Saturday, November 27, 2010

“ဈေးဝယ်ရတာ ကျေနပ်စရာ”



ဒီနေ့တော့ စာရေးဆရာ အလုပ်နားရတဲ့ ရှားရှားပါးပါး စနေနေ့ လေးလေ။ ပုံမှန်ရက်တွေဆို သူ့ခမျာ အလုပ် သွားဖို့ နံနက် ငါးနာရီခွဲဆို အိပ်ရာက ထရပါပြီ။ ကျွန်မ မှာလည်း အိပ်ယာကထပြီး စာရေးဆရာ နံနက်စာ စားဖို့ ထမင်းကြော်၊ ခေါက်ဆွဲသုပ်၊ ကော်ဖီနဲ့ မုန့် စတာတွေကို တစ်ခုမဟုတ်တစ်ခု ပြင်ဆင်ပေးရပါတယ်။ နေ့လယ်စာ ထမင်းဘူးလည်း ပြင်ပေးရပါတယ်။ စာရေးဆရာက ရုံးမှာ ထမင်း ၀ယ်စားလေ့ မရှိပါဘူး။ သူက တရုတ်ဆိုင်တွေက ၀ယ်စားရတာ မကြိုက်ပါဘူး။ အရင်ကတည်းက လည်း ပြင်ပအစားအစာ စားလေ့ မရှိပါဘူး။ အိမ်ထမင်း အိမ်ဟင်းကိုသာ ခုံခုံမင်မင် စားလေ့ရှိပါတယ်။ ကျွန်မကတော့ ငယ်စဉ်ကတည်းက လမ်းမှာ တွေ့ရာမုန့်၊ တွေ့ရာ အစားအစာ စားရတာကို အလွန် သဘောကျပါတယ်။ ဒီနေ့ သူ အလုပ် မသွားဘူး ဆိုတော့ ထမင်းဘူးရော၊ နံနက်စာပါ ပြင်ပေးစရာ မလိုဘူးပေါ့။ ဒီတော့ ကျွန်မလည်း နေမြင့်တဲ့ အထိ အားရအောင် အိပ်ပါတော့တယ်။

အိပ်ရာက ထပြီးတော့ ကျွန်မတို့ဇနီးမောင်နှံ အိမ်နားက ကော်ဖီဆိုင်မှာ နံနက်စာ သွားစားကြပါတယ်။ စားပြီးတော့ ဈေးသွားဝယ်မယ်ပေါ့။ SHENG SIONG ရောက်တော့ ဘာချက်ရင် ကောင်းမလဲ စဉ်းစား ပါတယ်။ ဒီနေ့ အလုပ်နားရက် ဖြစ်တော့ ကြေးအိုးလုပ်စားဖို့ ကြံရွယ်လိုက်ပါတယ်။ ဒီတော့ ကျွန်မလည်း ၀က်သား၊ ၀က်အူချို၊ မုန်ညင်းစိမ်း စတာတွေနဲ့ နောက်ရက်အတွက် ဟင်းချက် စရာလေးတွေ ၀ယ်ပါတယ်။ စာရေးဆရာကလည်း ခြင်းတောင်းလေးဆွဲပြီး နောက်က လိုက်ပါတယ်။ အိမ်အတွက် အခြား လိုအပ်တာ လေးတွေ ၀ယ်ရအောင် လိုက်ကြည့်တော့ ဟင်းပန်းကန်လေးတွေ တွေ့တာနဲ့ ချစ်စရာလေးတွေမို့ ကျွန်မလည်း စိမ်ပြေနပြေ ရွေးပါတော့တယ်။ ကျွန်မက အကျင့် တစ်ခုရှိပါတယ်။ ဈေးဝယ်ရင် ပစ္စည်းရွေးတာ အရမ်းကြာပါတယ်။ ကိုယ်က လှတယ်ထင်ပြီး ရွေးလိုက်၊ ပြီးရင် ကိုယ်မရွေးထားတာက ပိုလှတယ်ထင်ပြီး လက်ထဲက ပထမရွေး ထားတာကို ပြန်ချ၊ အသစ်တစ်ခုကို ပြန်ရွေးနဲ့၊ ချလိုက် ရွေးလိုက် အကြာကြီး လုပ်နေ တတ်ပါတယ်။ အဲဒီတော့ ခုလည်း ကျွန်မက ပန်းကန်တွေကို ချလိုက်၊ ရွေးလိုက်နဲ့ လုပ်နေ ပြန်တာပေါ့။ စာရေးဆရာ ကလည်း နောက်နားကနေ ခြင်းတောင်းလေးချပြီး ငုတ်တုတ်ထိုင်စောင့်ပါတယ်။

