Thursday, February 3, 2011

"၀က်သားကြော်၊ ကင်းမွန်သုပ်နဲ့ အရွက်ကြော်"

ဒီနေ့တော့ လွယ်လွယ်ကူကူနဲ့ ဆီပြန်ဟင်း မဟုတ်တာလေးတွေ ချက်စားဖြစ်ပါတယ်။ ၀က်သားရှိနေ တာနဲ့ ၀က်သားကြော် ကြော်ပါတယ်။ ၀က်သား အသားချည်းသက်သက်ကို ရေစင်စင်ဆေးပြီး အသားလွှာလေး တွေ လွှာပြီး လှီးပါတယ်။ အလွှာကို ခပ်ကြီးကြီးလှီးပါတယ်။ ၀က်သားက ကြော်ရင် ကျုံ့သွားဦးမှာမို့ပါ။ လှီးပြီး ၀က်သားကို ဆား၊ အချိုမှုန့်၊ ငံပြာရည်တို့နဲ့ နယ်နှပ်ထားပါတယ်။ မီးဖိုပေါ် ဒယ်အိုးတင်ပြီး ဆီခပ်များများ ထည့်ပါတယ်။ ဆီပူရင် နှပ်ထားတဲ့ ၀က်သားတွေ ထည့်ကြော်ပါတယ်။ ၀က်သားက ထွက်တဲ့ရေနဲ့ပဲ ကြော်ပါတယ်။ ရေထပ်မထည့်ပါဘူး။ တဖြည်းဖြည်းနဲ့ ၀က်သားတွေ အနီရောင် သမ်းပြီး ကျွတ်သွားရင်တော့ ၀က်သားကြော် ကျွတ်ကျွတ်လေး ရပါပြီ။ တစ်ခါတစ်လေ အစပ် စားချင်ရင် တော့ ငရုတ်သီးလုံးကွဲကို ဆီသပ်ပြီး ၀က်သားနဲ့ ထည့်ရောပါတယ်။ ဒီနေ့တော့ အချိုကြော်လေးပဲ ကြော်လိုက်ပါတယ်။

နောက်ပြီး ကင်းမွန်သုပ် သုပ်ပါတယ်။ ကင်းမွန်ကို အပေါ်ယံက အရေခွံ ခရမ်းရောင်တွေ ခွာပစ်ပါတယ်။ ခေါင်းထဲက မျက်လုံးတွေကို ဓါးနဲ့ခွဲထုတ်ပါတယ်။ ပြီးတော့ ရေနဲ့ စင်စင်ဆေးထားပါတယ်။ မီးဖိုပေါ်မှာ အိုးတစ်လုံးထဲ ရေထည့်တည်ပါတယ်။ ရေဆူရင် ကင်းမွန်တွေထည့်ပြီး ၂မိနစ်လောက် ဆက်တည် ပါတယ်။ ပြီးတော့ ကင်းမွန်တွေကို ဆယ်ပြီး အအေးခံထားပါတယ်။ ကြက်သွန်နီပါးပါးလှီးပြီး ရေစစ်ထားပါတယ်။ ခရမ်းချဉ်သီး အစေ့ထုတ်ပြီး ပါးပါးလှီးထားပါတယ်။ ငရုတ်သီးစိမ်းကို တစ်စောင်း လေးတွေ ခပ်ပါးပါး ညှပ်ထားပါတယ်။ ပန်းကန်တစ်လုံးမှာ ကင်းမွန်ကို အနေတော် ညှပ်ထည့်ပါတယ်။ ကြက်သွန်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း တွေထည့်ပါတယ်။ သံပုရာရည် ညှစ်ထည့်ပါတယ်။ ဆား၊ အချိုမှုန့်၊ ငံပြာရည်နဲ့ ဆီချက်လေး ထည့်ပြီး နှံ့အောင် ရောနယ်သုပ်ပါတယ်။ နံနံပင်လေးထည့်ရင် ပိုစားကောင်းပါတယ်။ ကျွန်မကတော့ ဒီနေ့ စားခါနီး ကမန်းကတန်းနဲ့ သုပ်တာ နံနံပင် ပါမသွားဘူးရှင်။

နောက်ထပ်တစ်မျိုးကတော့ ကိုက်လန်လိုလို၊ မုန်ညှင်းစိမ်းလိုလို အရွက်တစ်မျိုးကို ကြော်စားပါတယ်။ အရွက်ကို အနေတော် လှီးဖြတ်၊ ရေဆေးပြီး ဇကာနဲ့ စစ်ထားပါတယ်။ ကြက်သွန်ဖြူ ဓါးပြားရိုက်ကို ဆီသတ်ပါတယ်။ ကြက်သွန်ဖြူ မွှေးလာရင် အရွက်ထည့်ပါတယ်။ ဆား၊ အချိုမှုန့်နဲ့ ခရုဆီ ထည့်ပါတယ်။ အပေါ့အငံပြင်ပြီး ခပ်စိမ်းစိမ်းလေးမှာ မီးဖိုပေါ်က ချပါတယ်။

ဝက်သားကြော် ကျွတ်ကျွတ်လေး




ကင်းမွန်သုပ်




အရွက်ကြော်


2 comments:

Khin said...

စပိန်မှာတော့ ကင်းမွန်ရဲ့အမည်းရည်တွေကို တကူးတကခပ်ထားပြီးကို ကင်းမွန်ဟင်းထဲထည့်ချက်ရင်ချက်၊ မချက်ရင်ထမင်းထဲထည့်ချက်တယ်။ ဗမာအမြင်နဲ့ဆိုတော့ ဟင်းကအရောင်မလှပဲ မည်းမည်းကြီးပေါ့။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝက်သားကြော်ထက် ကင်းမွန်သုပ်
သွားရေ ရှလွတ်ခနဲကျချင်တယ် ဟိဟိ
ဗိုက်ဆာနေတာ ညနက်သန်းကောင်

ထစားပျင်းလို့ အဆာခံပြီးနေနေတာကို
ခုတော့ မရတော့ဘူး စားချင်လှပြီ

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...