မနေ့က ဘဲသားနဲ့ ပုဇွန်ချဉ်က အကြောမတက်ရှာဘူး ဆိုတော့ ဒီနေ့တော့ ၀က်သားနဲ့ ပုန်းရည်ကြီး ချက်ပြန် ပါတယ်။ ပုဇွန်ချဉ်၊ ပုန်းရည်ကြီး၊ မျှစ်၊ ဒညင်းသီး စတာတွေက ငယ်ငယ်ကတည်းက ကျွန်မ အလွန်ကြိုက် ခဲ့တဲ့ အစားအစာတွေလေ။ ခုလည်း ကျွန်မ အဘိုးလေး ရန်ကုန်က ပြန်လာတုန်းက ကျွန်မအမေ ထည့်ပေး လိုက်တဲ့ ပင်ပျိုရွက်နု ပုန်းရည်ကြီး ထုပ်ကလေးတွေ ရှိနေပြီး ၀က်သားကလည်း အဆင်သင့် ဖြစ်နေတာနဲ့ ချက်လိုက် ပါတော့တယ်။
နောက်ပြီး အိမ်မှာ အရင်ရက်က ၀ယ်ထားပြီးသား အဆင်သင့်ရှိနေတဲ့ ပန်းဂေါ်ဖီလေးကို ကြော်လိုက် ပါတယ်
ပြီးတော့ လွန်ခဲ့တဲ့တစ်ပတ် City Hall သွားတုန်းက ၀ယ်ထားတဲ့ ပဲကြီးကို ဟင်းချိုချက်ပြီး ဆူးပုတ်ရွက်လေး အုပ်၊ ဆီချက်လေး ခတ်လိုက်ပါတယ်။
အဲဒီ့ဟင်းတွေ အားလုံးလည်း ချက်ပြီးရော စာရေးဆရာ ရုံးကပြန်အလာကို စောင့်ရပါတယ်။ စာရေးဆရာ က သူ့ရုံးက ရုံးကားနဲ့ ပြန်လာနေကျမို့ ကျွန်မလည်း သူ့ရုံးကား ရပ်လေ့ရှိတဲ့ ကျွန်မတို့ တိုက်ရှေ့နားမှာ သွားစောင့် ပါတယ်။ ရုံးကား ရောက်လာပြီး သူနဲ့ ကျွန်မလည်းတွေ့ရော ဒီည ဘာချက်လဲ လို့ တန်းမေးပါတယ်။ ကျွန်မက ၀က်ပုန်းရည်ချက်တယ် လည်း ပြောရော သူတော်တော် သဘောကျသွားပါတယ်။
စာရေးဆရာက ကျွန်မဘာချက်ချက် မငြီးမငြူ စားလေ့ရှိတဲ့သူပါ။ သူ့ရဲ့ ပါရမီဖြည့်ဖက်လေးကိုလည်း အပြစ်တင်ခဲပါတယ်။ ဒီဝက်ပုန်းရည်ကို သူကြိုက်တယ်ဆိုတော့ ကျွန်မတို့နှစ်ယောက် မစားရသေး ပေမယ့် ပျော်မိပါတယ်။ ကျွန်မလည်း ပင်ပန်းရကျိုး နပ်သွားပါတယ်။ ဒီထက် ပိုပျော်စရာကောင်းတာ ကိုတော့ သူက ကျွန်မကို ဓါတ်လှေကားထဲ ရောက်မှ ပြောပါတယ်။ မနက်ဖြန် သူအလုပ် မဆင်း ရဘူးတဲ့။
ကျွန်မပျော်ရတာ အကြောင်းရှိပါတယ်။ ကျွန်မ စင်္ကာပူရောက်ပြီး ဒီနေ့ အထိ နေလာတဲ့ကာလ အတွင်း မှာ စာရေးဆရာ တစ်ပတ်မှာ တစ်ရက် နားရတယ်ဆိုတာ ခပ်ရှားရှားပါ။ သူလုပ်နေတဲ့ အလုပ်က Project အသစ်ကြီး ဖြစ်နေတာကြောင့် ကျွန်မ စင်္ကာပူ မရောက်ခင် ကတည်းက အလုပ်ထဲမှာ သူ မြုပ်နေတာ ကြာပါပြီ။ ကျွန်မရောက်ပြီးတဲ့ ကာလအတွင်းမှာ တောင်မှ တစ်ခါတလေ တစ်လလုံးမှာ သူတစ်ရက်ပဲ နားရတဲ့ လတွေ ရှိပါတယ်။ ဒီတော့ ပြောရရင် ကျွန်မနဲ့သူ တစ်ရက်တလေ အေးအေး ဆေးဆေး တွေ့ဖို့တောင်မှ အချိန်က မနည်းလု နေရပါတယ်။
