Saturday, February 26, 2011

"မာလာဟင်း"

တရုတ်နှစ်ကူးမတိုင်မီက သူငယ်ချင်းတစ်ယောက်နဲ့ City Hall သွားရင်း မာလာဟင်းအနှစ်နဲ့ မာလာ ခေါက်ဆွဲခြောက် ၀ယ်လာခဲ့ပြီး လွန်ခဲ့တဲ့ ရုံးပိတ်ရက်ကမှ မာလာဟင်းချက်စားဖြစ်ပါတယ်။ မအားတာနဲ့ အခုမှပဲ ဒီပို့စ်လေး တင်ဖြစ်တာပါ။

မာလာဟင်းချက်ဖို့ ကြက်သားကို ရေဆေးပြီး နုပ်နုပ်ဆင်းပါတယ်။ ပြီးတော့ ဆား၊ အချိုမှုန့် နယ်ထား ပါတယ်။ ဒယ်အိုးထဲ ဆီအနည်းငယ် ထည့်ပြီး မီးဖိုပေါ်တင်ပါတယ်။ ဆီပူလာရင် မာလာဟင်းအနှစ်ထုပ် ဖောက်ထည့် ပါတယ်။ မြေပဲဆန်ထောင်းထားတာ ထည့်ပါတယ်။ ခဏနေရင် နုပ်နုပ်စင်းထားတဲ့ ကြက်သားတွေ ထည့်ပြီး လုံးချက်ပါတယ်။ အသားနူးအောင် ရေနွေးအနည်းငယ် ထည့်ပါတယ်။ အသား နူးရင် ဟင်းအနှစ်ရပါပြီ။  မာလာဟင်း အနှစ်ထုပ်မှာပါတဲ့ အစပ်ကပဲ ကျွန်မအတွက် အနေတော်မို့ ငရုတ်သီးထပ်ဖြည့် မထည့်တော့ပါဘူး။ ကျွန်မကတော့ အသီးအရွက်အတွက် ကျောက်ပွင့်၊ ကြွက်နားရွက် မှိုခြောက်၊ ပန်းဂေါ်ဖီအစိမ်း၊ ပြောင်းဖူးအသေး၊ မှို၊ မုန်ညှင်းဖြူ၊ ကိုက်လန်၊ ကြာစွယ်၊ အာလူး စတာတွေကို သုံးပါတယ်။

အာလူးကို အခွံခွာပြီး ပါးပါးလှီးထားပါတယ်။ မာလာခေါက်ဆွဲ၊ ကျောက်ပွင့်နဲ့ ကြွက်နားရွက်မှိုကို ရေစိမ်ထား ပါတယ်။ တခြား အသီးအရွက်တွေကို လှီးဖြတ်ပြီး ရေဆေးထားပါတယ်။ ငုံးဥတွေကို ပြုတ်ပြီး အခွံခွှာထားပါတယ်။ အိုးတစ်လုံးထဲမှာ ရေထည့်ပြီး မီးဖိုပေါ်တင်ပါတယ်။ ရေဆူရင် မာလာခေါက်ဆွဲ ထည့်ပါတယ်။ ပြီးတော့ အသီးအရွက်တွေ တစ်ခုချင်းစီ ထည့်ပြုတ်ပါတယ်။ အနူး ကြာတာတွေကို အရင်ထည့်ပါတယ်။ အားလုံး ပြုတ်ပြီးရင် ဆယ်ပြီး ဇကာနဲ့ ရေစစ်ထားပါတယ်။ ပြီးမှ မာလာခေါက်ဆွဲ၊ အသီးအရွက်တွေနဲ့ ငုံးဥကို ခုနက မာလာဟင်းအနှစ်နဲ့ ချက်ထားတဲ့ ကြက်သားအိုးထဲ ထည့်ပြီး သမအောင် ရောမွှေပါတယ်။ အရသာ အတွက် အချိုမှုန့်နဲ့ ပဲငံပြာရည်ထည့်ပြီး ပြင်ပါတယ်။ အရသာအနေတော်ဖြစ်ရင်တော့ မာလာဟင်းတစ်ခွက် ရပါပြီနော်။

ကျွန်မတတ်သလောက် မှတ်သလောက် ချက်စားတာဆိုတော့ ဆိုင်တွေမှာ ရောင်းသလောက်တော့ ကောင်းမှာ မဟုတ်ပေမယ့် ကျွန်မနဲ့ စာရေးဆရာ အာသာပြေတော့ စားလို့ဖြစ်ပါတယ်ရှင်။

ကျွန်မရဲ့ မာလာဟင်းလေးပါ။





3 comments:

rose said...

ပါရမီဖြည့်ဖက်လေး အခုတလော ပျောက်နေတယ်နော်။ မအားလို့လား။ မာလာပာင်း လာ စားသွားတယ်။ သူများတွေ မာလာပာင်း မာလာပာင်း ဖြစ်နေတာ ကိုယ်တော့ အခုထိ မစားဖူးသေးဘူး။ ပိာပိား)

ချော(အစိမ်းရောင်လွင်ပြင်) said...

မာလာဟင်းလာမြည်းတာ
ကြက်သားလည်းပါတယ်ဆိုတော့ ကောင်းမှကောင်း
အရသာလဲရှိပါ့
ဘယ်နှပွဲစားလိုက်လဲ ကုန်အောင်တီးလိုက်ပြီထင်တယ်း)

Sunny said...

မာလာဟင်းလေး လာစားသွားပါတယ်.. :)

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...