Friday, April 29, 2011

"တစ်ပတ်စာဟင်းလျာများနဲ့ ခင်ပွန်းရဲ့အဆာပြေ"

3 comments
အလုပ်မအားလို့ နေ့တိုင်းဟင်းမချက်နိုင်တဲ့ကျွန်မ မချက်ဘဲလည်းမနေနိုင်တော့ တနင်္ဂနွေတစ်ရက်မှာ စားချင်တာလေးတွေ ချက်ပါတယ်။ မနက်စာကို ဆိုင်မှာဝယ်စားနေရတဲ့ ကျွန်မတို့နှစ်ယောက်၊ ညနေစာလေး တော့ အိမ်ထမင်း၊ အိမ်ဟင်းလေး စားချင်တယ်လေ။ ဒါကြောင့် တနင်္ဂနွေမှာ ချက်ထားပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်တယ်။ စားခါနီးတော့ နွှေးစားကြတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေက ချက်ဖြစ်တာလေးတွေ ပြောပြမယ်နော်။ ၀က်သားကို အဖြူထည်လေး ပြုတ်ကြော် လုပ်တယ်။ အိုးထဲကို ဆီနည်းနည်းထည့်တယ်။ ဆီပူလာတော့ သကြားလေးနည်းနည်းထည့်ပြီး လှော်လိုက်တယ်။ ပြီးမှ ဆား၊ အချိုမှုန့်နဲ့ နယ်ထားတဲ့ ၀က်သားတုံးလေးတွေ ထည့်ကြော်တယ်။ ၀က်သားလေး နီလာမှ ရေဆူထည့်ပြီး ၀က်သားနူးတဲ့ အထိတည်လိုက်တယ်။ လွယ်မှလွယ်ပါပဲ။ နောက်ရက်တွေ ကျတော့ ထမင်းနဲ့ အဖြူထည်လေး စားချင်လည်းဖြစ်တယ်။ သုပ်စားချင်လည်း ဖြစ်တယ်လေ။ တစ်ရက်တော့ သုပ်စားဖြစ်တယ်။ ကြက်သွန်နီနဲ့ ဂေါ်ဖီပါးပါးလှီးထားတာရယ်၊ ၀က်သား ပြုတ်ကြော်လေးကို ခပ်ပါးပါးလှီးထားတာရယ်၊ မကျည်းရည်၊ ငံပြာရည်၊ ဆီချက်၊ အချိုမှုန့်၊ ပဲမှုန့် ငရုတ်သီးစိမ်းတို့နဲ့ ရောနယ်ပြီး သုပ်စားတယ်။ အအီပြေတာပေါ့။


နောက်တစ်မျိုးကတော့ ၀က်သားတုတ်ထိုးပါ။ ၀က်သားတုတ်ထိုးလုပ်နည်းကတော့ ဒီမှာ တင်ဖူးပါတယ်။ စားခါနီးတော့ နည်းနည်းပြန်နွေးစားတယ်။ ကြာဇံကို စားခါနီးကြော်စားတယ်။ အချဉ်ရည်လေးလည်း ဖျော်ရတာပေါ့။ နောက်ရက်ကျတော့ ကြာဇံမကြော်တော့ဘဲ ထမင်းနဲ့စားကြတယ်။


ချဉ်ပေါင်လေးလည်း ကြော်ထားရသေးတယ်။ စာရေးဆရာ အကြိုက်လေ။ ချဉ်ပေါင်ရွက်တွေကို ချွေ၊ ရေဆေးပြီး ဇကာနဲ့ စစ်ထားတယ်။ မီးဖိုပေါ် ဆီအိုးတင်ပြီး ဆီပူလာတော့ ကြက်သွန်ဖြူ၊ နီထောင်းထားတာနဲ့ ငရုတ်သီး အစိမ်းမှုန့်လေးထည့် ဆီသတ်တယ်။ ကြက်သွန်မွှေးရင် ပုဇွန်ခြောက်မှုန့် ထည့်တယ်။ ငါးပိစိမ်းစား နည်းနည်းကို ရေနွေးနဲ့ဖျော်ထားတာ ထည့်တယ်။ ခဏနေမှ ချဉ်ပေါင်ရွက်တွေ ထည့်မွှေတယ်။ အချိုမှုန့်၊ ငံပြာရည်ကို အပေါ့အငံ အနေတော်ဖြစ်အောင် ထည့်ပါတယ်။ ပြီးတော့ ရေခန်းပြီး ခြောက်သွားအောင် မွှေပြီးကြော်ပေးပါတယ်။ ဒါဆို ချဉ်ပေါင်ကြော်လေး ရပါပြီ။


