Tuesday, February 8, 2011

"ကြော်ချင်တိုင်းကြော်"

ဘူးသီးကြော် စားချင်နေတာ တော်တော်ကြာပါပြီ။ တရုတ်နှစ်ကူး မတိုင်မီ ဈေးသွားတုန်းက နှစ်ကူး ရက်မှာ ဈေးပိတ်မှာဆိုတော့ အလုအယက် ၀ယ်ကြတာနဲ့ ဘူးသီးကို ရှာလို့တောင် မရဘူး။ တနင်္ဂနွေနေ့ ဈေးသွား တော့မှ ဘူးသီးလေးတွေ တွေ့တာနဲ့ ခပ်သေးသေး တစ်လုံးဝယ်ခဲ့တယ်။ စာရေးဆရာက အကြော် မကြိုက်တဲ့လူ ဆိုတော့ ကျွန်မတစ်ယောက်တည်း စားရမှာလေ။ 

ဘူးသီးကြော် ကြော်ဖို့ ယိုးဒယားမယ် အကြော်မှုန့်ကို သုံးပါတယ်။ အကြော်မှုန့်ကို ရေနဲ့ ခပ်ပျစ်ပျစ် ဖျော်ထား ပါတယ်။ ဘူးသီးကို ထက်ခြမ်းခြမ်းပြီး ရေဆေးတယ်။ ပြီးတော့ အခွံမခွာဘဲ အချောင်းလိုက် လေးတွေ လှီးပါတယ်။ ပြီးတော့ ဘူးသီးလေးတွေကို မုန့်နှစ်မှာ စိမ်ထားပါတယ်။ မီးဖိုပေါ်ဒယ်အိုးတင်ပြီး ဆီများများ ထည့်ပါတယ်။ ဆီပူပြီး အငွေ့ထွက်လာမှ မီးနည်းနည်း လျှော့ပြီး မုန့်နှစ် စိမ်ထားတဲ့ ဘူးသီးလေးတွေ ထည့်ကြော်ပါတယ်။ အကြော်ရရင် ဇကာနဲ့ ဆီစစ်ပါတယ်။ ပြီးမှ ပန်းကန်ပြားထဲ ပြောင်းထည့်ပါတယ်။ အဲဒါဆို ဘူးသီးကြော် ရပါပြီ။

ဘူးသီးကြော် ကြော်ရုံနဲ့ အားမရသေးပါဘူး။ ငုံးဥလေးတွေ ရှိနေတာနဲ့ ငုံးဥကို ပြုတ်၊ မုန့်နှစ်လူးပြီ ငုံးဥကြော် ကြော်ပါတယ်။

အချဉ်အတွက် မန်ကျည်းသီးနဲ့ ထန်းလျက်ကို ရောကျိုပါတယ်။ ပွက်ပွက်ဆူရင် ဆား၊ အချိုမှုန့် ထည့်ပါတယ်။ ငရုတ်ဆီ ထည့်ပြီး ဆက်ကျိုပါတယ်။ အရသာ အနေတော်တို ပန်းကန်းလုံးထဲထည့် အအေးခံထားပါတယ်။ ဘူးသီးကြော်ကို ပါးပါးလှီး၊ ကြက်သွန်စိမ်းပါးပါးလှီးထည့်၊ ဆလတ်ရွက်ထည့်ပြီး အချဉ်ရည်နဲ့ သုပ်စားချင်တာ ပါ။ ဒါပေမဲ့ သုပ်စားတဲ့ဆီ မရောက်လိုက်ပါဘူး။ ကြော်ပြီးတာနဲ့ အချဉ်နဲ့ တို့စားလိုက်တာ ကုန်ပါရောလေ။ ကျွန်မတစ်ယောက်တည်း မထင်နဲ့နော်။ အကြော် မကြိုက်တဲ့ စာရေးဆရာက ထူးထူးဆန်းဆန်း ၀င်အားပေး လို့ပါ။

ဘူးသီးကြော်

 


 ငုံးဥကြော်


အချဉ်ရည်

တနင်္ဂနွေနေ့က အကြော်ဇာတ်လမ်းက မပြတ်သေးပါဘူး။ မနေ့က ဘာဟင်းချက်ရမလဲ စဉ်းစားတော့ ပုဇွန် ရှိတယ်။ ဒီတော့ ဟင်းချက်မစားချင်တာနဲ့ ကြော်ပြန်ပါလေရော။ ပုဇွန်ကြော်တော့ မဟုတ်ပါဘူး။ ကျောက်မြောင်းထဲက ပုဇွန်ခွက်ကြော်ဆိုင် အလွမ်းပြေပေါ့။ ပုဇွန်ခွက်ကြော် ကြော်ပါတယ်။ 

