Friday, February 4, 2011

"တရုတ်နှစ်ကူးပိတ်ရက်အလည်အပတ်"

ဘုံကျောင်းထဲဝင်ဖို့ ဘေးနှစ်ဖက်ကနေ တန်းစီနေကြတဲ့လူတွေပါ

စာရေးဆရာက ကြာသပတေးနေ့ကစပြီး တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်နဲ့ ပုံမှန်ရုံးပိတ်ရက် ပေါင်းပြီး ရုံးပိတ်ရက် လေးရက် ရပါတယ်။ ဒီတော့ မနေ့က ကျွန်မနဲ့ စာရေးဆရာ Bugis MRT နားက Waterloo Street မှာရှိတဲ့ Kwan Im Thong Hood Cho Temple ကို ၀တ်ပြုဆုတောင်းဖို့ သွားပါတယ်။ အဲဒီ ကွမ်ရင်မယ်တော်ဘုံကျောင်းက တော်တော်လေး နာမည်ကြီးပါတယ်။ ဘုံကျောင်းထဲမှာ ဗုဒ္ဓမြတ်စွာ ဘုရား ဆင်းတုတော် နဲ့အတူ ကွမ်ရင်မယ်တော် ဆင်းတုလည်း ရှိပါတယ်။ 

အဲဒီ ကွမ်ရင်မယ်တော် ဘုံကျောင်းနဲ့ ပတ်သက်ပြီး ကျွန်မလေ့လာ ဖတ်ရှုဖူးတာကတော့ ဒီဘုံကျောင်း ဟာ ၁၈၈၄ ခုနှစ် ကတည်းက တည်ရှိတာ ဖြစ်ပြီး ၁၈၉၅ ခုနှစ်မှာ ပြန်လည်မွမ်းမံ တည်ဆောက်ခဲ့တယ် လို့ သိရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ တုန်းက အဲဒီဘုံကျောင်း တည်ရှိရာ ပတ်ဝန်းကျင်က အဆောက်အဦတွေ အားလုံး ပျက်စီးခဲ့ရပေမယ့် ဒီဘုံကျောင်းကတော့ မပျက်စီးဘဲ ကျန်ခဲ့ပါတယ်တဲ့။ ဒါကြောင့် နာမကျန်းသူတွေ၊ ဒုက္ခသည်တွေနဲ့ အိုးမဲ့အိမ်မဲ့တွေအတွက် ဒီဘုံကျောင်းဟာ ခိုကိုးရာ၊ အားကိုးရာ ဖြစ်ခဲ့ပါတယ်တဲ့။ ဒီဘုံကျောင်းဟာ အင်မတန် ဆုတောင်း ပြည့်ပါတယ်တဲ့။ ဒီဘုံကျောင်းမှာ ၀တ်ပြု ဆုတောင်းပြီး နောက်မှာ ကံကောင်းခြင်းတွေ ရရှိစေပါတယ်တဲ့။ စာချရမှာလည်း အဲဒီ အဲဒီဘုံကျောင်းမှာ စာချတာဟာ အင်မတန်မှ မှန်ကန်တယ်တဲ့ရှင်။ ဒါ့အပြင် တရုတ်နှစ်သစ်ကူး အချိန်ကာလ၊ နှစ်ဆန်း (၁)ရက်နေ့နဲ့ နှစ်ဆန်း(၁၅)ရက်မြောက်နေ့ တို့မှာ ဆုတောင်းရင် ပိုပြီး ဆုတောင်း ပြည့်တယ်တဲ့ရှင်။ 


ဘေးဘက်ကနေတန်းစီနေကြတာ

ဒီတော့ မနေ့က တရုတ်နှစ်သစ်ကူး နှစ်ဆန်း(၁)ရက်နေ့ ဖြစ်တာကြောင့် ကျွန်မတို့ ဇနီးမောင်နှံ ဘုရားဖူး၊ မယ်တော်လည်း ၀တ်ပြု ဆုတောင်းရအောင် နှစ်ယောက်သား ကွမ်ရင်မယ်တော် ဘုံကျောင်းကို ချီတက် သွားပါတယ်။ ဒါပေမယ့် ဘုံကျောင်းရှေ့နားတောင် ကပ်လို့မရပါဘူး။ များပြားလိုက်တဲ့ လူတွေဆိုတာ နေပူထဲမှာ အမွှေးတိုင်တွေကိုင်ပြီး တန်းစီ စောင့်နေကြတာ၊ တန်းကလည်း အရှည်ကြီး။ ကျွန်မနဲ့ စာရေးဆရာကတော့ တခြားခရီးဆက်စရာ ရှိသေးတာနဲ့ ဘုံကျောင်းထဲဝင်ဖို့ တန်းမစီနိုင်တော့ ပါဘူး။ ဒါကြောင့် ကျွန်မကတော့ ဘုံကျောင်းအပြင် လမ်းမပေါ်ကနေဘဲ လှမ်းပြီး စိတ်မှန်းနဲ့ ၀တ်ပြု ဆုတောင်း လိုက်ရပါတယ်။ အေးအေးဆေးဆေး ရုံးပိတ်ရက် တစ်ရက်မှပဲ နှစ်ယောက်သား ထပ်သွားဖို့ ဆုံးဖြတ်လိုက် ပါတယ်။