တစ်ပတ်စာ ချက်ပြုတ်ရင်း ဘူးသီးတွေရှိနေတာနဲ့ ယိုးဒယားမယ် အကြော်မှုန့်လေးဖျော်ပြီး ဘူးသီးကြော် ကြော်စားတယ်။ အချဉ်လေးလည်း ကမန်းကတန်းဖျော်တယ်။ ကော်ဖီလေး တစ်ယောက် တစ်ခွက်နဲ့ နေ့လယ် အဆာပြေလွေးကြတယ်။ စားရင်းသောက်ရင်းမှ ဓါတ်ပုံထရိုက်တော့ အချဉ်ပန်းကန်ခမျာ မလှမပ။


အင်္ဂါနေ့ကတော့ စာရေးဆရာက ရုံးကနေ့တစ်ဝက်ပြန်တယ်။ သူလုပ်နေတဲ့ Project က Area တစ်ခုပြီးလို့ ၀န်ထမ်းတွေကို ပျော်ပွဲရွှင်ပွဲ လုပ်ပေးတာပါ။ သူကတော့ ခဏပဲနေပြီး အနားယူရအောင် အိမ်ပြန်တယ်။ အိမ်ရောက်တော့ သူတစ်ယောက်တည်း နေ့လယ်အဆာပြေ လက်ဖက်ထမင်း လုပ်စားတယ်တဲ့။ ကျွန်မက အိမ်မှာမရှိတော့ သူ့လက်ရာကို ကျွန်မကို ကြွားချင်တာနဲ့ ဓါတ်ပုံ ရိုက်ထားတယ်တဲ့လေ။ ကျွန်မပြန်လာတော့ ဓါတ်ပုံပြပြီး သူသုပ်ထားတာ ဘယ်လောက် စားချင်စဖွယ် ရှိကြောင်း ပြောပါတော့တယ်။ 

 

သူသောက်တဲ့ ရေနွေးကြမ်း ပန်းကန်လေးတောင် အဆစ်ရိုက်ထားသေးတယ်။

Thursday, April 21, 2011

"ချဉ်ပေါင်ရွက်ချဉ်ရည်ဟင်းနဲ့ ကြက်သားကြော်"

4 comments
အလုပ်မအားလို့ အချိန်မရတဲ့ ကျွန်မမှာ ဟင်းချက်ဖို့လည်း အချိန်မပေးနိုင်ဖြစ်နေတာ တော်တော်ကြာပါပြီ။ လွန်ခဲ့တဲ့ တစ်ပတ်က ညစာစားဖို့ ကမန်းကတန်းချက်ဖြစ်တဲ့ ဟင်းလေးပါ။ ထူးထူးဆန်းဆန်းဟင်း မဟုတ်ပေမယ့် စားလို့ကောင်းပါတယ်။ ကျွန်မက ချဉ်ပေါင်ရွက်တွေကိုချွေ၊ ရေဆေးပြီး မီးငွေ့ငွေ့လေးနဲ့ နွမ်းအောင် မွှေထားလိုက်တယ်။ ပြီးတော့ ဘူးနဲ့ ထည့်ပြီး ရေခဲသေတ္တာထဲမှာ ခဲထားတယ်။ City Hall က ၀ယ်ထားတဲ့ ငါးကြင်းခေါင်းတစ်ထုပ်လည်း ရှိနေတယ်။ ဒီတော့ ထမင်းစားခါနီး အရည်သောက်လေး ကမန်းကတန်း ချက်လို့ရတာပေါ့။

ငါးကြင်းခေါင်းကိုရေဆေးပြီး ဆား၊ ဆနွင်းနယ်ထားတယ်။ ကြက်သွန်ဖြူ၊ နီနည်းနည်းစီကို ခပ်မြန်မြန်လေး ထောင်းလိုက်တယ်။ အိုးထဲမှာ ဆီနည်းနည်းထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူနီ ထောင်းထားတာနဲ့ ငရုပ်သီး အစိမ်းမှုန့်လေးထည့်ပြီး ဆီသတ်တယ်။ ကြက်သွန်မွှေးလာတော့ မွှေထားတဲ့ ချဉ်ပေါင်ရွက်လေးတွေ ထည့်တယ်။ ငါးပိစိမ်းစားလေး နည်းနည်းကို ရေဖျော် ထည့်ပြီး လုံးတယ်။ ငါးခေါင်းတွေပါ ထည့်လုံးတယ်။ ဆီပြန်လာမှ ရေနွေးပူပူ လောင်းထည့်တည်ပါတယ်။ ဟင်းရည်ဆူလာရင် ငံပြာရည်၊ အချိုမှုန့်လိုသလို ထည့်ပြီး ဟင်းရည်အရသာ အနေတော်ဖြစ်တဲ့အထိ ဟင်းရည်ကျအောင် တည်ပေးပါတယ်။ အချိန် သိပ်မကြာဘဲ ကမန်းကတန်းနဲ့ အရည်သောက်လေး တစ်ခွက်ဖြစ်သွားပါတယ်။ ချဉ်ရည်တည်နေတုန်း တစ်ဖက်မှာလည်း ကြက်သားကိုရေဆေး၊ တုံးပြီး၊ ဆား၊ အချိုမှုန့်နယ်ပြီး ဆီများများနဲ့ ကျွတ်အောင် ကြော်လိုက်ပါသေးတယ်။