ပုဇွန်ကို ခေါင်းဖြတ် (အခွံမခွာပါ) ပြီး ရေဆေး၊ ဆား၊ အချိုမှုန့်၊ ဆနွင်းနဲ့ နယ်ထားပါတယ်။ ပဲပင်ပေါက်ကို ရေဆေးပြီး ဇကာနဲ့ စစ်ထားပါတယ်။ ယိုးဒယားမယ် အကြော်မှုန့် ကို ရေအေးနဲ့ ဖျော်ထားတယ်။ ဒယ်အိုးထဲကို ဆီများများထည့်ပြီး မီးဖိုပေါ်တင်ပါတယ်။ ပန်းကန်းပြားလေး တစ်လုံးမှာ မုန့်နှစ်နဲ့ ပဲပင်ပေါက်ကို ရေနယ်ပါတယ်။ ပုဇွန်နှစ်ကောင် ထည့်ပါတယ်။ ဆီပူလာရင် ပန်းကန်ပြားလေးထဲက မုန့်နှစ်နဲ့ နယ်ထားတဲ့ ပဲပင်ပေါက်နဲ့ ပုဇွန်တွေကို ဒယ်အိုးထဲ လျှောထည့်ပါတယ်။ နီလာရင် ဟိုဘက်၊ ဒီဘက် လှန်ပေးပါတယ်။ အကြော်ရရင် ဆယ်ပြီး ဇကာနဲ့ စစ်ထားပါတယ်။ ပြီးမှ ပန်းကန်ပြားထဲ ပြောင်းထည့် ပါတယ်။ ပြီးတော့ ပြောင်းဖူးလည်း ရှိနေတာနဲ့ အစေ့ချွေပြီး မုန့်နှစ်နဲ့ နယ်ပြီး ပြောင်းဖူးကြော်လေးပါ ကြော်ပါတယ်။ နောက်ဆုံး မုန့်နှစ် ဖျော်ပြီးသားလေး နည်းနည်း ကျန်နေတာနဲ့ ကြက်သွန်လှီးပြီး လက်ကျန် မုန့်နှစ်နဲ့ လူးပြီး ကြက်သွန်ကြော်လေးပါ ကြော်ပါတယ်။

ပုဇွန်ခွက်ကြော်ကို ကပ်ကြေးနဲ့ ကိုက်ဖြတ်ပြီး အချဉ်ရည်၊ ငံပြာရည်၊ အချိုမှုန့်နဲ့ ရောနယ်ပြီး သုပ်ပါတယ်။ သခွားသီး မရှိလို့ မထည့်လိုက်ရတော့ဘူး။ ညစာကို ပုဇွန်ခွက်ကြော်သုပ်နဲ့ စားကြ ပါတယ်။

ပုဇွန်ခွက်ကြော်




ပြောင်းဖူးကြော်၊ ကြက်သွန်ကြော်


ပုဇွန်ခွက်ကြော်သုပ်


4 comments:

ငွေစန္ဒာ said...

ညီမရေအကြော်စုံလာစားသွားတယ်နော်။
စိတ်ထဲမှာအကြော်စားချင်နေတာ နီးရင်တကယ်လာစားတယ်ကွယ်။

Baby taster said...

အို့အို ဒီနှစ်ယောက်ထဲ အဲ့လောက်များတဲ့
အကြော်တွေ အကုန်စားတယ်ဟုတ်လား?
ဟီဟီ ဒါဆိုရင်တော့ ထမင်းစားဖိတ်ရဲတော့ဖူးကွယ် :P

rose said...

ပါရမီဖြည့်ဖက်လေးရဲ့ အကြော်စုံလေး လာစားသွားတယ်နော်။ ရို့စ်လည်း မနက်ဖြန်ကျ အဲ့ဒီလိုလေး ကြော်စားဦးမယ်း)

မြူးမြူး said...

ပုဇွန်ခွက်ကြော်သုပ်အရမ်းကြိုက်တာ.. စားချင်လိုက်တာနော်.. အိမ်အလည်လာလို့ရမလား..း)

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...