Friday, March 16, 2012

" ၀က်သားမျှစ်ချဉ်၊ ခရမ်းချဉ်သီးငါးပိချက်နဲ့ ငါးကြော် "

3 comments
ဟိုတလောက ၀က်သားနဲ့ မျှစ်ချဉ်ချက်စားကြတယ်။ မျှစ်ချဉ်ကို ငါးပိစိမ်းစား အနည်းငယ်နဲ့ နယ်ပြီး ရေထည့်ပြုတ်တယ်။ ၀က်သားကို ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်အကြည်ရည်နဲ့ နယ်ထားတယ်။ ကြက်သွန်ဖြူနီဂျင်း ထောင်းထားတာကို အရောင်တင်မှုန့်ထည့် ဆီသတ်တယ်။ ဆီသတ်မွှေးလာရင် ၀က်သားထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်လုံးတယ်။ ၀က်သားကထွက်တဲ့ ရေခန်းလို့ မွှေးလာရင် ပြုတ်ထားတဲ့ အိုးထဲကမျှစ်ဖတ်တွေဆယ်ထည့်ပြီး လုံးတယ်။ ဆီပြန်ရင် မျှစ်ပြုတ်အိုးထဲ အားလုံးပြောင်းထည့် ရေလိုသလို ထည့်ပြီး ၀က်သားရော၊ မျှစ်ပါနူးသည် အထိ တည်တယ်။ အပေါ့အငံပြင်တယ်။ ခရမ်းချဉ်သီး ငါးပိချက်လည်း ချက်ဖြစ်တယ်။ ခရမ်းချဉ်သီးငါးပိချက် ကတော့ အရင်ကလည်း ပို့စ်တင်ဖူးပါတယ်။

နောက်တစ်မျိုးကတော့ ငါးကြော်ပါ။ ဈေးထဲမှာ ပင်လယ်ငါးသေးသေးလေးတွေ တွေ့တာနဲ့ ၀ယ်လာခဲ့တယ်။ ငါးလေးတွေကို ဗိုက်ဖောက်၊ ဆေးကြောပြီး ဆား၊ဆနွင်း၊ အချိုမှုန့်နဲ့ နယ်တယ်။ ပြီးတော့ ဆီပူမှာ ကျွတ်နေအောင်ကြော်ပြီး ဆယ်ထားတယ်။ ဆီးနည်းနည်းမှာ ကြက်သွန်ဖြူပါးပါးလှီး၊ ကြက်သွန်နီပါးပါးလှီးထားတာ ထည့်ကြော်တယ်။ ကြက်သွန်ကျွတ်လာရင် ငရုတ်သီးအရောင်တင်မှုန့်နဲ့ ငရုတ်သီးလုံးကွဲထည့်၊ ငါးကြော်တွေထည့်ရောပြီး မီးပိတ်လိုက်တယ်။ အဲဒါဆို ငါးကြော်လေးတွေ ရပါပြီ။


Tuesday, March 6, 2012

" မျှစ်တာလပေါဟင်းနဲ့ ငါလေးချဉ်သုပ် "

4 comments
မျှစ်တာလပေါဟင်း စားချင်နေတာ တော်တော်ကြာပြီ။ ၀ါးပိုးမျှစ်ရောင်းတာ မတွေ့တာနဲ့ ငြိမ်နေတာ။ တလောက City Hall ကနေ မျှစ်ချဉ်ဝယ်ချက်စားတယ်။ အရင်ဆို ပျဉ်းမနားမျှစ်ချဉ်ထုပ်တွေနဲ့ ချက်တာ။ အဲဒီနေ့ကတော့ ထိုင်းကမျှစ်ချဉ်ပဲ တွေ့တာနဲ့ အဲဒါနဲ့ ၀ယ်ချက်တယ်။ ပျဉ်းမနားမျှစ်ချဉ်လောက် မချဉ်ဘူး။ ပြီးတော့ အလွှာလေးတွေ လွှာထားတာဆိုတော့ တာလပေါချက်ရင် ကောင်းမှာပဲဆိုပြီး အကြံရတယ်။ ဒါနဲ့ စနေနေ့က City Hall ရောက်တော့ အဲဒီထိုင်းမျှစ်ထုတ်လေးတွေ ၀ယ်ခဲ့တယ်။ ရန်ကုန်မှာဆိုရင်တော့ ၀ါးပိုးမျှစ်အတုံးကြီးတွေ ၀ယ်ပြီး ကိုယ့်ဘာသာ လွှာချက်တယ်။ ဒီမျှစ်လည်း ၀ါးပိုးမျှစ်ပဲ။ ဒါပေမယ့် အချဉ် ထည့်ထားတော့ နည်းနည်းတော့ ချဉ်နေတယ်။