Tuesday, April 5, 2011

"ပျော်ရွှင်ဖွယ် ပင်လယ်ခရီးစဉ်"

6 comments
ကျွန်မဘလော့လေးကို လှည့်မကြည့်နိုင်တာ တစ်လနီးပါးဖြစ်သွားပါပြီ။ အလုပ်များနေလို့ ဘယ်လိုမှ အချိန် မရတာကြောင့် သတိရပေမယ့် လှည့်မကြည့်နိုင်ခဲ့တာပါ။ ဒီကြားထဲမှာ စာရေးဆရာအလုပ်က Project တစ်ခု အောင်အောင်မြင်မြင်နဲ့ ပြီးသွားတာကြောင့် အပန်းဖြေ ခရီးလေးတစ်ခု ပို့ပေးပါတယ်။ ဇနီးတွေပါ လိုက်ခွင့်ရှိတာကြောင့် ကျွန်မလည်း စာရေးဆရာနဲ့အတူ ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ပင်လယ် ခရီးပါ။ အဝေးကြီးတော့ မဟုတ်ပါဘူး။ ခရီးစဉ်မှာ ကမ်းလည်း မကပ်ပါဘူး။ ပင်လယ်နက်ထဲ အပျော်သွားတဲ့ သဘောပါ။ မလက္ကာ ရေလက်ကြားဘက်ကို သွားကြတာပါ။ Star Criuses သင်္ဘောနဲ့ သွားကြတာပါ။ သင်္ဘောက Harbour Front ကနေစထွက်ပါတယ်။

ကျွန်မရဲ့ ခရီးစဉ်လေးမှာ အမှတ်တရ ရိုက်ခဲ့တဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။ သင်္ဘောက ၁၂ထပ်ရှိတယ်။ ကျွန်မတို့အခန်းက (၈)ထပ်မှာ ပါ။ သင်္ဘောပေါ်တက်တက်ချင်း (၇)ထပ်ကို ရောက်ပါတယ်။ (၄)ထပ်၊ (၅)ထပ်နဲ့ (၆)ထပ်တွေမှာလည်း လူစီးအခန်းတွေ ရှိပါသေးတယ်။ (၉) (၁၀)နဲ့ (၁၁) ထပ်မှာလည်း အခန်းတွေရှိပါတယ်။ (၁၂)ထပ်မှာ ကတော့ ရေကူးကန်၊ ရေလွှာလျှော၊  ဂေါက်သီး လေ့ကျင့်ကွင်း၊ ဘတ်စကက်ဘောကွင်း၊ စားသောက်ခန်းတွေ၊ Spa တွေ၊ Beauty Salon တွေ၊ Gym တွေ၊ Library၊ Club တွေရှိပါတယ်။ ကျွန်မတို့တည်းတဲ့ (၈)ထပ်မှာကတော့ ရုပ်ရှင်ရုံနဲ့ Photo Galleryရှိပါတယ်။ (၇)ထပ်မှာက စားသောက်ဆိုင်တွေ၊ ကာရာအိုကေခန်းတွေ၊ အ၀တ်အထည်နဲ့ လက်ဝတ်ရတနာဆိုင်တွေ၊ Child Care Centre၊ Game Centre ၊ Casino တွေ ရှိပါတယ်။ (၄)ထပ်မှာကတော့ Medical Centre ရှိပါတယ်။

ကျွန်မတို့သင်္ဘောပေါ်တက်တာနဲ့ ကျွန်မတို့ရဲ့ Passport နဲ့ ID တွေကို သင်္ဘောကုမ္ပဏီက သိမ်းထားလိုက်ပြီး ကျွန်မတို့နာမည်နဲ့ အခန်းနံပါတ်ရိုက်ထားတဲ့ Access Card တစ်ကဒ်စီပေးပါတယ်။ အဲဒီ ကဒ်နဲ့ပဲ ကျွန်မတို့ အခန်းတွေကို ၀င်ထွက်လို့ရသလို၊ စားသောက်ခန်းတွေမှာလည်း အဲဒီကဒ်ပြပြီး စားလို့ရပါတယ်။ ဈေးဝယ်ချင်ရင်လည်း အဲဒီကဒ်ကိုပဲ Credit Card သဘောမျိုး အသုံးပြုပြီး ဈေးဝယ်လို့ ရပါတယ်။ ဈေးဝယ်ထားသမျှ ကျသင့်ငွေကိုတော့ သင်္ဘောပေါ်က ပြန်ခါနီးမှာ ဧည့်ကြိုကောင်တာမှာ ပြန်ရှင်းပေးရပါတယ်။

