အခုနောက်ပိုင်း ကျွန်မဘလော့လေးမှာ ပို့စ်အသစ်မတင်ဖြစ်တာကြာပါပြီ။ တင်ဖြစ်ရင်တောင် တစ်ပုဒ်နဲ့ တစ်ပုဒ် တော်တော်လေးခြားသွားတယ်။ အရင်လို ခပ်စိပ်စိပ်မတင်ဖြစ်ဘူး။ အကြောင်းကတော့ အလုပ်များနေတာရယ်၊ ပို့စ်အသစ်တင်ဖြစ်အောင် ဘေးနားကနေ အမြဲသတိပေး တိုက်တွန်းတတ်တဲ့ စာရေးဆရာက အနားမှာမရှိတာကြောင့်ပါ။
ဘလော့မှာ ပို့စ်အသစ်မတင်ဖြစ်ပေမယ့် Facebook မှာတော့
ရသာချိုဟင်းလျာများPage လေးဖန်တီးပြီး ကျွန်မရဲ့ ဘလော့မှာ ဖော်ပြပြီးသား ဟင်းလျာဓါတ်ပုံလေးတွေနဲ့ ချက်နည်းဖတ်ရှုနိုင်မယ့် လင့်လေးတွေ တင်ပေးဖြစ်ပါတယ်။ ဒီလိုနဲ့ တလောက တခြားသူတွေရဲ့ဘလော့တွေ လျှောက်လည်ရင်းနဲ့ ပို့စ်တစ်ခုသွားတွေ့ပါတယ်။ အကြောင်းအရာက မော်ဒယ်တစ်ယောက်က မျှစ်တာလပေါဟင်း ချက်နည်းလေး ပြောပြတဲ့အကြောင်းပါ။ မျှစ်တာလပေါဟင်းကို ချက်စားလေ့ရှိတဲ့ အိမ်ရှားပါတယ်။ ဒီဟင်း က ၀ါးပိုးမျှစ်အစိမ်းနဲ့ ချက်ရတာဖြစ်ပြီး ရန်ကုန်မှာ ၀ါးပိုးမျှစ်အစိမ်းရဖို့ကလည်း ရှားတာကိုး။ ပြီးတော့ တစ်ဦးနဲ့ တစ်ဦး ချက်ပုံချက်နည်း အနည်းငယ်စီကွဲလွဲတတ်ပါတယ်။ တိုင်းရင်းသားဒေသမှာ ချက်လေ့ရှိတဲ့ ဟင်းလျာမို့ ကိုယ့်ဒေသအလိုက် ချက်ပုံချက်နည်း ကွဲလွဲတာပါ။ ကျွန်မဘွားဘွားဇာတိက မွန်ပြည်နယ်ဘက်ကမို့ မျှစ်တာလပေါဟင်းကို ကျွန်မငယ်ငယ်ကတည်းက စားဖူးသလို တအိမ်သားလုံးလည်း သိပ်ကြိုက်ကြပါတယ်။ ၀ါးပိုးမျှစ်အစိမ်းကိုလည်း နယ်ကအမျိုးတွေက မိုးဦးကျဆို ကျွန်မတို့ဆီ ပုံမှန်လိုလိုပို့ပေးလေ့ရှိပါတယ်။ ဒီတော့ ကျွန်မရဲ့ဘလော့လေးမှာလည်း ၀ါးပိုးမျှစ်နဲ့ချက်တဲ့
မျှစ်တာလပေါဟင်းချက်နည်းလေး ကို ကျွန်မကိုယ်တိုင်ချက်ထားတဲ့ မျှစ်တာလပေါဟင်းလျာဓါတ်ပုံလေးနဲ့ အတူ ပို့စ်လေးတစ်ပုဒ် တင်ဖြစ်ခဲ့ပါသေးတယ်။ ခုနကပြောခဲ့သလို ကျွန်မဘလော့လည်ရင်း သွားတွေ့တဲ့ မော်ဒယ်တစ်ဦး ပြောပြတဲ့ မျှစ်တာလပေါဟင်းဆိုပြီး တင်ထားတဲ့
ဒီပို့စ် လေးမှာ ကျွန်မဘလော့မှာ တင်ထားခဲ့တဲ့ ကျွန်မဘလော့နာမည်လေးလည်းပါတဲ့ ဓါတ်ပုံကို ကူးယူဖော်ပြထားတာတွေ့လိုက်ရပါတယ်။ တကယ်ဆို ဒီမော်ဒယ်မလေးချက်တဲ့ဟင်းလျာပုံကိုပဲ တိုက်ရိုက်ဖော်ပြပေးသင့်တာပါ။ တကယ်လို့ အခွင့်မသင့်လို့ မော်ဒယ်မလေးချက်တဲ့ဟင်းရဲ့ဓါတ်ပုံကို မရခဲ့ရင်လည်း ချက်နည်းက မော်ဒယ်မလေးပြောတာဖြစ်ပြီး