အရင်ဆုံး မျှစ်ကို ပြုတ်ပါတယ်။ မျှစ်က သိပ်မချဉ်ဘူးဆိုပေမယ့် အချဉ် လုံးဝ ပျောက်သွားအောင် ရေနဲ့စိမ်ပြီးဆေးလိုက်တယ်။ ပြီးမှ အိုးတစ်လုံးမှာ ထည့်ပြုတ်တယ်။ မျှစ်ပြုတ်ထားတုန်းမှာ ဒညင်းဝက်ကို အခွံခွာပြီးပြီး ခပ်ပါးပါးလှီးထားတယ်။ ရုံးပတီသီးကို တစ်စောင်းလေးတွေ ဖြတ်တယ်။ ပင်စိမ်းကို အရွက်နွှင်ပြီး ရေဆေးထားတယ်။ ငရုတ်သီးစိမ်းကို ရေဆေး ထက်ခြမ်းခြမ်းထားတယ်။ ရေကျိုငါးပိကို ရေအေးလေးနဲ့ ဖျော်ထားတယ်။ ဆန်လက်တစ်ဆုပ်လောက်ကို ဒယ်အိုးမှာ ထည့်လှော်ပြီး ငရုတ်ဆုံနဲ့ ထောင်းထားတယ်။ 

မျှစ်နူးလာရင် ရေဆူကို ကိုယ်လိုချင်သလောက် ဟင်းရည်အနေအထား ထည့်တယ်။ ပြီးတော့ လှော်ထားတဲ့ ဆန်မှုန့်တွေ ထည့်ပြီး မွှေပေးတယ်။ ဆန်မှုန့်ပျော်ပြီး ဆူပွက်ရင် ဖျော်ထားတဲ့ ရေကျိုငါးပိရည်ကို ထည့်ပါတယ်။ ဟင်းရည်ကျအောင် အဖုံးဖွင့်ပြီး ဆက်တည်ပေးထားတယ်။ ငံပြာရည်နဲ့ အချိုမှုန့်ထည့်တယ်။ အရင်တော့ ပုဇွန်ခပ်သေးသေးတွေချေပြီး  ထည့်ခပ်ချက်တယ်။ ဟင်းရည်ချိုအောင်လို့။ ဒီတစ်ခါတော့ ပုဇွန်ဝယ်ထားတာ မရှိတာနဲ့ မထည့်တော့ဘူး။ ဒညင်းဝက်လှီးထားတာတွေ ထည့်ပြီး ခဏဆက်တည်ပေးတယ်။ ဟင်းရည်လည်း အနေတော်ဖြစ်၊ မျှစ်နဲ့ ဒညင်းဝက်နူးရင် ရုံးပတီသီးထည့်၊ ငရုတ်သီးစိမ်းထည့်မွှေပါတယ်။ ပြီးတာနဲ့ ပင်စိမ်းအုပ်ပြီး မီးပိတ်လိုက်တယ်။ ဒါဆို မျှစ်တာလပေါဟင်း ပူပူစပ်စပ် မွှေးမွှေးလေး ရပါပြီ။

မျှစ်တာလပေါနဲ့ စားဖို့ ငါးလေးချဉ်သုပ် သုပ်တယ်။ ကြက်သွန်ဖြူ၊ နီ ပါးပါးလှီး၊ နံနံပင်၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း နဲ့ ငါးလေးချဉ်ကို အချိုမှုန့်၊ ငံပြာရည်နည်းနည်းနဲ့ ဆီထည့်ပြီး ရောနယ်သုပ်လိုက်တယ်။ ကဲ- ပူပူစပ်စပ် မျှစ်တာလပေါနဲ့ ငါးလေးချဉ်သုပ်လေး စားကြရအောင်နော်။





Friday, March 2, 2012

" ငါးရံ့ခေါင်းဒန့်သလွန်သီးချဉ်ရည်၊ ကြက်သားအာလူးနဲ့ ငါးပိတို့စရာ "

