Tuesday, February 22, 2011

"ဘဲသားအာလူး၊ ပဲနီလေးဟင်းချိုနဲ့ သရက်သီးသုပ်"

ဒီနေ့တော့ ဘဲဘက်လှည့်ပါတယ်။ ဘဲသားဟင်း ချက်စားတာကို ပြောတာပါ။ ကြက်သား၊ ၀က်သား ထပ်နေတော့ ဘဲကိုလည်း အလှည့်ပေးရပါသေးတယ်။ ဆိတ်ကတော့ စာရေးဆရာက စားပေမယ့် ကျွန်မက မစားတော့ မချက်ဖြစ်ပါဘူး။ ဒီနေ့တော့ ဘဲသားကို အာလူးနဲ့ ချက်ပါတယ်။

ဘဲသားကို အနေတော်တုံး၊ ရေဆေးပြီး ငံပြာရည်၊ ဂျင်းရည်၊ အချိုမှုန့်၊ မဆလာ တို့နဲ့ နာနာ နယ်ထားပါတယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းပါတယ်။ အာလူးကို အခွံခွာ၊ ရေဆေး၊ လေးစိတ် စိတ်ပြီး ဆားရည်နဲ့ စိမ်ထားပါတယ်။ မီးဖိုပေါ် ဆီအိုးတင်ပါတယ်။ ဆီပူရင် ဇီယာ၊ ကရဝေးရွက်နဲ့ သစ်ဂျပိုးခေါက်တို့ကို ထည့် ဆီသတ်ပါတယ်။ ခဏနေမှ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းထားတာတွေပါ ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်ကျွပ်ပြီး မွှေးလာရင် ဘဲသားထည့်လုံးပါတယ်။ ငံပြာရည်၊ အချိုမှုန့် အနည်းငယ်စီ ထည့်လုံးပါတယ်။ ဘဲသားက ထွက်တဲ့ရေခန်းပြီး ဆီပြန်လာရင် ရေနွေးဆူဆူ ထည့်ပြီး တည်ပါတယ်။ ဘဲသားက အသားနူးဖို့ ကြာပါတယ်။ မနူးသေးရင် ရေဆူဆူပဲ ထပ်ဖြည့်ထည့်ပြီး တည်ပါတယ်။ ဘဲသားနူးခါနီးရင် ဆားရည် စိမ်ထားတဲ့ အာလူးတွေ ထည့်ပါတယ်။ အာလူးနူးတဲ့အထိ ဆက်တည်ပါတယ်။ ဘဲသားရော၊ အာလူးပါ နူးပြီဆိုရင်တော့ ဘဲသားနဲ့ အာလူးဟင်းလေးရပါပြီနော်။

ကျွန်မက ဘဲသားဟင်းနဲ့ တွဲဖက်စားဖို့ သရက်သီးသုပ် သုပ်မယ်ပြောတော့၊ စာရေးဆရာက သရက်သီးသုပ်နဲ့ ပဲကြီးဟင်းချိုလေးဆို သိပ်စားကောင်းမှာပဲတဲ့။ သူစားချင်တာလေး ချက်ကျွေးချင် ပေမယ့် ပဲကြီးက ၀ယ်ထားတာ အဆင်သင့် မရှိပါဘူး။ ဒီတော့ ပဲနီလေး ဟင်းချိုလေး ချက်ပေးမယ်နော် ဆိုပြီး အရည်သောက်အဖြစ် ပဲနီလေး ဟင်းချိုချက်ပါတယ်။ ပဲနီလေးကို ရေဆေး၊ သန့်စင်ပြီး ပန်းကန်တစ်လုံးထဲမှာ ရေစိမ်ထားပါတယ်။ မီးဖိုပေါ် အိုးတင်ပြီး ဆီအနည်းငယ်ထည့်ပါတယ်။ ဆီပူရင် ဆနွင်းအနည်းငယ် ထည့်ပါတယ်။ ပြီးမှ ဂျင်းဒါးပြားရိုက်ထားတာနဲ့ ကြက်သွန်နီ ပါးပါးလှီးထားတာကို ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်မွှေးလာရင် ရေစိမ်ထားလို့ ပွနေပြီဖြစ်တဲ့ ပဲနီလေးတွေ ထည့်ပါတယ်။ ဆား၊ အချိုမှုန့် ထည့်လုံးပါတယ်။ ဆီပြန်လာရင် ရေနွေးလိုသလောက် ထည့်တည် ပါတယ်။ ပဲဟင်းရည် ကျပြီး အရသာ အနေတော်ဖြစ်သည်အထိ တည်ပေးပါတယ်။ ဟင်းရည်အရသာ အနေတော်ဖြစ်ရင်တော့ ပဲဟင်းချိုလေး ရပါပြီ။

သရက်သီးသုပ်ကိုတော့ စားခါနီးမှ သုပ်စားပါတယ်။ အရင်တစ်ခါ သုပ်စားတုန်းက ၀ယ်ခဲ့တဲ့ Wet Market ထဲက မလေးမ ဆိုင်ကပဲ ၀ယ်ခဲ့တာပါ။ ဒီတစ်ခါ ပိုဆိုးပါတယ်။ သရက်သီးက မချဉ် သလောက်ပါပဲ။ သရက်သီးသုပ် သုပ်နည်းကတော့ အရင်တစ်ခါက ဒီမှာ ရေးဖူးလို့ ထပ်မရေး တော့ဘူးနော်။

ဘဲသားနဲ့ အာလူးဟင်း




 ပဲနီလေးဟင်းချိုပူပူလေး


မချဉ်သော သရက်သီးသုပ်


4 comments:

ငွေစန္ဒာ said...

ပဲဟင်းချိုလေးနဲ့သရက်သီးသုပ်လေးစားသွားတယ်။
ဘဲသားတော့ကြိုက်ဘူးကွယ်။အစစအရာရာအဆင်
ပြေပါစေနော်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဗိုက်ဆာနေချိန် လာဖတ်မိပြန်ပြီ
တံတွေးတောင် မြိုချမိတယ်
တကယ်ပြောတာ
သရက်သီးသုပ်နဲ့ ပဲနီလေးဆို သိပ်လိုက်မှာဘဲ
စားချင်တယ် စားချင်တယ်

စန္ဒကူး said...

ဟင်းအမယ်လိုက်ဖက်တယ်ဝေ့...
တို့လဲဝင်စားသွားတယ်..

မြူးမြူး said...

သရက်သီးသုပ်က မချဉ်ရင် သံပုရာသီးညှစ်စားနေကျလေ.. လိုက်လုပ်ကြည့်ပါလား.. ဟိ

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...