အစားအသောက်အတွက်ကတော့ တရုတ်စာနဲ့ အနောက်တိုင်းစာ စားချင်ရင် (၆)ထပ်မှာ စားနိုင်ပြီး၊ (၁၂)ထပ်မှာကတော့ International Buffet စီစဉ်ပေးထားပါတယ်။ Access Card ပြပြီး ၀င်စားလို့ရပါတယ်။ Breakfast, Morning Tea, Lunch, Afternoon Tea, Dinner အပြင် Supper ပါစားနိုင်အောင် စီစဉ်ပေးထားပါတယ်။ အဲဒါတွေမှ မစားချင်ရင်တော့ တခြားဝယ်စားစရာ စားသောက်ဆိုင်တွေကလည်း ဂျပန်ဆိုင်၊ အီတလီဆိုင်၊ အိန္ဒိယဆိုင် အစုံပါပဲ။

တခြား ဖျော်ဖြေရေးအနေနဲ့ ဂိမ်းကစားပွဲတွေ၊ သီချင်းဆိုပြိုင်ပွဲတွေ၊ မျက်လှည့်ပွဲတွေ၊ ပဟေဠိပြိုင်ပွဲတွေ၊ အစားအသောက်ချက်ပြုတ်နည်း သရုပ်ပြပွဲ စတာတွေကို အထပ်တိုင်းမှာ အချိန်တိုင်းအလှည့်နဲ့ စီစဉ် ပေးထားပါသေးတယ်။


ဟောဒါကတော့ သင်္ဘောပေါ်ရဲ့ ရှစ်ထပ်မှာပါ။ ကျွန်မတို့က ဓါတ်လှေခါးနဲ့တက်လာပါတယ်။


ဟောဒီလှေကားကနေတက်လို့လည်းရပါတယ်


ဓါတ်လှေကားကထွက်ပြီး ညာဘက်ကိုကွေ့ဝင်လိုက်ရင်တော့ ကျွန်မတို့တည်းတဲ့ အခန်းဆီသွားတဲ့လမ်းပါ


ကျွန်မတို့အခန်းလေးရောက်ပါပြီ








ဒါကတော့ ၁၂ထပ်မှာပါ။ ရေကူးကန်ဘေးတစ်ဘက် တစ်ချက်စီမှာ ညစာစားရင်း သီချင်းနဲ့ ဖျော်ဖြေတာကို လည်း နားထောင်လို့ ရပါတယ်။




ရေလွှာလျှောစီးချင်သူများအတွက်


သူတို့တွေကလည်း ဟောဒီလို အကလေးတွေနဲ့ဖျော်ဖြေကြပါသေးတယ်။ သီချင်းလေးနဲ့ ကပုံလေးက တော်တော်မြူးပါတယ်။




ဟောဒါကတော့ ကျွန်မတို့သဘောင်္မထွက်မီ ကုန်းပေါ်ကို ပြန်မြင်နေရတဲ့ မြင်ကွင်းပါ။ ဘေးမှာ တခြား သင်္ဘောတစ်စီးလည်း ရပ်ထားပါသေးတယ်






ဟောဒါက Sentosa ဘက်ကို လှမ်းမြင်နေရတာပါ


ဟောဒါကတော့ ကျွန်မတို့စီးသွားတဲ့ သင်္ဘောကြီးကို ညဘက်ရိုက်ထားတာပါ


မနက်မိုးလင်းတော့ ပင်လယ်နက်ထဲရောက်နေပါပြီ။ သင်္ဘောရဲ့အပေါ်ဆုံး ၁၂ထပ်က ရေကူးကန်လေး မြင်ကွင်းပါ။


ဘေးနားကဖြတ်သွားတဲ့ ကွန်တိန်နာသင်္ဘောကြီး


သင်္ဘောရဲ့ဦးပိုင်းမှာပါ



ကျွန်မတို့တည်းတဲ့ (၈)ထပ်နဲ့ ဧည့်ကြိုကောင်တာရှိရာ (၇)ထပ်ကြားက အတက်အဆင်းလေးပါ။







ဧည့်ကြိုကောင်တာပါ။ ကောင်တာကိုမမြင်ရဘူး။ ပန်းအိုးကြီးနဲ့ ကွယ်နေတယ်။
 


ဧည့်ကြိုကောင်တာရဲ့ အပေါ်တည့်တည့် (၈)ထပ်က ဘား။


ကလေးပါလာတဲ့ ခရီးသည်တွေအတွက် ကလေးထိန်းပေးတဲ့ Child Care Centre


Game ၀ါသနာရှင်များအတွက် Game Centre ပါ။ Casino လည်းပါသေးတယ်။ ဓါတ်ပုံရိုက်ခွင့် မပြုလို့ မရိုက်ခဲ့ရဘူး။