4 comments
ဟိုတလောက ချက်စားဖြစ်တာလေးပါ။ ငါးရံ့တွေဝယ်ချက်စားပြီး ခေါင်းတွေကျန်နေတာနဲ့ ငါးရံ့ခေါင်းကို ဒန့်သလွန်သီးနဲ့ ချဉ်ရည်ဟင်းချက်တယ်။ ငါးရံ့ခေါင်းကို ဆား၊ ဆနွင်း၊ အချိုမှုန့်နဲ့ နယ်ထားတယ်။ ဒန့်သလွန်သီးကို ခြစ်ပြီး အပိုင်းလေးတွေ ဖြတ်တယ်။ ကြက်သွန်ဖြူ၊နီထောင်းပြီး အရောင်တင်မှုန့်ထည့် ဆီသတ်တယ်။ ဆီသတ်မွှေးလာရင် ခရမ်းချဉ်သီး လှီးထားတာ ထည့်ဆီသတ်တယ်။ ခရမ်းချဉ်သီးလိပ်သွားရင် ငါးခေါင်းထည့်လုံးတယ်။ နောက်တော့ ဒန့်သလွန်သီးတွေပါ ထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည်ပြီး မွှေးသည်အထိလုံးတည်တယ်။ ဟင်းမွှေးလာရင် ရေနွေးထည့်တည်တယ်။ ဒန့်သလွန်သီးရော ငါးခေါင်းတွေပါရရင် မကျည်းရည်ဖျော်ထည့်ပြီး အပေါ့အငံမြည်းပြီးရင် ရပါပြီ။ နံနံပင်လေးကို တော့ စားခါနီးမှ အုပ်ပြီးစားတယ်။

အဲဒီနေ့က ကြက်သားအာလူးဟင်းလည်း ချက်တယ်။ ကြက်သွန်ဖြူနီဂျင်းနဲ့ အရောင်တင်မှုန့်ရော ဆီသတ်တယ်။ ဆီသတ်ရရင် ဆားဆနွင်းနယ်ထားတဲ့ ကြက်သားထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပြီး လုံးတယ်။ ကြက်သားက ထွက်တဲ့ ရေခန်းရင် ရေဆူထည့်ပြီး ကြက်သားနူးသည်အထိ တည်တယ်။ အားလူးကို အခွံခွာ၊ လေးစိတ်စိတ်ပြီး ဆားရည်နဲ့ စိမ်ထားတယ်။ ကြက်သားနူးခါနီးရင် အာလူးရောထည့်ချက်ပြီး အပေါ့အငံမြည်း၊ အရသာအနေတော်ဖြစ်ပြီး ကြက်သားရော အာလူးပါနူးရင် ရပါပြီ။ 

ငါးပိရည်လေးဖျော်၊ ဒညင်းဝက်ကြော်လေးနဲ့ စားကြတယ်။




Sunday, February 26, 2012

" ဘဲပေါင်းဆီချက် "

2 comments
ကျွန်မလည်း ပို့စ်အသစ်တွေမတင်နိုင်တာ ကြာပေါ့။ အလုပ်မအားတာလည်း ပါတယ်။ ပြီးတော့ ချက်စားဖြစ်တဲ့ ဟင်းတွေကလည်း ပို့စ်တင်ပြီးသားတွေ ဖြစ်နေတာများတော့ ပို့စ်အသစ် မတက်နိုင်ဘူးဖြစ်နေတာ။ ဒီနေ့တော့ ဘဲပေါင်းဆီချက်လေး လုပ်စားဖြစ်တာနဲ့ မိတ်ဆွေတွေကို မျှဝေလိုက်တာပါ။ 

ဘဲသားကို အနေတော်တုံး ရေစင်စင်ဆေးပြီး ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက်ရည်၊ ရှာလကာရည်၊ ဂျင်းဒါပြားရိုက်၊ ကြက်သွန်ဖြူ ဒါးပြားရိုက် တို့နဲ့ ရောနယ်ပြီး နှပ်ထားပါတယ်။ အိုးတစ်လုံးမှာ နှပ်ထားတာတွေထည့်ပြီး ရေကို ဘဲသားတွေ မြုပ်တဲ့ အထိထည့်ပြီး မီးငွေ့ငွေ့နဲ့ ကြာကြာလေး တည်ပေးပါတယ်။ ရေခန်းရင် ဆူပြီးသားရေနွေးကို နည်နည်းချင်း ဖြည့်ထည့်ပြီး အသားများ နူးအိသွားသည်အထိ တည်ပေးပါတယ်။ နောက်ထပ် အိုးတစ်လုံးမှာ ရေနွေး တည်ပြီး ရေဆူရင် ခေါက်ဆွဲခြောက်တွေ ထည့်ပြုတ်ပါတယ်။ ခေါက်ဆွဲရရင် ဇကာနဲ့စစ်ပြီး ရေအေးဆေး ချပြီး ရေစစ်ထားပါတယ်။ ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါတယ်။ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဆီချက် ချက်ထားပါတယ်။