ဓါတ်ပုံကိုတော့ မည်သည့်ဘလော့မှ ကူးယူဖော်ပြထားပါသည်လို့ မှတ်ချက်လေး ရေးပေးသင့်ပါတယ်။ ကျွန်မခင်ပွန်းက ကျွန်မရဲ့ဘလော့က ဓါတ်ပုံတွေကို ယူသုံးထားကြောင်း မဖော်ပြထားတဲ့အတွက် အဲဒီ့ပို့စ်အောက်မှာ ကွန်မန့်ဝင်ရေးခဲ့ပေမယ့် ဘယ်လိုအကြောင်းပြန်မှုမျိုးမှ မတွေ့ရသလို ပုံကိုလည်း ပြန်မဖြုတ်ပေးခဲ့ပါဘူး။
ဒီလိုတွေ့ပြီး သိပ်မကြာခင်မှာပဲ Facebook ပေါ်မှာ မိတ်ဆွေတစ်ယောက် Share ထားတဲ့
ပို့စ်လေး တစ်ခု သွားတွေ့ပြန်ပါတယ်။ ပို့စ်ရေးတဲ့သူက မြန်မာပြည်မှာ ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်နေကြောင်းနဲ့ အဲဒီလိုဖြစ်ရတာဟာ အသားကင်တွေနဲ့၊ ဆိုးဆေးပါတဲ့ အချဉ်ရည်တွေ၊ ပလပ်စတစ်ဘူးတွေ အသုံးပြုကြတာတွေ ကြောင့်ဆိုပြီး ဖော်ပြထားပါတယ်။ သူကလည်း သိနားလည်သလောက် ကျန်းမာရေး ဗဟုသုတဝေမျှတာဖြစ်ပါလိမ့်မယ်။ သည်လို ဖော်ပြရာမှာ ဓါတ်ပုံမပါလည်း ပို့စ်တစ်ခုကို ဖော်ပြနိုင်ပါတယ်။ တကယ်လို့ ဓါတ်ပုံနဲ့ တစ်ကွ ဖော်ပြချင်တယ်ဆိုလျှင်လည်း လိုချင်တဲ့ပုံကို မိမိဘာသာဖန်တီးရိုက်ကူးပြီး တင်ပြနိုင်ပါတယ်။ ဒါပေမယ့် သည်လူက ကျွန်မရဲ့ဘလော့မှာ တင်ထားတဲ့
ဝက်သားတုတ်ထိုးနဲ့ ကြာဇံကြော် ပို့စ်မှာ ဖော်ပြထားခဲ့တဲ့ အချဉ်ရည်ရဲ့ပုံကို ကူးယူသုံးစွဲထားပါတယ်။ ကျွန်မရဲ့အချဉ်ရည်က မန်ကျည်းရည်ဖျော်၊ ထန်းလျက်၊ ငရုတ်သီးအစိမ်းမှုန့်လေးရောပြီး ဖျော်ထားတာပါ။ ထိုသူ ကူးယူဖော်ပြထားတဲ့ ပုံမှာ ကျွန်မရဲ့ဘလော့အမည်လေးလည်းပါပါတယ်။ ကျွန်မဘလော့မှာတင်သမျှ ကျွန်မရိုက်ကူးထားတဲ့ ပုံတွေမှာ ကျွန်မရဲ့ ဘလော့နာမည်လေး အမြဲဖော်ပြထားလေ့ရှိပါတယ်။ သည်လူ လုပ်ပုံက ကျွန်မချက်ပြုတ်ထားတဲ့ အစားအစာတွေဟာ စားလို့ မသင့်တော်ဟန်ပေါက်နေပါတယ်။ တကယ်ဆို ကျွန်မလည်း အစားအစာချက်ပြုတ်ရောင်းချတဲ့သူတစ်ဦး မဟုတ်ပါဘူး။ ကိုယ့်ဝါသနာလေးနဲ့ ကိုယ် တတ်သလောက်မှတ်သလောက်လေး ချက်ပြုတ်နေတဲ့ အိမ်ရှင်မတစ်ဦးမျှသာဖြစ်ပါတယ်။ ဒါပေမယ့် မိမိချက်ပြုတ်ထားတဲ့ အစားအစာကို အသားလွတ် စော်ကားသလိုလုပ်ပုံကိုတော့ ဘယ်လိုမှ သည်းညည်းမခံနိုင်ပါဘူး။ ကျွန်မခင်ပွန်းက ပို့စ်ရေးတဲ့သူကို Private Message ကနေတဆင့် ကျွန်မရဲ့ဘလော့ကပုံကို ပြန်ဖြုတ်ပေးဖို့ အသိပေးခဲ့ပေမယ့် ဘယ်လို တုန့်ပြန်မှုမှမရခဲ့ပါဘူး။
