Tuesday, February 1, 2011

"အုန်းထမင်း၊ ကြက်သားဟင်းနဲ့ သရက်ချဉ်သုပ်"

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ရုံးပိတ်ရက်မှာ စာရေးဆရာက အုန်းထမင်းစားချင်တယ် ဆိုတာနဲ့ အုန်းထမင်းနဲ့ ကြက်သား ချက်စားဖြစ်ပါတယ်။ ကျွန်မကလည်း အုန်းထမင်းဆို သိပ်ကြိုက်ပေါ့။

အုန်းထမင်းချက်ဖို့ ဆန်နို့ဆီဘူး နှစ်ဘူးကို ရေဆေးပြီး ဇကာနဲ့ ရေစစ်ထားပါတယ်။ ကြက်သွန်နီ ဥကြီး နှစ်ဥကို လေးစိတ် စိတ်ပါတယ်။ ဒယ်အိုးထဲမှာ ဆီထည့်၊ ဆီပူရင် ကြက်သွန်နီ လေးစိတ် စိတ်ထားတာ ထည့်မွှေ ပါတယ်။ အုန်းနို့ 400 gram ထည့်ပါတယ်။ သကြား စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်ပြီး ရေစစ်ထားတဲ့ ဆန်ထည့် ပါတယ်။ အားလုံး သမအောင် ခဏမွှေပေး ပါတယ်။ ပြီးရင် ထမင်းပေါင်းအိုးထဲကို ကြက်သွန်နီ၊ အုန်းနို့တို့နဲ့ ရောပြီးဆီသတ်ထားတဲ့ ဆန်တွေ ထည့်ပါတယ်။ ရေနို့ဆီဘူး သုံးဘူး ထည့်မွှေ ပါတယ်။ ပေါင်းအိုးမီး ဖွင့်ပြီး တည်ထားလိုက် ပါတယ်။ 

ကြက်သားကို ဂျင်းရည် (ဂျင်းကို ညက်ညက်ထောင်းပြီး အရည်ညှစ်ထည့်ပါတယ်)၊ အချိုမှုန့်၊ ငံပြာရည် တို့နဲ့ နယ်ထားပါတယ်။ ကြက်သွန်ဖြူနီ ထောင်းပါတယ်။ ဒယ်အိုးထဲမှာ ဆီထည့်၊ ထောင်းထားတာတွေ ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ရင် ကြက်သားထည့်လုံးပါတယ်။ ကြက်သားထဲက ထွက်တဲ့ ရေခန်းပြီး ဆီပြန်လာရင် ရေနွေးထပ်ဖြည့်ထည့်ပြီး အသားနူးအောင် တည်ပါတယ်။ အသားလည်းနူး၊ ဆီလည်းပြန်ရင် အပေါ့အငံ ပြင်ပြီး ဟင်းအိုးချပါတယ်။ ဒါဆို အုန်းထမင်းနဲ့ စားဖို့ ကြက်သားဟင်းရပါပြီ။

ကြက်သားဟင်း ရပြီဆိုမှ အအီပြေ သရက်ချဉ်လေး သုပ်ပါတယ်။ ကြက်သွန်နီ ပါးပါးလှီးပြီး ရေစင်စင် ဆေး၊ ရေစစ်ထားပါတယ်။ ကြက်သွန်နီ ဆီချက် ချက်ပါတယ်။ သရက်ချဉ်၊ ကြက်သွန်နီ ပါးပါးလှီး၊ ပဲမှုန့်၊ ပုဇွန်ခြောက်မှုန့်၊ ငံပြာရည်၊ အချိုမှုန့်၊ ငရုတ်သီးစိမ်း ပါးပါးလှီး၊ နှမ်း၊ ဆီချက် ထည့်ပြီး နှံ့အောင် ရောနယ်သုပ်ပါတယ်။ အရသာ အနေတော် ရအောင် ပြင်ပါတယ်။ ပြီးရင် အသုပ်ပေါ်က ကြက်သွန်နီ ဆီချက်ဖတ်လေး အုပ်ပါတယ်။ ဒါဆို အုန်းထမင်းနဲ့ စားဖို့ အအီပြေ သရက်ချဉ်သုပ်လေး အဆင်သင့် ဖြစ်သွားပါပြီ။

အုန်းထမင်း၊ ကြက်သားဟင်း၊ သရက်ချဉ်သုပ် စုံစုံလင်လင်လေးနဲ့ စားလို့ကောင်းတယ်ရှင့်။ စာရေးဆရာက ပြောပါသေးတယ်။ ချဉ်ပေါင်ဟင်းချို လိုနေသေးတယ်တဲ့။

အုန်းထမင်း



 

ကြက်သားဟင်း




အအီပြေ သရက်ချဉ်သုပ်လေး

8 comments:

ငွေစန္ဒာ said...

အုန်းထမင်း၊ ကြက်သားဟင်းနဲ့ သရက်ချဉ်သုပ်
လာစားသွားတယ်ညီမရေ

Baby taster said...

သရက်ချဉ်သုပ်လေး စားသွားတယ်နော်

Unknown said...

san ka new so yin bel lo lote ya ma lae hin.? thu ka pone mhan so yin yay 1 lone short htet ya lo.

ချော(အစိမ်းရောင်လွင်ပြင်) said...

အုန်းထမင်းကြက်သားဟင်းကြည့်ပြီး ဗိုက်ဆာလိုက်တာ
တော်ပြီ ထမင်းအမြန်ချက်မှ
ခုထိ မနက်စာ မစားသေးဘဲ ဘလော့လည်နေတာ
မရတော့ဘူး ဒီထမင်းနဲ့ ဒီဟင်းတွေ့တော့ ဗိုက်ဆာတာ ထိန်းမရတော့ဘူး
သွားပြီ ထမင်းသွားချက်တော့မယ် တာ့တာ

rose said...

ပာင်း အတွဲအဖက်လေးက လိုက်တယ် ပါရမီဖြည့်ဖက်လေးရေ.... အုန်းထမင်း၊ ကြက်သားပာင်းနဲ့ သရက်ချဉ်သုပ်လေး စားသွားတယ်နော်။

ပါရမီဖြည့်ဖက်လေး said...

သော်ရေ - ကျွန်မချက်တဲ့ဆန်က ပုံမှန်ထမင်းဖြူချက်လည်း ဆန်နှစ်ဗူးကို ရေသုံးဗူးထည့်ရတာပါ။ အုန်းထမင်းချက်တော့လည်း ပုံမှန်အတိုင်းပဲ ထည့်ချက်ပါတယ်။ အုန်းနို့ကို ဆန်နဲ့ဆီသတ်ပြီးချက်တာဆိုတော့ ရေမကျန်တဲ့အတွက် ပုံမှန်ချက်နေကျအတိုင်းပဲ ထည့်လည်း ဘာမှမထိခိုက်နိုင်ဘူးလို့ထင်ပါတယ်။

Anonymous said...

coconut milk ne seee tat lo shi yin, coconut milk twae arr lone khan twer tae ahti tat ya tar lar hinn..a ma

ပါရမီဖြည့်ဖက်လေး said...

အုန်းနို့အရည် ခမ်းအောင်တည်ဖို့မလိုပါဘူး။ အုန်းနို့ရည် အပေါ်ယံကို ဆီလေးတွေ တက်လာရင် ရပါပြီနော်။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...