အားလုံးအဆင်သင့်ဖြစ်ရင် ပန်းကန်ထဲမှာ ခေါက်ဆွဲထည့်၊ ဆား၊ အချိုမှုန့် အနည်းငယ်၊ ပဲငံပြာရည် အကြည်ရည် အနည်းငယ်နဲ့ ဆီချက်ထည့်ပြီး သမအောင် မွှေပါတယ်။ နှံ့အောင်မွှေပြီးရင် ဘဲပေါင်းလေးထည့်၊ ကြက်သွန်မြိတ်လေး အုပ်လိုက်ရင် စားရန်အဆင့်သင့် ဘဲပေါင်းဆီချက် ရပါပြီ။ ကြက်သွန်ချဉ်လေးနဲ့ တွဲစားရင် အအီပြေပါတယ်။ 




Sunday, January 15, 2012

" ထမင်းကြော် "

5 comments
ဟိုတစ်ရက်ကတော့ ဟင်းတွေ မစားချင်တာနဲ့ နှစ်ယောက်သား ထမင်းကြော် ကြော်စားကြတာ။

ထမင်းချက်ထားတာကို အအေးခံပြီး ဆား၊ အချိုမှုန့်နဲ့ နယ်ထားတယ်။ ၀က်သားကို ခပ်သေးသေးတုံးပြီး အိုးထဲမှာ ရေလေးနဲ့ ပြုတ်လိုက်တယ်။ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ကြက်ဥကို ကြော်တယ်။ ပြီး ရင် ကြက်ဥမွှေကြော်ကို ပန်းကန်နဲ့ ခပ်ထားလိုက်တယ်။ ဒယ်အိုးထဲမှာ ကြက်သွန်နီဆီသတ်၊ ပြီးရင် ပြုတ်ထားတဲ့ ၀က်သားလေးတွေ ထည့်ကြော်တယ်။ မုန်လာဥနီ၊ ပြောင်းဖူးနဲ့ ပဲသီး လှီးထားတာ ထည့်ကြော်တယ်။ အသီးအရွက်ရရင် ထမင်းထည့်ကြော်တယ်။ ဆား အနည်းငယ်၊ အချိုမှုန့်အနည်းငယ်နဲ့ ခရုဆီထည့်ပါတယ်။ အပေါ့အငံမြည်း အနေတော်ဆို ကြက်ဥမွှေကြော်တွေပါ ထည့်ရောမွှေကြော်ပါတယ်။ ဒါဆို ထမင်းကြော် ရပါပြီ။



Saturday, January 7, 2012

" ခရုအစပ်ချက် "

4 comments
ခရုဟင်းစားချင်တာနဲ့ Sheng Siong ကနေ ခရုတွေ ၀ယ်ခဲ့တယ်။ ရေစိမ်ပြီး ရောင်းတဲ့ အရှင်တွေတော့ မ၀ယ်ရဲဘူး။ ဗူးတွေနဲ့ထည့်ပြီး ရေခဲထားတဲ့ သေပြီးသားတွေပဲ ၀ယ်ခဲ့တယ်။

ခရုလေးတွေကို ရေနဲ့ စင်စင်ဆေးပြီး အိုးတစ်လုံးမှာထည့် ပြုတ်ပါတယ်။ ဆူပွက်လာရင် အမြှုပ်လေးတွေ ထပ်ထုတ်ပေးပြီး ပွက်ပွက်ဆူတဲ့ အထိတည်ပေးပါတယ်။ ခရုရပြီဆို အိုးထဲကနေ ဆယ်ပြီး ရေစစ်ထားလိုက်တယ်။ ကြက်သွန်အဖြူနဲ့ အနီကို လှီးပြီး နှုတ်နှုတ်စင်းထားတယ်။ ငရုတ်သီးစိမ်းကို ပါးပါးလှီး၊ ပင်စိမ်းရွက်လေးတွေ ရေဆေးထားတယ်။ မီးဖိုပေါ်ဆီအိုးတင်၊ ဆီပူရင် ကြက်သွန်ဖြူနီထည့်၊ အရောင်တင်မှုန့်ထည့်ပြီး ဆီသတ်တယ်။ ကြက်သွန်ကျက်ပြီး မွှေးလာရင် ခရုထည့်၊ ငံပြာရည်နဲ့ အချိုမှုန့် ထည့်လုံးတယ်။ ရေနွေးလေးနည်းနည်း ထည့်ပြီး တည်ပေးတယ်။ ရေခန်းပြီး ဆီပြန်ရင် ငရုတ်သီးစိမ်းထည့်၊ ပင်စိမ်းထည့်ပြီး မီးပိတ်လိုက်တယ်။ ဒါဆို ခရုအစပ်ချက်လေးရပြီ။
 