ဒီနေ့တော့ Facebook ထဲမှာ သူငယ်ချင်းတစ်ယောက်က လင့်ပို့ပေးလို့တွေ့လိုက်တာက လူတစ်ယောက်က MPT ကွန်နက်ရှင်အကြောင်းကို ဟာသဖောက်ပြီး ရေးထားတဲ့ သရော်စာလေးပါ။
သည်သရော်စာလေး မှာလဲ ကျွန်မဘလော့မှာ တင်ထားခဲ့တဲ့
ငါးသလဲထိုးဟင်း ပုံကို ကူးယူသုံးစွဲထားတာတွေ့ရပါတယ်။ ဒါနဲ့ ကျွန်မခင်ပွန်းလည်း ပထမတစ်ဦးတုန်းကလိုပဲ Private Message ကနေတဆင့် ကျွန်မဘလော့ကပုံကို ပြန်ဖြုတ်ပေးဖို့ အကြောင်းကြားတော့ ပို့စ်ပိုင်ရှင်က ချက်ချင်းပဲ ခွင့်မတောင်းပဲယူသုံးမိတဲ့အတွက် တောင်းပန်ပါတယ်၊ ပုံကိုလည်း ပြန်ဖြုတ်ပေးပါ့မယ်ဆိုပြီး တကယ်လည်း ပြန်ဖြုတ်ပေးခဲ့ပါတယ်။
ကျွန်မရဲ့ဘလော့မှာရော Page မှာပါ ကျွန်မရဲ့ဟင်းလျာဓါတ်ပုံတွေကို ကူးယူဖော်ပြချင်ရင် ကြိုတင်ခွင့်တောင်းပြီးမှ အသုံးပြုဖို့ ဖော်ပြထားပြီးသားပါ။ အခုတော့ ကူးချင်သလို ကူးပြီး ဖော်ပြချင်သလို ဖော်ပြနေကြတာပါပဲ။
ကျွန်မ တစ်ခုနားလည်လိုက်တာကတော့ တစ်ချို့လူတွေဟာ အခြေခံ လူ့ကျင့်ဝတ်လေးကိုတောင် ကောင်းကောင်း နားမလည်ကြဘူးဆိုတာပါပဲ။ ကျွန်မတို့ ငယ်စဉ် ကလေးဘ၀ကတည်းက လေ့လာသင်ကြားခဲ့ရတာကတော့ သူတပါးပစ္စည်းဥစ္စာကို ပိုင်ရှင်မသိရင် မယူငင်ရဘူးဆိုတာပါပဲ။ သက်ရှိ၊ သက်မဲ့၊ ဒြပ်ရှိ၊ ဒြပ်မဲ့ မည်သည့် ဥစ္စာမဆို ပိုင်ရှင်မသိဘဲယူရင်တော့ ခိုးယူတာပါပဲ။ ဒြပ်မရှိဘဲ သူတပါးစိတ်ကူးဥာဏ်နဲ့ စဉ်းစားဖန်တီးထားတဲ့ စိတ်ကူးတစ်ခုကို ယူသုံးချင်ရင်တောင် ခွင့်တောင်းပြီးမှ အသုံးပြုရမှာပါ။ ဒီလိုမျိုးသူတစ်ပါး ဖန်တီးထားတဲ့ ဓါတ်ပုံလိုဟာမျိုးကို ကူးယူအသုံးပြုချင်ရင် ပိုင်ရှင်ကို ခွင့်တောင်းသင့်ပါတယ်။ ကျွန်မဖန်တီးထားတဲ့ ပုံတွေမှာ ဘလော့နာမည်လေး အမြဲတွဲလျက် ဖော်ပြထားလို့ ခွင့်တောင်းချင်ရင် ပိုင်ရှင်ရှာရမှာလည်း မခက်ခဲလှပါဘူး။ ပိုင်ရှင်ရှာရခက်ခဲတဲ့ Google က အမည်မဖော်ပြထားတဲ့ ပုံတွေဆိုရင်တောင် Googel မှ ကူးယူဖော်ပြပါသည်ဆိုတဲ့ စာကြောင်းလောက်တော့ ထည့်သွင်းပေးသင့်ပါတယ်။ ဒီလောက်အခြေခံကျတဲ့ ကျင့်ဝတ်လေးတောင် နားမလည်တဲ့ လူတွေများလာရင် ရေရှည်မှာ လောကကြီး ပျက်စီးဖို့ပဲရှိပါတော့တယ်။ ကျွန်မကတော့ သည်လူတွေကို "လူ့ကျင့်ဝတ်မသိတတ်သူများ" လို့သာ ကင်ပွန်းတပ်လိုက် ချင်ပါတော့တယ်။
ပါရမီဖြည့်ဖက်လေး
၁၃း၃၁ နာရီ
၁၄.၈.၂၀၁၃