ဒါကို ဈေးလာဝယ်တဲ့ ကုလားမကြီး တစ်ယောက်က တွေ့တော့ စာရေးဆရာကို ကြည့်ပြီး တော်တော် မောနေလား လို့မေးပါတယ်။ စာရေးဆရာကလည်း ရယ်နေပါတယ်။ ပြီးမှ စာရေးဆရာက ကုလားမကြီးကို ကျွန်မ ပစ္စည်းရွေးနေတာ ကြာလို့ သူစောင့်နေတဲ့အကြောင်း ပြောပြတော့ ကုလားမကြီးက မင်းဟာ ခင်ပွန်းကောင်းပဲ၊ တချို့တွေဆို မြန်မြန်လုပ် မြန်မြန်လုပ်နဲ့ သူတို့ မိန်းမ ဈေးဝယ်တာ ကြာတာကို ပြောတတ် ကြတယ်။ ဒါကြောင့် မင်းမောနေလားလို့ ငါမေးတာပေါ့ ဆိုပြီး စာရေးဆရာကို ပြောပါတယ်။

ခဏနေတော့ ကုလားမကြီးက မင်းတို့ မြန်မာလားလို့ ဆက်မေးပါတယ်။ စာရေးဆရာရော ၊ ကျွန်မပါ ဟုတ်ပါတယ် လို့ ဖြေလိုက်ပါတယ်။ ကုလားမကြီးက မင်းတို့ အိမ်ဝယ်ထားတာလား လို့ မေးတော့ စာရေးဆရာက မဟုတ်ပါဘူး၊ ငှားနေပါတယ် လို့ ဖြေလိုက်ပါတယ်။ ကုလားမကြီးက PR လားလို့ ဆက်မေး ပါတယ်။ စာရေးဆရာက S Pass ပါလို့ ဖြေတော့ ကုလားမကြီးက ဒါဆို နောက်ဆို PR ဖြစ်မှာပေါ၊့ PR ဖြစ်ရင် အိမ်ကောင်းကောင်း ၀ယ်လေ လို့ပြောပြီး ထွက်သွားပါတယ်။ စာရေးဆရာက လည်း ကျေးဇူးတင်ပါတယ် လို့ ပြန်ပြောလိုက်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလို လူမျိုးခြားတစ်ယောက်က ကျွန်မတို့နဲ့ တစ်ခါမှ မသိဘဲ ဈေးဝယ်လာရင်း ခဏလေး တွေ့ရုံနဲ့ ကျွန်မတို့ အတွက် ကောင်းစေချင်လို့ ဆုတောင်းသလို ပြောသွားတာကို အတော်ပဲ ၀မ်းသာမိ ပါတယ်။ အတိတ်နိမိတ်ကောင်း လို့လည်း ယူဆမိပါတယ်။ တချို့ဆို ကိုယ့်မြန်မာ အချင်းချင်းလည်း ဖြစ်၊ ခင်မင်ရင်းစွဲ ရှိပြီးသားလည်း ဖြစ်တာတောင် နှိမ်ချင်သလိုလို ပြောဆို ပြုမူပြောဆို နေတာတွေကို မကြာခဏ တွေ့ကြုံ ခံစားရ ပါတယ်။ အဲဒီ့အကြောင်းနဲ့ ပတ်သက်လို့ တောင်မှ စာရေးဆရာက သူ့ဘလော့ 'အဖြူရောင်လမ်းကလေး' မှာ 'သူအရင်၊ ငါအရင်၊ ဟိုအရင်' ဆိုပြီး ပို့စ် တင်ထားဖူး ပါသေးတယ်။

ကျွန်မတို့ နှစ်ယောက်လည်း ကုလားမကြီး ပြောစကားကို သဘောကျပြီး ပြန်လာခဲ့ကြ ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီနေ့ ဈေးဝယ်ရတာ ဒီကုလားမကြီး ပြောတဲ့ စကားနဲ့တင် တော်တော်ကျေနပ်ဖို့ ကောင်းသွား ပါပြီ။           ။

4 comments:

Sunny said...

ပန်းကန်တွေ ၀ယ်ခဲ့ဖြစ်လား.. တခြားကော ဘာတွေပါခဲ့သေးလဲ.. ဈေးဝယ်ထွက်ရတာ ပျော်စရာလည်းကောင်းတယ်.. ပိုက်ဆံလည်းကုန်တယ်နော်.. :)

rose said...

ပို့စ်လေးက ရိုးရိုးလေးနဲ့ ဖတ်လို့ကောင်းတယ်။ ပာုတ်တယ်နော်။ အချို့ ခင်ပွန်းတွေက အဲ့လိုပဲ ဈေးဝယ်တာ ကြာရင် မြန်မြန်လုပ်ဆိုပြီး ခဏ ခဏ ပြောတတ်တယ်။ ပါရမီဖြည့်ဖက်လေးက ကံကောင်းတာပေါ့။

baby taster said...

ဈေးဝယ်တော့ အရမ်းဝါသနာပါတယ်
အထူးသဖြင့် မီးဖိုချောင် ပစ္စည်းတွေပေါ့
အခုလည်း Thanksgiving ဆိုတော့
ဈေးတွေ လျှော့တာ အသေပဲဆိုပြီး
မနေ့ မနက် ၃နာရီထသွားတယ် အိပ်ရေးပျက်
ပိုက်ဆံကုန် ၃လလောက်တော့ ငြိမ်ငြိမ်နေရအုံးမယ်
အဆင်ပြေပါစေ ညမလေး

ပါရမီဖြည့်ဖက်လေး said...

ဟုတ်ကဲ့ - ပန်းကန်တွေဝယ်ခဲ့တယ် မမဆန်နီ။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...