Sunday, January 1, 2012

" ငါးခူကြော်ချက်နှင့် ငါးတန်ဆီပြန် "

4 comments
လွန်ခဲ့တဲ့ တစ်ပတ်လောက်က ချက်စားဖြစ်တဲ့ ဟင်းလေးတွေပါ။ ကျွန်မတို့ လင်မယား ငါးဟင်း ဓါတ်ကျနေလို့ပါ။ Sheng Siong မှာ ငါးခူတွေ၊ ငါးတန်တွေ တွေ့တာနဲ့ ၀ယ်ချက်စားဖြစ်တာ။ ပင်လယ်ငါးမျိုးတွေဆိုတော့ ကျွန်မတို့ဆီက ရေချို ငါးတွေလောက် မချိုပေမယ့် အနံ့ မညှီတော့ စားလို့ ဖြစ်ပါတယ်။

ငါးခူကို အညှိအချွဲတွေစင်သွားအောင် မကျီးသီး၊ ဆားတို့နဲ့ တိုက်ဆေးပြီး ဆား၊ ဆနွင်း၊ အချိုမှုန့်နယ်ပါတယ်။ ပြီးတော့ ဆီပူပူမှာ မကျက်တကျက်လေး ကြော်လိုက်တယ်။ ကြက်သွန်ဖြူနီ ထောင်းထားတာကို ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ရင် ခရမ်းချဉ်သီးနဲ့ ငါးပိစိမ်းစားလေး နည်းနည်းထည့်ပြီး ဆီသတ်တယ်။ ခရမ်းချဉ်သီးလေး လိပ်သွားရင် ငါးကြော်ထည့်၊ ငံပြာရည်၊ အချိုမှုန့်လေးထည့် လုံးပါတယ်။ ရေနွေး အနည်းငယ် ထည့်ပြီး ငါးကျက်ပြီး ဆီပြန်အောင် တည်ပါတယ်။ ဆီပြန်ပြီး အရသာနေတော်ဆို နံနံပင်လေး အုပ်ပြီး မီးပိတ်ပါတယ်။ ဒါဆို ငါးခူကြော်ချက်လေး ရပြီပေါ့။





ဘရိုကိုလီကြော်လေးနဲ့ စားတယ်။


ဒါက ငါးတန်ကိုချက်တာ။ ငါးခူချက်သလိုပဲ ချက်တာပါ။ ငါးတန်ကိုတော့ မကြော်ဘဲ ဒီအတိုင်းချက်ပါတယ်။




Sunday, December 18, 2011

" ကျွန်မရဲ့ဒီဇင်ဘာအားလပ်ရက် ခရီး " (၂)

2 comments
Genting ကနေ ၁၂နာရီခန့်မှာ ကားစထွက်ပြီး လမ်းမှာ ဒေသထွက် စားသောက်ကုန် အရောင်းဆိုင်မှာ မိနစ်၃၀ခန့် ရပ်နားပါတယ်။ KL က ကျွန်မတို့တည်းမယ့် ဟိုတယ်ကို မွန်းလွဲ နှစ်နာရီခွဲဝန်းကျင်ခန့်ရောက်ပါတယ်။ ဟိုတယ်ရောက်တော့ Check In လုပ်၊ အထုပ်အပိုးတွေ အခန်းထဲမှာ ထားပြီး နေ့လယ်စာ ထွက်စားပါတယ်။ စားပြီးတာနဲ့ KLCC ဆီကို ချီတက်ပါတယ်။ စာရေးဆရာတို့ လုပ်ပုံမှာ KLCC ရှေ့လည်းရောက် ကျွန်မက ဓါတ်ပုံရိုက်ဖို့ အိုင်တင်လုပ်နေခါမှ ကင်မရာထုတ်၊ချိန်ပြီး ရိုက်မယ်အလုပ်၊ ဒီတော့မှ သိတယ် ကင်မရာထဲမှာ ဓါတ်ခဲမပါခဲ့ဘူးတဲ့လေ။ ဒီတော့ နှစ်ယောက်သား ဟိုကြည့် သည်ကြည့် ဖုန်းလေးနဲ့ ခဏ ဟိုရိုက်သည်ရိုက် လုပ်ပြီး ဟိုတယ်ပြန် အနားယူကြပါတော့တယ်။