အခု သူ ခဏ နေရာပြောင်းပြီး သွားလုပ်ပေးနေတဲ့ Project အသေး လေးမှာ အလုပ်တွေလည်း ပြီးခါနီးတာ ကြောင့် စနေနားရမယ်လို့ သိရပါတယ်။ စနေနားပြီဆိုရင် တနင်္ဂနွေပါ ပိတ်တာမို့ ဒီတစ်ပတ်တော့ စာရေးဆရာနဲ့ ကျွန်မ နှစ်ရက်ကြီးများတောင် အေးအေးဆေးဆေး နေရပါတော့မယ်။ ဒါကြောင့်မို့ ကျွန်မ တော်တော် ပျော်မိတာပါ။ တကယ်တော့ စနေအလုပ်ဆင်းရင် OT ရတာပါ။ စနေ အလုပ်မရှိဘူး ဆိုရင် အဲဒီ့အတွက် ပိုက်ဆံ မရဘူးပေါ့။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ကျွန်မတို့ နှစ်ယောက် ကြားမှာ ငွေကြေးထက် ပိုပြီး တန်ဖိုးထား ကျေနပ်ရမယ့် အရာတွေရှိပါတယ်။ အခုလို နှစ်ယောက် အတူတူ အေးအေးဆေးဆေး နေနိုင်တာကိုတော့ ပိုပြီး တန်ဖိုးထားမိ ပါတယ်။ ဒါကြောင့်လည်း ငွေမရတဲ့ ကြားက OT မလုပ်ရတာကိုပဲ ကြံဖန်ပြီး ပျော်နေမိသေးတယ်။
အဲဒီ့အပျော်တွေနဲ့အတူ ကျွန်မချက်ထားတဲ့ ၀က်ပုန်းရည်၊ ပန်းဂေါ်ဖီကြော်၊ ပဲကြီးဟင်းချိုတို့နဲ့ ညစာကို စား ကြမှာလေ။ ပြီးတော့ စာရေးဆရာက ပြောသေးတယ်။ ဒီည ကျွန်မနဲ့သူ မထိုင်တာကြာပြီဖြစ်တဲ့ ကော်ဖီဆိုင် လည်း သွားထိုင်ကြမယ်တဲ့။ စာဖတ်သူလည်း ကျွန်မတို့ရဲ့ အပျော်လေးတွေကို ကူးစက် ခံစား ရရှိနိုင်ပါစေ။ ။

2 comments:
ဝက်သား စားဖူးကွယ် :)
ဒါပေမဲ့ အပျော်လေးတွေ ကူးသွားတယ်
လောကမှာ ပိုက်ဆံထက် အရေးကြီးတာတွေ
တန်ဖိုး မဖြတ်နိုင်တဲ့ အရာတွေရှိနေပေမဲ့ အဲ့ဒါ
တွေကို မြိုသိပ် ဖုံးကွယ် ဟန်ဆောင်ပြီး ငွေနောက်
ကိုပဲ လိုက်နေရတယ် ။ ကိုယ့်အကို ကပြောတယ်
လောကမှာ ငွေဆိုတာ ဒုတိယ ဘုရားသခင်လို့တောင်
ပြောလို့ ရနေပြီဆိုပဲ ။ ဟုတ်တော့ ဟုတ်ပါတယ်လေ ။
ကိုယ်တို့လည်း ဒီငွေ အတွက် လိုက်နေရတာ ဖတ်ဖတ်ကို
မောလို့ နေပြီ :)
ပျော်စရာကြီးပဲနော်.. အဲလိုအေးချမ်းသာယာတဲ့ မိသားစုဘ၀လေးတွေကို သဘောကျတယ်.. ပုန်းရည်ကြီးနဲ့ဝက်သားလည်း စားသွားတယ်နော်.. :)
Post a Comment
ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....