Thursday, November 25, 2010

“မေတ္တာဟင်းချိုပါတဲ့ ထမင်းပွဲ”

သည်နေ့တော့ မနက်ကတည်းက ဘာချက်စားရင် ကောင်းမလဲ စဉ်းစားနေတာ။ စာရေးဆရာ အလုပ် မသွားမီ ကျွန်မက 'ဒီနေ့ ဘာဟင်းစားမလဲ' လို့ မေးတော့ သူက 'အိမ်မှာ ဘာဝယ်ထားတာ ရှိလဲ' လို့ ပြန်မေးပါတယ်။ ကျွန်မလည်း ရှိသမျှ ရွတ်ပြတော့ 'ဘဲသားချက်ပေါ့' လို့ ပြန်ပြောပြီး အလုပ်သွားပါ တော့တယ်။ 

ဒါနဲ့ နေ့လယ်မှာ ကျွန်မလည်း ဘဲသားဟင်း ချက်ဖို့ပြင်ပါတယ်။ အဲလို ပြင်ရင်း ပုဇွန်ချဉ်တစ်ထုပ် ကျန်နေတာ သွားတွေ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကျွန်မ အဘိုးလေး (အဘွားရဲ့မောင်) ရန်ကုန်က ပြန် လာတော့ အိမ်က အဘိုးက ကျွန်မ အလွန်ကြိုက်တဲ့ ပုဇွန်ချဉ်နှင့် ငါးဖယ်ချဉ်များ ထည့်ပေးလိုက် ပါတယ်။ အဲဒီ့တော့ ကျွန်မလည်း အကြိုက်တွေ့ပြီး တစ်ထုပ်ပြီး တစ်ထုပ် သုပ်စား နေတာ ခုတော့ နောက်ဆုံး လက်ကျန် တစ်ထုပ်ကို တွေ့တာပါပဲရှင်။ ဒီတော့ ဒီနေ့ညစာကို ပုဇွန်ချဉ်ပါ သုပ်စားဖို့ ပြင်ပါတယ်။ 

အရည်သောက်လေးလည်း ချက်ဦးမှ ဆိုတော့ တခြား ထူးထူးထွေထွေ ၀ယ်ထားတာ ဘာမှ မရှိတာနဲ့ စာရေးဆရာ အကြိုက် ဘာဟင်းချိုလို့ ခေါ်ရမှန်း မသိတဲ့ ကျွန်မ ခဏခဏချက်ပေးရတဲ့ ဟင်းချိုလေးပဲ ချက်ဖို့ ကြံရွယ်လိုက် ပါတယ်။ အမှန်တော့ တစ်ခါမှာ ကျွန်မက အရည်သောက် ဘာချက်ရမှန်း မသိတာနဲ့ အိမ်မှာရှိတဲ့ Knorr ကြက်သားမှုန့်တုံးရယ်၊ မုန်ညှင်းရယ်၊ ပြောင်းဖူး သေးသေးလေးတွေရယ် ကို ရောပြီး ဟင်းချို ချက်ပေးလိုက်တာ (အလွယ်ပေါ့) ကြိုက်တယ်ဆိုပြီး ခဏခဏ ချက်ခိုင်းတော့တာ ပါပဲ။

ဒီတော့ ဒီနေ့အတွက် ဘဲသားဟင်းရယ်၊ ငါးချဉ်သုပ်ရယ် နဲ့ အဲဒီ့ အသီးအရွက်တွေ ပါတဲ့ ဟင်းချို လေးရယ် ချက်လိုက် ပါတော့တယ်။ ဘဲသားကိုတော့ ဇီရာ၊ ဖာလာစေ့၊ ကရဝေးရွက်၊ သစ်ကြံပိုးခေါက်၊ မဆလာ တို့နဲ့ ရောချက် လိုက်ပါတယ်။ ပုဇွန်ချဉ်လေးကိုလည်း သုပ်ဖို့ အသင့်ပြင်ထား ပါတယ်။ စားခါနီးမှာ သုပ်စားမှာပါ။ ဘာမှန်း မသိတဲ့ ဟင်းချိုလေး အတွက်လည်း ပြင်ထားရပါသေးတယ်။ ရေဆူအောင်တည် Knorr ကြက်သားမှုန့်တုံး တစ်ဝက်ထည့်၊ ပြီးတော့ ပြောင်းဖူးလေးတွေကို တစောင်းလေး လှီးထည့်ပြီး ဆူအောင် ပြန်တည်ပါတယ်။ မုန်ညှင်းနဲ့ ကြက်ဥတို့ဟူး (ကျွန်မကြိုက်၍ ထပ်ဖြည့်ထည့်သော) ကိုတော့ စားခါနီးမှာ ဟင်းရည်ပူအောင် ပြန်နွှေးပြီးမှ ထည့်စားမှာပါ။

