မနေ့က စာရေးဆရာနဲ့ မြို့ထဲသွားရင်း Golden Mile (ယိုးဒယားဈေး) ရောက်တော့ ထိုင်းဟင်းချက်ရင် လိုအပ်တာလေးတွေ ၀ယ်လာခဲ့တယ်။ ဒါနဲ့ ဒီနေ့အတွက် အစိမ်းရောင်ဟင်း (Green Curry) ချက်စားဖြစ်တယ်။ ကျွန်မကတော့ ကြက်သားနဲ့ ချက်ပါတယ်။ အမဲသား၊ ၀က်သားတို့နဲ့လည်း ချက်လို့ရပါတယ်။
ပထမဆုံး ကြက်သားကို ခပ်ရွယ်ရွယ် အတုံးလေးတွေ တုံးပြီး ဂျင်းမှုန့်၊ ငံပြာရည်တို့နဲ့ နယ်နှပ်ထားပါတယ်။ ခရမ်းကျွတ်သီး တွေကို လေးစိတ်စိတ်ပြီး ရေစိမ်ထားပါတယ်။ နံနံပင်၊ ငရုတ်သီးစိမ်းနဲ့ ပင်စိမ်းကို ရေဆေးသန့်စင်ထားပါတယ်။ ရှောက်ရွက်ကတော့ ၀ယ်ထားတာ အဆင်သင့်မရှိလို့ မထည့်လိုက်တော့ဘူး။ ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး ဆီပူရင် အုန်းနို့ဗူးကို ဖောက်ထည့်ပါတယ်။ ပြီးတော့ အဆက်မပြတ် မွှေပေးပါတယ်။ အုန်းနို့ဆီ အပေါ်ယံကို တက်လာပြီဆိုရင် Green Curry အနှစ် ထည့်ပါတယ်။ ဆက်ပြီး မွှေပေးပါတယ်။ အုန်းနို့နဲ့ Green Curry သမသွားပြီဆိုမှ ကြက်သားထည့်ပါတယ်။ ရေနွေးအနည်းငယ်ထည့်ပြီး ကြက်သားနူးအောင် တည်ပေးပါတယ်။ ကြက်သားနူးခါနီးရင် ရေစိမ်ထားတဲ့ ခရမ်းကျွတ်သီးထည့်ပြီး ရေဆူနည်းနည်း ထပ်ထည့်တည်ပါတယ်။ ကြက်သားရော၊ ခရမ်းကျွတ်သီးပါ နူးလောက်ရင် ငံပြာရည်၊ အချိုမှုန့်ထည့်ပြီး ဟင်းအရသာပြင်တယ်။ ပြီးတော့ နံနံပင်နဲ့ ပင်စိမ်းထည့်ပါတယ်။ ငရုတ်သီးစိမ်းကိုလည်း ထက်ခြမ်းခြမ်းထည့်ပြီးတာနဲ့ တဆက်တည်း ဟင်းအိုးကိုချလိုက်ပါတယ်။ ဒါဆို ကြက်သားအစိမ်းရောင်ဟင်းလေး ရပါပြီ။
ကြက်သားအစိမ်းရောင်ဟင်းလေး။
ဟောဒီပုလင်းထဲက အစိမ်းရောင်ဟင်းအနှစ်နဲ့ ချက်တာ။ အုန်းနို့မပါတဲ့ အစိမ်းရောင်အနှစ်နဲ့ အုန်းနို့ ပါပြီးသား နှစ်မျိုးရှိတယ်။ ကျွန်မက အုန်းနို့ပါပြီးသား ၀ယ်ခဲ့တယ်။ ချက်တဲ့အခါ အုန်းနို့ လျှော့ထည့်ပါတယ်။
ဟောဒီအရွက်လေးတွေထည့်တယ်။
ခရမ်းကျွတ်သီးရေစိမ်ထားတာ။
ဟင်းရံအနေနဲ့ ထိုင်းအသုပ်တစ်မျိုးဖြစ်တဲ့ မျှစ်သုပ် သုပ်ပါတယ်။ မျှစ်ကိုတော့ ထိုင်းဆိုင်ကပဲ ပုလင်းနဲ့ ၀ယ်ခဲ့တာပါ။ တစ်ပန်းကန်သုပ်စာ မျှစ်ကို ပုလင်းထဲကထုတ်ပြီး ရေနွေးနည်းနည်းနဲ့ အိုးတစ်လုံးမှာ ပြုတ်ပါတယ်။ အကြာကြီးပြုတ်ဖို့ မလိုပါဘူး။ ရေလေးဆူရင်ပဲ ရပါပြီ။ ဆန်နည်းနည်းကို အိုးတစ်လုံးမှာ ထည့်ပြီး လှော်ပါတယ်။ ဆန်စေ့လေးတွေ အညိုရောင်ပြောင်းသွားရင် ငရုတ်ဆုံမှာ ထည့်ထောင်းပါတယ်။ နံနံပင်၊ ပူစီနံနဲ့ ငရုတ်သီးစိမ်းကို ရေဆေးပြီး လှီးချွတ်ပါတယ်။ ပန်းကန်တစ်လုံးမှာ ခုနကမျှစ်ရယ်၊ နံနံပင်၊ ပူစီနံ၊ ငရုတ်သီးစိမ်းနဲ့ ဆန်မှုန့်ကိုထည့်၊ သံပုရာရည်ညှစ်ထည့်၊ အချိုမှုန့်၊ ဆားထည့်၊ ငရုတ်သီးအကျက်မှုန့် ထည့်ပြီး ရောနယ်သုပ်ပါတယ်။ ဒါဆို မျှစ်သုပ် ချဉ်စပ်လေး ရပြီပေါ့ရှင်။
ဒီပုလင်းထဲက မျှစ်နဲ့သုပ်တာပါ။ ငရုတ်သီးစိမ်းနဲ့စိမ်ထားတဲ့မျှစ်နဲ့၊ ငရုတ်သီးစိမ်း မပါတာနဲ့ နှစ်မျိုးရှိတယ်။ ကျွန်မကတော့ ငရုတ်သီးထည့်စိမ်ထားတာ ၀ယ်ခဲ့တယ်။
ဟောဒီအရွက်လေးတွေလှီးထည့်တယ်။
ဟောဒီမှာသုပ်ရန်အဆင်သင့်၊ ဆန်မှုန့်၊ ဆားနဲ့ အချိုမှုန့်တော့ မထည့်ရသေးဘူး။
ဟောဒီမှာ ထိုင်းမျှစ်သုပ်ချဉ်စပ်။