နောက်တစ်နေ့နံနက်မှာ စောစာထ ဟိုတယ်က ကျွေးတဲ့ နံနက်စာသွားစားပြီး ရေမိုးချိုး အဆင်သင့်ပြင်ရတယ်။ နံနက် ၉နာရီခွဲလောက်မှာ Sunway Theme Park ကိုသွားဖို့ ဟိုတယ်ကို ကားလာကြိုပါတယ်။ သည်တော့ ကျွန်မတို့လည်း Tour ကကားနဲ့ Sunway ကိုသွားကြပါတယ်။ Sunway မှာ Park (၅) ခုရှိပါတယ်။ Water Park, Amusement Park, Wildlife Park,  Extreme Park  နဲ့ Scream Park တို့ပါ။ 

ကျွန်မတို့ကတော့ ပထမဆုံး Water Parkမှာ စပြီး ရေဆော့ပါတယ်။ ရေကူးတာ၊ ရေဘောကွင်း စီးတာ၊ လှိုင်းစီးတာအပြင် ရေလွှာလျှောလည်း စီးလို့ရပါတယ်။ ကျွန်မတို့ ရေကစားနေချိန်မှာ ကျွန်မတို့ ပစ္စည်းတွေ ကို သိမ်းထားခဲ့ဖို့ Locker လေးတွေ ငှားလို့ရပါတယ်။ ရေကစားပြီးတော့ ဗိုက်ဆာတာနဲ့ အဲဒီအနီးမှာပဲ နေ့လယ်စာ စားကြပါတယ်။ ပြီးတော့မှ Wildlife Park ဆီကို သွားပါတယ်။ တိရိစ္ဆာန်လေးတွေ ကို လိုက်ကြည့်ကြပါတယ်။ အဲဒီကနေ ဆက်သွားတော့ Amusement Park နဲ့ Scream Park ကိုရောက်ပါတယ်။ စီးစရာတွေကတော့ အစုံပါပဲ။ ဒါပေမယ့် ကြောက်တာနဲ့ တချို့ဟာတွေ မစီးရဲလို့ မစီးဖြစ်ခဲ့ဘူး။ Scream Park ကတော့ ကျွန်မကကြောက်တတ်လို့ လုံးဝကို မ၀င်ခဲ့ဘူး။ အဲဒီကနေ ကြိုးတံတားနဲ့ ကူးတော့ Extreme Park  ကိုရောက်တယ်။ အဲဒီ ကြိုးတံတားက ကမ္ဘာပေါ်မှာ အရှည်ဆုံး ကြိုးတံတားလို့ ရေးထားတာတွေ့ခဲ့တယ်။ ကြိုးတံတား ကူးရတာလည်း ကြောက်စရာကြီး အောက်မှာ ရေတွေကို မြင်နေရတယ်။ တံတားကြီးက လှုပ်လှုပ် လှုပ်လှုပ်နဲ့။ Extreme Park  မှာတော့ ဆိုင်ကယ်စီးတာ၊ သေနတ်ပစ်တာ အပြင် ခန္ဓာကိုယ်ကို ကြိုးနဲ့ သိုင်းပြီး ကောင်းကင်ကြိုးနဲ့ ရေကို ဖြတ်ပြီး စီးတာတွေရှိပါတယ်။ ကျွန်မကတော့ ကြောက်လို့ ဘာမှမစီးဘူး။ သူများစီးတာပဲ ထိုင်ကြည့်ခဲ့တယ်။ 

ညနေစောင်းလို့ Sunway ကပြန်တော့ KLCC ကို ထပ်သွားတယ်။ ဒီနေ့တော့ ဓါတ်ခဲပါလာတယ်ဆိုတော့ ဓါတ်ပုံလေးတွေ ကောင်းကောင်းရိုက်ဖြစ်တယ်။ 

နောက်တစ်နေ့နံနက်ပိုင်းမှာတော့ နံနက်စာစား၊ စောစာပဲ Check out လုပ် အထုတ်တွေ ဟိုတယ်မှာ အပ်ခဲ့ပြီး ဟိုတယ်အနားက Sungei Wang Palza မှာ Shopping လုပ်ကြပါတယ်။ ပြီးတော့ နေ့လယ်စာ စားပြီး စလုံးပြန်ဖို့ လာကြိုမယ့်ကားကို စောင့်ရပါတယ်။ ညနေသုံးနာရီမှာ ကားလာကြိုပြီး စလုံးကို ပြန်ခဲ့ကြပါတော့တယ်။ 