ဒါလေးကတော့ ဘဲသားဟင်း ပါ

ကျွန်မအကြိုက် ပုဇွန်ချဉ်သုပ်လေး

 

ဟင်းချိုထဲထည့်မယ့် အဆာလေးတွေ


ညစာ စားခါနီး ပူပူနွေးနွေး ဟင်းချိုလေး တစ်ခွက်



ဒီပို့စ်လေးကို ရေးပြီး တင်ခါနီးမှာ ခေါင်းစဉ်ဘယ်လို ပေးရမယ်မှန်း စဉ်းစားမရတာနဲ့ စာရေးဆရာကို တိုင်ပင် မိပါတယ်။ ဒီတော့ သူက ဘာတွေ ရှည်ရှည်ဝေးဝေး စဉ်းစားနေတာလဲ၊ ဟင်းချို နာမည်ကိုပဲ ခေါင်းစဉ် ပေးလိုက်ပေါ့ လို့ပြောပါတယ်။ ဟောတော့၊ ခက်ပြီ။ ဟင်းချိုကိုက နာမည်မှမရှိတာ၊ ကိုယ့်ဘာသာ ရှိတာ လေး နဲ့ စားကောင်းအောင် ချက်ထားတဲ့ ဟင်းလေ လို့ ပြောတော့ စာရေးဆရာက ဟုတ်တယ်လေ တဲ့။ သူ့ ကို စားကောင်းစေချင်လို့ ရှိတာလေးနဲ့ ဟင်းဖြစ်အောင် မေတ္တာ ရောပြီးချက်ထားတဲ့ 'မေတ္တာဟင်းချို' လေတဲ့။ ဒီတော့ ကျွန်မလည်း သဘောကျ သွားပါတယ်။ ဟုတ်ပါတယ်။ ကျွန်မ ဟင်းချက်ရင် ကိုယ့်ခင်ပွန်း ကို ခံတွင်းတွေ့စေချင်တဲ့ စေတနာနဲ့ မေတ္တာ ထည့်ချက်ပါတယ်။ ဒါကြောင့် ဒီဟင်းချိုလေး နာမည်ဟာ 'မေတ္တာဟင်းချို' ဖြစ်သွားပါတယ်ရှင်။


ဒီလိုနဲ့ပဲ ဒီညမှာတော့ 'မေတ္တာဟင်းချို' ပါတဲ့ ထမင်းပွဲကို ကျွန်မနဲ့ ကျွန်မခင်ပွန်း အတူတူ စားဖြစ်ခဲ့ကြ ပါ တော့တယ်။

3 comments:

ပါရမီဖြည့်ဖက်လေး said...
This comment has been removed by the author.
Sunny said...

ဘဲသားဟင်းလည်းကြိုက်တယ်.. ပုစွန်ချဉ်သုပ်လေးလည်း ကြိုက်တယ်.. ဟင်းချိုလေးနဲ့ ထမင်းစားသွားတယ်နော်..

rose said...

မေတ္တာပာင်းချို တဲ့လား။ နာမည် ပေးတတ်လိုက်တာ။ ပုဇွန်ချဉ် သိပ်ကြိုက်ပါတယ်။ မစားရတာ ဘယ်နှစ် နှစ်ရှိပြီလဲ မသိ။ အလည်သွားပါတယ်နော် ပါရီမီဖြည့်ဖက်လေးရေ....။ အစ်မ ဘလော့ဂ်လေးကို List ထဲထည့်ထားလို့ ကျေးဇူးပါရှင်။ ညီမ ဘလော့ဂ်လေးလည်း ထည့်ထားတယ်နော်။

Post a Comment

ကျွန်မအတွက် အမှတ်တရစကားလေးတွေ ချန်ထားပေးခဲ့လို့ ကျေးဇူးပါနော်.....

Related Posts Plugin for WordPress, Blogger...