တိတ်ဆိတ်ငြိမ်သက်နေတဲ့ ပင်လယ်ထဲကညမှာ လှပနေတဲ့ ရေကန်လေး



ကမ်းပေါ်ပြန်ရောက်တဲ့နေ့ သင်္ဘောကြီးကို ကုန်းပေါ်ကနေပြန်ရိုက်ထားတာ


Saturday, March 5, 2011

"ကြက်ဥချဉ်ရည်ဟင်း"

7 comments
ဒီနေ့တော့ ကြက်ဥကို ဆီပြန်ချက်စားရတာအီလို့ ကြက်ဥချဉ်ရည်လေး ချက်စားဖြစ်ပါတယ်။ ချဉ်ရည်လေး ဆိုတော့ ထမင်းမြိန်တယ်လေ။ ဒီမှာ ဘဲဥမရတော့ ကြက်ဥနဲ့ပဲ ချက်စားရတာပေါ့။

ပထမဆုံး အိုးတစ်လုံးမှာ ကြက်ဥတွေထည့်၊ ကြက်ဥတွေ မြုပ်တဲ့အထိ ရေထည့်ပြီး အဖုံးဖွင့်လျက် နာရီဝက်လောက် ပြုတ်လိုက်ပါတယ်။ ကြက်ဥပြုတ်ထားတုန်း ကြက်သွန်ဖြူ၊ နီ ထောင်းပါတယ်။ ခရမ်းချဉ်သီး တစ်လုံးကို မထူမပါးလှီးထားပါတယ်။ အာလူးကို အခွံခွာ၊ အနေတော်တုံးပြီး ဆားရည် စိမ်ထားပါတယ်။ ရုံးပတီသီးကို ရေဆေးပြီး လက်တစ်ဆစ်သာသာ အနေလေးတွေ လှီးထားပါတယ်။ မကျီးသီးကို ရေဆေးပြီး ပန်းကန်တစ်လုံးမှာ ရေနွေးဆူဆူဖျောထားပါတယ်။ ကြက်ဥပြုတ်ရရင် ရေအေးစိမ်လိုက်ပါတယ်။ အေးသွားမှ အခွံခွာပြီး အပ်ချည်ကြိုးနဲ့ အရာလေးတွေ လိုက်ပေးထားပါတယ်။ ချက်တဲ့အခါ ဟင်းနှစ်အရသာ ကြက်ဥထဲ ၀င်အောင်လို့ပါ။

မီးဖိုပေါ် အိုးတစ်လုံးတင်ပြီး ဆီထည့်ပါတယ်။ ဆီပူရင် ဆနွင်းမှုန့် အနည်းငယ် ထည့်လိုက်ပါတယ်။ ကြက်သွန်ဖြူ၊ နီ ထောင်းထားတာနဲ့ ငရုတ်သီးအစိမ်းမှုန့် (အရောင်တင်မှုန့်) ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ရင် ခရမ်းချဉ်သီးတွေထည့်ပြီး လုံးပါတယ်။ ဆီပြန်ရင် ဆားရည်စိမ်ထားတဲ့ အာလူးတွေ ထည့်ပါတယ်။ အချိုမှုန့်၊ ငံပြာရည် နဲ့ မဆလာ ထည့်လုံးပါတယ်။ အနံ့မွှေးလာရင် ရေနွေးဆူဆူ အနည်းငယ်ထည့်ပြီး တည်ပါတယ်။ ရေခန်းခါနီး အားလူလည်း နူးခါနီးပြီဆို ကြက်ဥတွေထည့်ပါတယ်။ ခဏလုံးပြီးရင် ရေဆူဆူကို ကိုယ်လိုချင်သလောက် ဟင်းရည်အနေအထား ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါတယ်။ ဟင်းရည်ဆူပြီး အာလူးနူးရင် ရုံးပတီသီးထည့်ပါတယ်။ ဟင်းရည် ပြန်ဆူလာရင် မကျီးရည် ထည့်ပါတယ်။ ဟင်းရည်ကျအောင် တည်ပေးပါတယ်။ အရသာမြည်းပြီး လိုသလို ပြင်ပါတယ်။ ဒါဆို ကြက်ဥချဉ်ရည်ဟင်း တစ်ခွက် ရပါပြီနော်။ ကျွန်မကတော့ ခပ်ချဉ်ချဉ်လေး ချက်ပါတယ်။ 





Friday, March 4, 2011

"ကင်းမွန်ဟင်း"

6 comments
မနေ့ကချက်စားဖြစ်တဲ့ ကင်းမွန်ဟင်းလေးအကြောင်း ပြောပြချင်ပါတယ်။ စာရေးဆရာက ကင်းမွန် သိပ်ကြိုက် ပါတယ်။ သုပ်တာကို ပိုပြီး ကြိုက်ပါတယ်။ ဒါကြောင့် သုပ်စားဖြစ်တာ များပါတယ်။ ရန်ကုန်မှာတုန်းကတော့ ကျွန်မမေမေက ကင်းမွန်ကို ဟင်းချက်ပေးပါတယ်။ အခုလည်း သုပ်စားဖြစ်တာပဲ များနေလို့ ဒီတစ်ခါတော့ ကင်းမွန်ကို ဟင်းချက်စားဖြစ်ပါတယ်။

