းလှည်းနဲ့ ရောင်းတဲ့ဆိုင်က၀ယ်စားတာ။ စားလို့ ပိုကောင်းတယ်။
MK ဟော့ပေါ့ဆိုင်မှာပါ။ MK ကဘဲကင် အရမ်းကောင်းတယ်။ ပုံထဲမှာတောင် မပါတော့ဘူး။ ပန်းကန်လေးက ပြောင်လို့ :)
ဒါကတော့ ဟော်တယ်နားကဆိုင်မှာစားတာ။
ကန်စွန်းရွက်ကြော်
တုံယမ်းဟင်းချို
ငါးသံပုရာပေါင်း
Pad Thai ၊ ဆန်ခေါက်ဆွဲကြော်ပေါ့
ကဲ- မိတ်တွေတို့ ကျွန်မကတော့ ဟင်းလျာမျိုးစုံနဲ့ ဧည့်ခံထားတယ်နော်။ စိတ်ကြိုက်သာ သုံးဆောင်သွားကြပါ။ :D
Saturday, June 2, 2012
ကျွန်မရဲ့ထမင်းဝိုင်း
4 comments
အားလုံးပဲ မင်္ဂလာပါရှင်။
ပါရမီဖြည့်ဖက်လေး အွန်လိုင်းပေါ်မှာ ပျောက်နေတာအတော်ကြာသွားပါပြီ။ ပျောက်ဆို စင်္ကာပူကနေ ကျွန်မရဲ့ မိဘဆွေမျိုးတွေရှိရာ မွေးရပ်ဇာတိရန်ကုန်ကို ပြန်ပြောင်းနေတာကိုး။ စာရေးဆရာကတော့ စလုံး လို့ခေါ်ကြတဲ့ ကျွန်းလေးမှာ တစ်ယောက်တည်း ကျန်ခဲ့ရှာတယ်။ လူ့ဘ၀ဆိုတာ ဒီလိုပါပဲ။ တစ်ခုလိုချင်ရင် တစ်ခုတော့ စွန့်လွှတ်ကြရတာပါပဲ။ ကျွန်မတို့ နှစ်ယောက်ရဲ့ ဘ၀ရှေ့ရေးအတွက် လောလောဆယ် ခဏတော့ ခွဲနေကြရမှာပေါ့လေ။ ကျွန်မတို့ နှစ်ယောက်စလုံးကလည်း မိဝေးဖဝေးမနေချင်ကြပါဘူး။ ဘာပဲပြောပြော အစစ အရာရာ အဆင်ပြေအောင် နှစ်ယောက်တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့ကြတာပေါ့။
ဒီလိုနဲ့ ရန်ကုန်ပြန်ရောက်ရောက်ချင်း အလုပ်တွေရှုပ်နေတာနဲ့ ဘလော့လေးကို ပစ်ထားခဲ့ရတာပေါ့။ အွန်လိုင်းပေါ်က ဘလော့လေးကို လွမ်းပေမယ့် ပစ်ထားခဲ့ရပြီး မိတ်ဆွေဘလော့ကာတွေဆီလည်း မလည်ဖြစ်ဘူးပေါ့။ အခုမှပဲ ကျွန်မဘလော့လေးကို ပြန်ကြည့်နိုင်တော့တယ်။ ဒီနေ့တော့ ရန်ကုန်အိမ်မှာ စားဖြစ်တဲ့ ထမင်းဝိုင်းပုံလေးတွေပဲ တင်ပေးလိုက်တော့မယ်နော်။
ဓါတ်ပုံရိုက်ဖို့ကလည်း မေ့မေ့နေတော့ သိပ်တောင် မရိုက်ဖြစ်ပါဘူး။ ရိုက်ထားဖြစ်တဲ့ ပုံလေးတွေပဲ တင်ပေးလိုက်တော့မယ်နော်။
အိမ်မှာ ကျွန်မပြန်ရောက်ပြီး နောက်ရက် ချက်စားဖြစ်ကြတဲ့ ငါးကြင်းခေါင်းအချဉ်ဆီပြန်ဟင်း။
ငါးခေါင်းတွေကိုကြော်ပြီးမှ မကျည်းနှစ်၊ မဆာလာတို့နဲ့ အချဉ်ဆီပြန်လေး ချက်တယ်
ဒါလေးက မြင်းခွာရွက်သုပ်
ဒီထမင်းဝိုင်းကတော့ ငါးဖယ်ဆီပြန်၊ ခရမ်းချဉ်သီးသုပ်၊ ပဲကြီးဟင်းချိုနဲ့ ငါးပိတို့စရာ။
Wednesday, April 4, 2012
" ဘဲသားဆီပြန်၊ သရက်ချဉ်သုပ်နဲ့ ပဲနီလေးဟင်းချို "
1 comments