Golden Mile က လေးမျက်နှာဘုရား

အဲဒီနောက် ကျွန်မနဲ့ စာရေးဆရာတို့ Beach Road က Golden Mile Complex မှာ ရှိတဲ့ ယိုးဒယားဈေးကို သွားကြပါတယ်။ ကျွန်မတို့ မြန်မာတွေ Peninsula Plaza မှာမြန်မာဆိုင်တွေ ဖွင့်ကြ၊ အားလပ်ရက်မှာ ဈေးဝယ်ကြ၊ စားကြ သောက်ကြသလိုပဲ၊ Golden Mile မှာလည်း ယိုးဒယားဆိုင်တွေ အများအပြားရှိသလို အစားလာစားကြ၊ ဈေးလာဝယ်ကြတဲ့ ယိုးဒယားတွေ အများအပြားပါပဲ။ စာရေးဆရာကတော့ ပြောပါတယ်။ အဲဒီမှာက ကျွန်မတို့ Peninsula Plaza မှာထက် ဘီယာဆိုင်၊ အရက်ဆိုင်၊ ကာရာအိုကေဆိုင်တွေ ပိုများတယ်၊ လူရှုပ်လို့ သဘောမကျပါဘူးတဲ့။ အဲဒီ Golden Mile Complex ရဲ့ အရှေ့မှာတော့ ယိုးဒယား လေးမျက်နှာ ဘုရား ရှိပါတယ်။ ကျွန်မနဲ့ စာရေးဆရာလည်း လေးမျက်နှာဘုရားမှာ ၀တ်ပြု ဆုတောင်းဖြစ်ခဲ့ပါတယ်။ အဲဒီ လေးမျက်နှာဘုရား ကလည်း ဆုတောင်း ပြည့်တယ်လို့ ပြောကြပါတယ်။ ဘုရားဆင်းတုတော်ရဲ့ လေးဘက် လေးမျက်နှာကနေ လေးကြိမ် ၀တ်ပြုရပါတယ်။ ဘုရားဝတ်ပြုပြီးနောက် ကျွန်မနဲ့ စာရေးဆရာလည်း ယိုးဒယား စုပါမားကက်ထဲ ၀င်ပြီး ဈေးဝယ်ကြပါတယ်။ ကျွန်မကြိုက်တဲ့ ယိုးဒယား ခေါက်ဆွဲထုပ်၊ ကြာဇံထုပ် တွေနဲ့ တခြား တိုလီမိုလီ လေးတွေ ၀ယ်ပါတယ်။ အိမ်နားက ဆိုင်တွေမှာက တရုတ် ခေါက်ဆွဲထုပ်တွေပဲ ရှိတာများတယ်။ အဲဒီခေါက်ဆွဲတွေက ခပ်ချိုချိုတွေ ဆိုတော့ ကျွန်မလို ချဉ်၊စပ် ကြိုက်သူနဲ့ မကိုက်ဘူးရှင့်။ ဈေးဝယ်ပြီးတော့ နှစ်ယောက်သား ယိုးဒယားဈေးရောက်မှ စားလို့ရတဲ့ ကွေ့သယို စားကြပါတယ်။ စာရေးဆရာကတော့ သိပ်ကြိုက်လှတာ မဟုတ်ပါဘူး။ ကျွန်မစားချင်တော့ သူလည်း လိုက်စားရတာ ပေါ့လေ။ ကျွန်မကတော့ ကြိုက်လည်းကြိုက်၊ Golden Mile ရောက်မှလည်း စားရတာမို့ နှစ်ပွဲအုပ်လိုက်ပါတယ်။ သင်္ဘောသီးထောင်းလေးပါ တွဲစားလိုက်သေးတယ်။ အဲဒီနောက်တော့ နှစ်ယောက်သား အိမ်ပြန်ခဲ့ကြပါတော့တယ်ရှင်။


ပါရမီဖြည့်ဖက်လေး
၂၁း၄၅ နာရီ
၎.၂.၂၀၁၁

3 comments:

rose said...

စာရေးဆရာနဲ့ အတူ လျှောက်လည်ခဲ့တော့ အတော် ပျော်ခဲ့မှာပဲနော်။ကွေ့သယိုနဲ့ သင်္ဘောသီးထောင်း ပုံလေး ဓာတ်ပုံ ရိုက်လိုက်တာ မပာုတ်ဘူး... ပါရမီဖြည့်ဖက်လေးရယ်... ဘလော့ဂ် အလည်လာတဲ့သူတွေ ငမ်းလို့ ရတာပေါ့ ခစ် ခစ်း)

Baby taster said...

ခုတလော အလုပ်တွေနဲ့ရှူပ်နေလို့
သိတ်မရောက်ဖြစ်ဘူး ညီမလေးရေ
၂ယောက်သား ပျော်ပါးနေတယ်ပေါ့း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျော်နေတယ်ပေါ့
၂ယောက်တည်းသွားရလို့ အားကျလိုက်တာနော်း)
ဒီရက်ပိုင်း အလုပ်တွေများလို့ စိတ်မကောင်းမဖြစ်နဲ့နော်..
နောက်မှ အတိုးချပြီး လာစားမယ်

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...