ကင်းမွန်ကို အရေခွံအမဲတွေခွာ၊ ဗိုက်ထဲက အညစ်အကြေးတွေထုတ်၊ ခေါင်းထဲက မျက်စိတွေဘာတွေ လှီးထုတ်ပစ်ပါတယ်။ မျက်စိထုတ်တဲ့အခါ သတိထားရပါတယ်။ မျက်စိက မဲမဲအရည်တွေ စင်တတ် လို့ပါ။ ပြီးရင် ရေစင်စင်ဆေးပြီး ဇလုံတစ်လုံးမှာ ထည့်ထားပါတယ်။ ရေနွေးတည်ပါတယ်။ ရေနွေးဆူရင် ကင်မွန်ထည့်ထားတဲ့ ဇလုံထဲကို ရေဆူဆူတွေ လောင်းထည့်လိုက်ပါတယ်။ ထည့်ပြီးပြီးချင်းပဲ ကင်းမွန်တွေကို ဆယ်ပြီး ဇကာနဲ့ ရေစစ်ထားပါတယ်။ အဲဒီလို ရေဆူဆူနဲ့ လောင်းလိုက်တော့ အညှီနံ့တွေ၊ အချွဲတွေ စင်သွားပါတယ်။ ရေပူထဲမှာတော့ ကြာကြာမထားပါဘူး။ ကြာရင် ကင်းမွန် အသားက မာသွားပြီး စားလို့ မကောင်းတော့လို့ပါ။ ကင်းမွန်တွေ အေးသွားရင် ကတ်ကြေးနဲ့ အနေတော်လေးတွေ ကိုက်ဖြတ်ပါတယ်။ ပြီးတော့ ဆား၊ အချိုမှုန့်တို့နဲ့ နယ်ထားပါတယ်။

ကြက်သွန်ဖြူ၊ နီ၊ ဂျင်းထောင်းပြီး ငရုတ်သီးအစိမ်းမှုန့်ထည့်၊ ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ရင် နယ်နှပ်ထားတဲ့ ကင်းမွန်လေးတွေ ထည့်ပါတယ်။ ငံပြာရည် အနည်းငယ်ထည့်လုံးပါတယ်။ ကင်းမွန်က ထွက်တဲ့ ရေလေးနဲ့ပဲ လုံးပေးပါတယ်။ ရေခန်းရင်တော့ ကင်းမွန်အနေအထားကြည့်ပြီး ရေကို ထည့်တယ်ဆိုရုံ အနည်းငယ်လေး ထည့်ပါတယ်။ သိပ်ပြီး ကြာကြာမတည်ရပါဘူး။ မီးပူမှာ ကြာရင် ကင်းမွန်အသားတွေ မာသွားမှာ စိုးလို့ပါ။ အရသာ မြည်းပြီး အနေတော်ဆို ကင်းမွန်ဟင်းတစ်ခွက် ရပါပြီနော်။ ကျွန်မကတော့ ကင်းမွန်ဟင်းနဲ့ ပဲနီလေးဟင်းချိုလေး တွဲဖက်စားပါတယ်။ စားရတာ လိုက်ဖက်လို့ပါ။

ကဲ - ကင်းမွန်ဟင်းလေး အားပေးသွားကြပါဦး



Wednesday, March 2, 2011

"ခရမ်းချဉ်သီးငါးပိချက်"

7 comments
ဒီနေ့တော့ ခရမ်းချဉ်သီးငါးပိချက်လေး ချက်ဖြစ်ပါတယ်။ ခရမ်းချဉ်သီးငါးပိချက် ချက်ရတာက လွယ်ပါတယ်။ ပထမဆုံး ကြက်သွန်ဖြူ၊ နီ ထောင်းပါတယ်။ ခရမ်းချဉ်သီးတွေကို ရေဆေးပြီး လှီးထားပါတယ်။ မီးဖိုပေါ် ဆီအိုးတင်၊ ဆီပူရင် နနွင်းမှုန့်လေးအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ၊ နီ၊ အရောင်တင်မှုန့် ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ရင် ပုဇွန်ခြောက်မှုန့်ထည့် ဆီသတ်ပါတယ်။ ငါးပိစိမ်းစားကို ရေကျက်အေးလေးနဲ့ ဖျော်ပြီး ထည့်ပါတယ်။ ရေခမ်းရင် လှီးထားတဲ့ ခရမ်းချဉ်သီး ထည့်ပါတယ်။  ငံပြာရည်၊ (အချိုမှုန့် သုံးလျှင်ထည့်) ထည့်ပါတယ်။ ခရမ်းချဉ်သီးတွေ လိပ်ပြီး ဆီပြန်လာအောင် တည်ပေးပါတယ်။ ခရမ်းချဉ်သီးလေးတွေ လိပ်ပြီး  ဆီပြန်လာရင် ငရုတ်သီးစိမ်း ခြမ်းထည့်ပါတယ်။ နံနံပင်ရေဆေးပြီး လှီးဖြတ်ထည့်ပါတယ်။ ဒါဆို ခရမ်းချဉ်သီး ငါးပိချက် မွှေးမွှေးလေး ရပါပြီ။ အိမ်မှာ ဘာဟင်းပဲချက်ချက် တွဲဖက်စားလို့ကောင်းပါတယ်။ ကျွန်မကတော့ များများလေး ချက်၊ ဗူးနဲ့ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထား ပါတယ်။ နောက်နေ့တွေလည်း စားလို့ရအောင် ပေါ့။




