Sunday, February 20, 2011

"ကြာဇံချက်နဲ့ ရှောက်သီးသုပ်"

အခုရက်ပိုင်းအတွင်း စာရေးဆရာကလည်း နေသိပ်မကောင်းဘူး။ ခံတွင်းပျက်နေတယ်။ စားသမျှ အရသာမရှိသလို ဖြစ်နေတာပေါ့လေ။ ဒီတော့ ကျွန်မလည်း ကြာဇံချက်နဲ့ ရှောက်သီးသုပ် စားမလားလို့ စကားခေါ်ကြည့်ပါတယ်။ တကယ်က ခံတွင်းမပျက်တဲ့ ကျွန်မက စားချင်တာပါ။ စာရေးဆရာကလည်း ချက်လေ၊ စားတာပေါ့တဲ့။ တကယ်တော့ စာရေးဆရာက နေကောင်းနေတဲ့အချိန်ဆို ဒါမျိုးတွေကို စားတာမဟုတ်ဘူး။ သူက ထမင်းနဲ့ ဟင်းကို ပိုပြီး ခုံမင်တယ်လေ။ အခုတော့ သူလည်း ခံတွင်း ပျက်နေတဲ့ အချိန်မို့ ထမင်းဟင်းတွေထက် ပူတာ၊ စပ်တာလေး စားချင်တယ်ထင်တယ်။ ဒီတော့ ကျွန်မလည်း ဟင်းမချက်တော့ဘဲ ကြာဇံချက်နဲ့ ရှောက်သီးသုပ် လုပ်ဖို့ ပြင်ဆင်ပါတယ်။

ပဲကြာဇံ၊ မှိုခြောက်၊ ပန်းခြောက် တွေကို ရေစိမ်ထားလိုက်ပါတယ်။ ကြက်သွန်နီ ခပ်ကြီးကြီး သုံးလေးဥကို လေးစိတ် စိတ်ထားပါတယ်။ ငုံးဥကို ပြုတ်ပြီး အခွံနွှာထားပါတယ်။ ရေစိမ်ထားတဲ့ ပန်းခြောက်တွေ ပွလာရင် အလယ်က ၀တ်ဆံလေးတွေ ထုတ်ပြီး အထုံးလေးတွေ ထုံးထားပါတယ်။ ကြက်သားကို ရေစင်အောင်ဆေးပြီး အသားသက်သက်၊ အရိုးသက်သက်ဖြစ်အောင် ခွဲထုတ်ပါတယ်။ အရိုးတွေကို ဆား၊ အချိုမှုန့်၊ ငံပြာရည် ၊ ဂျင်းရည် တို့နဲ့ နယ်ပြီး အိုးတစ်လုံးမှာ ရေများများနဲ့ ထည့်ပြုတ်ထားပါတယ်။ အသားတွေကို ခပ်သေးသေး အတုံးလေးတွေ တုံးပြီး ဆား၊ အချိုမှုန့်၊ ငံပြာရည် နယ်ထားပါတယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းပါတယ်။ ဒယ်အိုးထဲမှာ ဆီထည့်၊ ဆီပူရင် ထောင်းထားတာတွေနဲ့ ငရုတ်သီးအစိမ်းမှုန့် ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်မွှေးလာရင် ကြက်သားတုံးလေးတွေ ထည့်လုံးပါတယ်။ ကြက်သားကထွက်တဲ့ရေကုန်ပြီး ဆီပြန်ရင် လေးစိတ် စိတ်ထားတဲ့ ကြက်သွန်တွေထည့်ပါတယ်။ မှိုခြောက်နဲ့ ပန်းခြောက်ထည့် လုံးပါတယ်။ ဆား၊ ငံပြာရည်၊ အချိုမှုန့် ထည့်ပါတယ်။ ခဏလုံးပြီးရင် ကြာဇံတွေပါ ထည့်လုံးပါတယ်။ ငရုတ်ကောင်းစေ့ ထောင်းထားတာလေး ထည့်ပါတယ်။ ရေခန်းလို့ ဆီပြန်ရင် ဆီသတ်ထားတာတွေ အားလုံးကို ကြက်ပြုတ်ရည်အိုးထဲ လောင်းထည့်လိုက်ပါတယ်။ အရည်အတွက် ရေနွေးဆူဆူ လိုသလောက် ထပ်ဖြည့်ထည့်ပါတယ်။ ဟင်းရည်ကျအောင် တည်ပေးပါတယ်။ ဟင်းရည်ဆူရင် ငုံးဥလေးတွေ ထည့်ပြီး အပေါ့အငံ လိုသလို ပြင်ပါတယ်။ ဒါဆို ကြာဇံချက်ပူပူလေး ရပါပြီ။

ကြာဇံချက်ပွဲပြင်ပြီးရင် ထည့်စားဖို့ သံပုရာသီးကို အစိတ်လေးတွေ စိတ်ထားပါတယ်။ ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါတယ်။ နံနံပင် ရေဆေးပြီး လှီးဖြတ်ထားပါတယ်။

ရှောက်သီးသုပ် အတွက်ကတော့ ထုံးစံအတိုင်း ရှောက်သီးမရလို့ သံပုယိုသီးနဲ့ပဲ သုပ်ရပါတယ်။ ရှောက်သီးသုပ် ကိုတော့ အရင်တစ်ခါတုန်းက ဒီမှာ ရေးဖူးပါတယ်။

ကြာဇံချက်ပူပူလေး အားပေးသွားကြပါဦး။


ကြာဇံချက်ထဲ ထည့်စားဖို့


တစ်ပွဲနဲ့ မ၀သူများအတွက် ဟောဒီမှာ လိုက်ပွဲ


ရှောက်သီးသုပ်(ခေါ်)သံပုယိုသီးသုပ်


6 comments:

မြူးမြူး said...

မနက်စောစောစီးစီးလာကြည့်မိတာ မှားပြီထင်တယ်.. စားချင်လိုက်တာနော်.. ညီမရေ.. အလုပ်အကြောင်းပြောချင်လို့.. myuemyue@gmail.com ကို gtalk မှာ add လိုက်ပါလား.. :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြာဇံချက်လေး လာမြည်းတာ
ရှောက်သီးသုပ်နဲ့ လိုက်မှလိုက်နော်
ချဉ်ချဉ်စပ်စပ်စားချင်တာ
ခုတော့ ပုံလေးကြည့်ပြီး အ၀စားသွားတယ်နော်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြာဇံချက် လာမြည်းတယ်နော်
စားချင်စရာလေးမို့ အ၀စားသွားတယ်
ရှောက်သီးသုပ်ရောဘဲ ချဉ်ချဉ်စပ်စပ်လေး

ငွေစန္ဒာ said...

ညီမရေကြာဇံချက်လေးလာစားသွားတယ်နော်။

Unknown said...

အမကြီးက ကြာဇံ လဲ ချက် တတ် တယ် နော့။

Mon Petit Avatar said...

It seems very delicious!!!

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...