ဒီခရီးလေးဟာ ကျွန်မတို့ ဇနီးမောင်နှံအတွက် ပျော်ရွှင်စရာ ခရီးလေးတစ်ခု ဖြစ်ခဲ့တာတော့ အမှန်ပါပဲ။ နှစ်ယောက်သား အပူအပင်မရှိ စိတ်လွတ်ကိုယ်လွတ် ပျော်ခဲ့ကြပါတယ်။ 


KLCC ကို ကျွန်မတို့ တည်းတဲ့ ဟိုတယ်ကနေ လှမ်း မြင်နေရတာ







Sunway Park ကိုဝင်ဖို့ လက်မှတ်တန်းစီနေကြတာ


Water Park ကိုရောက်ပြီ









Wildlife Park ထဲမှာ



Tuesday, December 13, 2011

" ကျွန်မရဲ့ဒီဇင်ဘာအားလပ်ရက် ခရီး " (၁)

5 comments
လွန်ခဲ့တဲ့ အပတ်ထဲမှာ ကျွန်မတို့ဇနီးမောင်နှံနှစ်ယောက်စလုံး ခွင့်ရက်ရတာနဲ့ မလေးရှားကို ခရီးထွက်ဖြစ်ပါတယ်။ တစ်နှစ်စာခွင့်တွေ ကျန်နေတာကြောင့် ခွင့်ယူပြီး အိမ်မှာနေမယ့်အစား စိတ်လက်ပေါ့ပါးသွားအောင်ဆိုပြီး ခရီးထွက်ဖို့ စီစဉ်ပါတယ်။ ခွင့်ရက်ကျန်ကလည်း များများစားစား မဟုတ်တာကြောင့် ရန်ကုန်လည်း ပြန်လို့မရပါဘူး။ ဒါကြောင့် ကျွန်မတို့နှစ်ယောက်စလုံး တစ်ခါမှ မရောက်ဖူးသေးသလို စလုံးကနေသွားရတာလည်း လွယ်ကူတဲ့ မလေးရှားကို ရွေးလိုက်တာပါ။ 

ကျွန်မတို့ရွေးလိုက်တဲ့ ခရီးစဉ်က သုံးညအိပ်လေးရက်၊ Genting Highlands, Kuala Lumpur & Sunway Theme Park ပါ။ စသွားတဲ့နေ့မှာ ကားက စလုံးကနေ မနက် ၆နာရီခွဲ စထွက်ပါတယ်။ ခုနှစ်နာရီကျော်ကျော်လောက် Tuas check point ကိုရောက်ပြီး စလုံး Immigration ကိုဖြတ်ရပါတယ်။ ပြီးတော့ တံတားကူးပြီး တစ်ဖက်မှာ မလေး Immigration ကို ထပ်ဖြတ်ရပါတယ်။ Immigration ဖြတ် ပြီးတာနဲ့ ကားက တစ်နာရီခွဲလောက် တောက်လျှောက်မောင်းပါတယ်။ ပြီးတော့ နံနက်ခင်းစာ စားဖို့ နာရီဝက်ခန့် ရပ်နားပါတယ်။ ပြီးတော့ တောက်လျှောက်ဆက်ထွက်တာ နှစ်နာရီလောက် မောင်းအပြီး Kuala Lumpur နားမှာ ၁၅မိနစ်ခန့် ရပ်ပေးပါတယ်။ အဲဒီကနေဆက်ထွက်တော့ Genting ကို ဆက်တိုက်မောင်းပါတော့တယ်။ ကျွန်မတို့ ခရီးစဉ်အရ Genting ကိုအရင်သွားတာပါ။ Kuala Lumpur ကို ကျော်သွားရပါတယ်။ Genting ကတောင်ပေါ် ဆိုတော့ တောင်တက်လမ်းလေးအတိုင်း မောင်းရပါတယ်။ တောင်ပေါ်ရာသီဥတုကိုက အေးတဲ့ အပြင် ကျွန်မတို့ တောင်ပေါ်ရောက်တဲ့အချိန်မှာ မိုးဖွဲဖွဲလေးကလည်း ရွာနေတာမို့ အတော်လေး အေးနေပါတယ်။ 