Monday, February 28, 2011

"ငါးသံပုရာပေါင်း"

2 comments
ဒီနေ့တော့ နေကောင်းခါစ စာရေးဆရာနဲ့ အဆင်ပြေအောင် ဆီလည်းမပါ၊ ခံတွင်းလည်းပေါက်မယ့် ငါးသံပုရာပေါင်းလေး လုပ်စားပါတယ်။ အမှန်အတိုင်းပြောမယ်နော်။ စာရေးဆရာကို ခေါင်းစဉ်တပ်ပြီး ကျွန်မစားချင်တာလေးတွေ ချက်ရတာပေါ့။

ငါးသံပုရာပေါင်း ပေါင်းဖို့အတွက် ကျွန်မကတော့ တီလားပီးယား (ဇလားပီးယား)ငါး ၀ယ်ခဲ့ပါတယ်။ ရန်ကုန်မှာ ဆိုရင်တော့ ကတ်ကတစ်လေးနဲ့ ပေါင်းစားပါတယ်။ တီလားပီးယားငါးကို ဗိုက်ခွဲ၊ အညစ်အကြေးတွေထုတ်၊ ရေဆေးပြီး အကောင်လိုက်ကို ဆား၊ အချိုမှုန့်နဲ့ နယ်နှပ်ထားပါတယ်။ ဂျင်း ပါးပါးလှီးပြီး၊ ကြက်သွန်ဖြူကို ဒါးပြားရိုက်ထားပါတယ်။ ငရုတ်သီးစိမ်း အစပ်စားနိုင်သလောက်နဲ့ ကြက်သွန်ဖြူ ခပ်များများကို ရောပြီး ထောင်းပါတယ်။ ပန်းကန်တစ်လုံးမှာ ရေကျက်အေး အနည်းငယ် ထည့်ပါတယ်။ ရေကျက်အေးထဲကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ထောင်းထားတာ ထည့်ပါတယ်။ သံပုရာရည် ရွှဲရွှဲညှစ်ပါတယ်။ ဆား၊ အချိုမှုန့် ထည့်ပါတယ်။ နံနံပင်နဲ့ ကြက်သွန်မြိတ်ကို ရိတ်ရိတ် လှီးထည့်၊ အားလုံးသမအောင် မွှေပြီး ဖျော်ထားပါတယ်။ မီးဖိုပေါ်ဒယ်အိုးတင်ပြီး ရေအနည်းငယ် ထည့်တည်ပါတယ်။ ရေဆူရင် ဂျင်းနဲ့ ကြက်သွန်ဖြူ ဒါးပြား ရိုက်ထားတာ ထည့်ပါတယ်။ ငါးထည့် ပြုတ်ပါတယ်။ ခဏနေရင် ငါးကို တစ်ဖက်ခြမ်းကို လှန်ပြီး ပြုတ်ပါတယ်။ နှစ်ဖက်လုံးကျက်အောင် ပြုတ်ပေးပါတယ်။ အရည်အနည်းငယ် ကျန်အောင် ပြုတ်ပါတယ်။ ငါးပြုတ်ထားတာ ရရင် ပန်းကန်ပြားထဲကို ငါးနဲ့ ငါးပြုတ်ရည်တွေ ပြောင်းထည့် ပါတယ်။ အပေါ်ကနေ ခုနက ငရုတ်သီးစိမ်း၊ သံပုရာရည် စတာတွေနဲ့ ဖျော်ထားတဲ့ ချဉ်စပ်ရည်လေး လောင်းထည့်ပါတယ်။ ဒါဆို ချဉ်ချဉ်စပ်စပ်၊ သံပုရာနံ့ မွှေးမွှေးလေးနဲ့ ငါးသံပုရာပေါင်လေးရပြီပေါ့နော်။