ဒီတစ်ခါတော့ ဘဲသားဆီပြန်နဲ့ သရက်ချဉ်သုပ်ပါ။ ဘဲသားကို ရေဆေး၊ အနေတော်တုံးပြီး ဆား၊ အချိုမှုန့်၊ ဗနီကာနဲ့ နယ်နှပ်ထားတယ်။ ကြက်သွန်ဖြူနီဂျင်းဆီသတ်ပါတယ်။ ဆီသတ်မွှေးရင် ဘဲသားတွေနဲ့ ငံပြာရည်ထည့်လုံးပါတယ်။ ဆီပြန်ရင် ရေဆူထည့်ပြီး ဘဲသားနူးသည်အထိတည်ပေးပါတယ်။
သရက်ချဉ်ကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ပဲမှုန့်၊ ငံပြာရည်၊ အချိုမှုန့်၊ ဆီချက်နဲ့ နှမ်းထည့်ပြီး သုပ်ပါတယ်။
ပဲနီလေးကို ရေဆေးပြီး ရေစိမ်ထားတယ်။ ကြက်သွန်နီပါးပါလှီးနဲ့ ဆနွင်းနည်းနည်းထည့်ပြီး ဆီသတ်တယ်။ ကြက်သွန်ကျက်ရင် ရေစိမ်ထားတဲ့ ပဲနီလေးတွေကို ရေစစ်ပြီး ဆီသတ်တဲ့ အထဲရောသတ်တယ်။ ငံပြာရည်၊ အချိုမှုန့်ထည့်တယ်။ ဆီပြန်ရင် ရေဆူထည့်တည်တယ်။ ပဲနူးသည်အထိတည်ပြီး အပေါ့အငံပြင်ပါတယ်။
Friday, March 16, 2012
" ၀က်သားမျှစ်ချဉ်၊ ခရမ်းချဉ်သီးငါးပိချက်နဲ့ ငါးကြော် "
3 comments
ဟိုတလောက ၀က်သားနဲ့ မျှစ်ချဉ်ချက်စားကြတယ်။ မျှစ်ချဉ်ကို ငါးပိစိမ်းစား အနည်းငယ်နဲ့ နယ်ပြီး ရေထည့်ပြုတ်တယ်။ ၀က်သားကို ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်အကြည်ရည်နဲ့ နယ်ထားတယ်။ ကြက်သွန်ဖြူနီဂျင်း ထောင်းထားတာကို အရောင်တင်မှုန့်ထည့် ဆီသတ်တယ်။ ဆီသတ်မွှေးလာရင် ၀က်သားထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်လုံးတယ်။ ၀က်သားကထွက်တဲ့ ရေခန်းလို့ မွှေးလာရင် ပြုတ်ထားတဲ့ အိုးထဲကမျှစ်ဖတ်တွေဆယ်ထည့်ပြီး လုံးတယ်။ ဆီပြန်ရင် မျှစ်ပြုတ်အိုးထဲ အားလုံးပြောင်းထည့် ရေလိုသလို ထည့်ပြီး ၀က်သားရော၊ မျှစ်ပါနူးသည် အထိ တည်တယ်။ အပေါ့အငံပြင်တယ်။ ခရမ်းချဉ်သီး ငါးပိချက်လည်း ချက်ဖြစ်တယ်။ ခရမ်းချဉ်သီးငါးပိချက် ကတော့ အရင်ကလည်း ပို့စ်တင်ဖူးပါတယ်။
နောက်တစ်မျိုးကတော့ ငါးကြော်ပါ။ ဈေးထဲမှာ ပင်လယ်ငါးသေးသေးလေးတွေ တွေ့တာနဲ့ ၀ယ်လာခဲ့တယ်။ ငါးလေးတွေကို ဗိုက်ဖောက်၊ ဆေးကြောပြီး ဆား၊ဆနွင်း၊ အချိုမှုန့်နဲ့ နယ်တယ်။ ပြီးတော့ ဆီပူမှာ ကျွတ်နေအောင်ကြော်ပြီး ဆယ်ထားတယ်။ ဆီးနည်းနည်းမှာ ကြက်သွန်ဖြူပါးပါးလှီး၊ ကြက်သွန်နီပါးပါးလှီးထားတာ ထည့်ကြော်တယ်။ ကြက်သွန်ကျွတ်လာရင် ငရုတ်သီးအရောင်တင်မှုန့်နဲ့ ငရုတ်သီးလုံးကွဲထည့်၊ ငါးကြော်တွေထည့်ရောပြီး မီးပိတ်လိုက်တယ်။ အဲဒါဆို ငါးကြော်လေးတွေ ရပါပြီ။
Related Posts Plugin for WordPress, Blogger...