Genting ရောက်တော့ နေ့လယ် တစ်နာရီဝန်းကျင်ခန့်ရှိပါပြီ။ First World Hotel မှာ Check in လုပ်ဖို့ Queue No ယူပြီး တစ်နာရီခန့် စောင့်လိုက်ရပါတယ်။ ဧည့်သည်တွေ တအားများလို့ပါ။ ကောင်တာ အခုနှစ်ဆယ်က ဆက်တိုက် ဆောင်ရွက်ပေးနေတာတောင် တစ်နာရီလောက် စောင့်လိုက်ရပါတယ်။ ကျွန်မတို့ကားမှာ ပါလာတဲ့ Guide ရဲ့ပြောပြချက်အရ အဲဒီ First World Hotel မှာ အခန်းပေါင်း ၆ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

Check In လုပ်ပြီးတာနဲ့ အထုပ်အပိုးတွေ အခန်းထဲမှာ ထားပြီး နေ့လယ်စာကို Hotel Cafe မှာပဲ ခပ်သွက်သွက် စားလိုက်ပါတယ်။ ပြီးတာနဲ့ Park သွားဖို့ လက်မှတ်သွားဝယ်ပါတယ်။ လက်မှတ်က Indoor Park နဲ့ Outdoor Park နှစ်မျိုးပေါင်းကို One Day Unlimited Ride Pass ၀ယ်လိုက်ပါတယ်။ Outdoor Park ကနေစပြီး လည်ကြပါတယ်။ ကျွန်မကတော့ တွေ့သမျှ မြင်သမျှ စီးတော့တာပါပဲ။  Outdoor Park ထဲ နှံ့တော့မှ Indoor Park ထဲမှာ ဆက်ပြီး လည်ကြ၊ စီးကြတယ်။ Indoor Park က ကျွန်မတို့ တည်းတဲ့ ဟိုတယ်နဲ့ တစ်ဆက်တည်းအပြင် Shopping Mall နဲ့ ပါတစ်ဆက်တည်းပါ။ ညနေပိုင်းမှာ အခန်းပြန် ခဏနား၊ ရေမိုးချိုးပြီး Indoor Park ထဲမှာ ညပိုင်း နည်းနည်း နောက်ကျတဲ့ အထိ လည်ပတ်ပြီးမှ ညစာကို စားဖြစ်ခဲ့ပါတယ်။ နောက်တစ်နေ့မနက်ပိုင်းမှာ နံနက်စာ စားရင်း Shopping Mall ထဲခဏလည်ပြီး Check out လုပ်ဖို့ ပြင်ဆင်ရပါတယ်။ Kuala Lumpur ကို သွားမယ့်ကားက နေ့လယ် ၁၂နာရီထွက်မှာဆိုတော့ ခပ်စောစာပဲ Check Out လုပ်ပြီး ကားရပ်နားရာ နေရာဆီ ထွက်ခဲ့ကြပါတယ်။

တည်းတဲ့အခန်းကနေ ကားတက်လာတဲ့ လမ်းလေးကို ပြန်မြင်နေရတာ။





ဟောဒါက Outdoor Park ထဲမှာရှိတဲ့ ကစားကွင်းတွေပါ။ စာရေးဆရာ လက်စွမ်းပြထားတဲ့ ပုံတွေပါ။ ဒီပုံလေးကို သူ့သူငယ်ချင်းတွေက သဘောကျ ကြတယ်။


စီးချင်လွန်းလို့ တော်တော်ကြာကြာ တန်းစီလိုက်ရတယ်။ စာရေးဆရာကတော့ ချမ်းချမ်းနဲ့ ဘေးမှာရပ်ပြီး စောင့်ပေးရှာတယ်။




ဒီအမြင့်ကြီးစီးချင်တာ။ မစီးခဲ့ရဘူး။ စာရေးဆရာကပေးမစီးဘူး။ သူ့မိန်းမ အသက်ထွက်သွားမှာ စိုးလို့တဲ့။



ကျွန်မတို့ နှစ်ယောက်သား ဒီပန်းကန်လုံးလေးလည်း စီးခဲ့တယ်။




Outdoor Park ထဲကနေ ကျွန်မတို့တည်းတဲ့ ဟိုတယ်ကို လှမ်းမြင်နေရတာ


ကလေးတွေစီးနေတာလေး သဘောကျလို့။


ငါးလေးတွေ။



သရဲရထားလည်း မစီးခဲ့ဘူး။ ကျွန်မကအရမ်းကြောက်တတ်လို့။


ဟောဒီလှေကြီးကို နှစ်ယောက်သားတက်စီးခဲ့သေးတယ်။




Related Posts Plugin for WordPress, Blogger...