ငါးသံပုရာပေါင်း


ကျွန်မ၀ယ်လာတဲ့ ငါးကို စာရေးဆရာက သေးတယ်တဲ့။ နောက်ဆို ပိုကြီးတာဝယ်တဲ့။ လျှာလည်သွားပုံပဲ။

Saturday, February 26, 2011

"မာလာဟင်း"

3 comments
တရုတ်နှစ်ကူးမတိုင်မီက သူငယ်ချင်းတစ်ယောက်နဲ့ City Hall သွားရင်း မာလာဟင်းအနှစ်နဲ့ မာလာ ခေါက်ဆွဲခြောက် ၀ယ်လာခဲ့ပြီး လွန်ခဲ့တဲ့ ရုံးပိတ်ရက်ကမှ မာလာဟင်းချက်စားဖြစ်ပါတယ်။ မအားတာနဲ့ အခုမှပဲ ဒီပို့စ်လေး တင်ဖြစ်တာပါ။

မာလာဟင်းချက်ဖို့ ကြက်သားကို ရေဆေးပြီး နုပ်နုပ်ဆင်းပါတယ်။ ပြီးတော့ ဆား၊ အချိုမှုန့် နယ်ထား ပါတယ်။ ဒယ်အိုးထဲ ဆီအနည်းငယ် ထည့်ပြီး မီးဖိုပေါ်တင်ပါတယ်။ ဆီပူလာရင် မာလာဟင်းအနှစ်ထုပ် ဖောက်ထည့် ပါတယ်။ မြေပဲဆန်ထောင်းထားတာ ထည့်ပါတယ်။ ခဏနေရင် နုပ်နုပ်စင်းထားတဲ့ ကြက်သားတွေ ထည့်ပြီး လုံးချက်ပါတယ်။ အသားနူးအောင် ရေနွေးအနည်းငယ် ထည့်ပါတယ်။ အသား နူးရင် ဟင်းအနှစ်ရပါပြီ။  မာလာဟင်း အနှစ်ထုပ်မှာပါတဲ့ အစပ်ကပဲ ကျွန်မအတွက် အနေတော်မို့ ငရုတ်သီးထပ်ဖြည့် မထည့်တော့ပါဘူး။ ကျွန်မကတော့ အသီးအရွက်အတွက် ကျောက်ပွင့်၊ ကြွက်နားရွက် မှိုခြောက်၊ ပန်းဂေါ်ဖီအစိမ်း၊ ပြောင်းဖူးအသေး၊ မှို၊ မုန်ညှင်းဖြူ၊ ကိုက်လန်၊ ကြာစွယ်၊ အာလူး စတာတွေကို သုံးပါတယ်။

အာလူးကို အခွံခွာပြီး ပါးပါးလှီးထားပါတယ်။ မာလာခေါက်ဆွဲ၊ ကျောက်ပွင့်နဲ့ ကြွက်နားရွက်မှိုကို ရေစိမ်ထား ပါတယ်။ တခြား အသီးအရွက်တွေကို လှီးဖြတ်ပြီး ရေဆေးထားပါတယ်။ ငုံးဥတွေကို ပြုတ်ပြီး အခွံခွှာထားပါတယ်။ အိုးတစ်လုံးထဲမှာ ရေထည့်ပြီး မီးဖိုပေါ်တင်ပါတယ်။ ရေဆူရင် မာလာခေါက်ဆွဲ ထည့်ပါတယ်။ ပြီးတော့ အသီးအရွက်တွေ တစ်ခုချင်းစီ ထည့်ပြုတ်ပါတယ်။ အနူး ကြာတာတွေကို အရင်ထည့်ပါတယ်။ အားလုံး ပြုတ်ပြီးရင် ဆယ်ပြီး ဇကာနဲ့ ရေစစ်ထားပါတယ်။ ပြီးမှ မာလာခေါက်ဆွဲ၊ အသီးအရွက်တွေနဲ့ ငုံးဥကို ခုနက မာလာဟင်းအနှစ်နဲ့ ချက်ထားတဲ့ ကြက်သားအိုးထဲ ထည့်ပြီး သမအောင် ရောမွှေပါတယ်။ အရသာ အတွက် အချိုမှုန့်နဲ့ ပဲငံပြာရည်ထည့်ပြီး ပြင်ပါတယ်။ အရသာအနေတော်ဖြစ်ရင်တော့ မာလာဟင်းတစ်ခွက် ရပါပြီနော်။

ကျွန်မတတ်သလောက် မှတ်သလောက် ချက်စားတာဆိုတော့ ဆိုင်တွေမှာ ရောင်းသလောက်တော့ ကောင်းမှာ မဟုတ်ပေမယ့် ကျွန်မနဲ့ စာရေးဆရာ အာသာပြေတော့ စားလို့ဖြစ်ပါတယ်ရှင်။

ကျွန်မရဲ့ မာလာဟင်းလေးပါ။





Related Posts Plugin for WordPress, Blogger...