Saturday, March 5, 2011

"ကြက်ဥချဉ်ရည်ဟင်း"

7 comments
ဒီနေ့တော့ ကြက်ဥကို ဆီပြန်ချက်စားရတာအီလို့ ကြက်ဥချဉ်ရည်လေး ချက်စားဖြစ်ပါတယ်။ ချဉ်ရည်လေး ဆိုတော့ ထမင်းမြိန်တယ်လေ။ ဒီမှာ ဘဲဥမရတော့ ကြက်ဥနဲ့ပဲ ချက်စားရတာပေါ့။

ပထမဆုံး အိုးတစ်လုံးမှာ ကြက်ဥတွေထည့်၊ ကြက်ဥတွေ မြုပ်တဲ့အထိ ရေထည့်ပြီး အဖုံးဖွင့်လျက် နာရီဝက်လောက် ပြုတ်လိုက်ပါတယ်။ ကြက်ဥပြုတ်ထားတုန်း ကြက်သွန်ဖြူ၊ နီ ထောင်းပါတယ်။ ခရမ်းချဉ်သီး တစ်လုံးကို မထူမပါးလှီးထားပါတယ်။ အာလူးကို အခွံခွာ၊ အနေတော်တုံးပြီး ဆားရည် စိမ်ထားပါတယ်။ ရုံးပတီသီးကို ရေဆေးပြီး လက်တစ်ဆစ်သာသာ အနေလေးတွေ လှီးထားပါတယ်။ မကျီးသီးကို ရေဆေးပြီး ပန်းကန်တစ်လုံးမှာ ရေနွေးဆူဆူဖျောထားပါတယ်။ ကြက်ဥပြုတ်ရရင် ရေအေးစိမ်လိုက်ပါတယ်။ အေးသွားမှ အခွံခွာပြီး အပ်ချည်ကြိုးနဲ့ အရာလေးတွေ လိုက်ပေးထားပါတယ်။ ချက်တဲ့အခါ ဟင်းနှစ်အရသာ ကြက်ဥထဲ ၀င်အောင်လို့ပါ။

မီးဖိုပေါ် အိုးတစ်လုံးတင်ပြီး ဆီထည့်ပါတယ်။ ဆီပူရင် ဆနွင်းမှုန့် အနည်းငယ် ထည့်လိုက်ပါတယ်။ ကြက်သွန်ဖြူ၊ နီ ထောင်းထားတာနဲ့ ငရုတ်သီးအစိမ်းမှုန့် (အရောင်တင်မှုန့်) ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ရင် ခရမ်းချဉ်သီးတွေထည့်ပြီး လုံးပါတယ်။ ဆီပြန်ရင် ဆားရည်စိမ်ထားတဲ့ အာလူးတွေ ထည့်ပါတယ်။ အချိုမှုန့်၊ ငံပြာရည် နဲ့ မဆလာ ထည့်လုံးပါတယ်။ အနံ့မွှေးလာရင် ရေနွေးဆူဆူ အနည်းငယ်ထည့်ပြီး တည်ပါတယ်။ ရေခန်းခါနီး အားလူလည်း နူးခါနီးပြီဆို ကြက်ဥတွေထည့်ပါတယ်။ ခဏလုံးပြီးရင် ရေဆူဆူကို ကိုယ်လိုချင်သလောက် ဟင်းရည်အနေအထား ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါတယ်။ ဟင်းရည်ဆူပြီး အာလူးနူးရင် ရုံးပတီသီးထည့်ပါတယ်။ ဟင်းရည် ပြန်ဆူလာရင် မကျီးရည် ထည့်ပါတယ်။ ဟင်းရည်ကျအောင် တည်ပေးပါတယ်။ အရသာမြည်းပြီး လိုသလို ပြင်ပါတယ်။ ဒါဆို ကြက်ဥချဉ်ရည်ဟင်း တစ်ခွက် ရပါပြီနော်။ ကျွန်မကတော့ ခပ်ချဉ်ချဉ်လေး ချက်ပါတယ်။ 





Friday, March 4, 2011

"ကင်းမွန်ဟင်း"

6 comments
မနေ့ကချက်စားဖြစ်တဲ့ ကင်းမွန်ဟင်းလေးအကြောင်း ပြောပြချင်ပါတယ်။ စာရေးဆရာက ကင်းမွန် သိပ်ကြိုက် ပါတယ်။ သုပ်တာကို ပိုပြီး ကြိုက်ပါတယ်။ ဒါကြောင့် သုပ်စားဖြစ်တာ များပါတယ်။ ရန်ကုန်မှာတုန်းကတော့ ကျွန်မမေမေက ကင်းမွန်ကို ဟင်းချက်ပေးပါတယ်။ အခုလည်း သုပ်စားဖြစ်တာပဲ များနေလို့ ဒီတစ်ခါတော့ ကင်းမွန်ကို ဟင်းချက်စားဖြစ်ပါတယ်။

ကင်းမွန်ကို အရေခွံအမဲတွေခွာ၊ ဗိုက်ထဲက အညစ်အကြေးတွေထုတ်၊ ခေါင်းထဲက မျက်စိတွေဘာတွေ လှီးထုတ်ပစ်ပါတယ်။ မျက်စိထုတ်တဲ့အခါ သတိထားရပါတယ်။ မျက်စိက မဲမဲအရည်တွေ စင်တတ် လို့ပါ။ ပြီးရင် ရေစင်စင်ဆေးပြီး ဇလုံတစ်လုံးမှာ ထည့်ထားပါတယ်။ ရေနွေးတည်ပါတယ်။ ရေနွေးဆူရင် ကင်မွန်ထည့်ထားတဲ့ ဇလုံထဲကို ရေဆူဆူတွေ လောင်းထည့်လိုက်ပါတယ်။ ထည့်ပြီးပြီးချင်းပဲ ကင်းမွန်တွေကို ဆယ်ပြီး ဇကာနဲ့ ရေစစ်ထားပါတယ်။ အဲဒီလို ရေဆူဆူနဲ့ လောင်းလိုက်တော့ အညှီနံ့တွေ၊ အချွဲတွေ စင်သွားပါတယ်။ ရေပူထဲမှာတော့ ကြာကြာမထားပါဘူး။ ကြာရင် ကင်းမွန် အသားက မာသွားပြီး စားလို့ မကောင်းတော့လို့ပါ။ ကင်းမွန်တွေ အေးသွားရင် ကတ်ကြေးနဲ့ အနေတော်လေးတွေ ကိုက်ဖြတ်ပါတယ်။ ပြီးတော့ ဆား၊ အချိုမှုန့်တို့နဲ့ နယ်ထားပါတယ်။

ကြက်သွန်ဖြူ၊ နီ၊ ဂျင်းထောင်းပြီး ငရုတ်သီးအစိမ်းမှုန့်ထည့်၊ ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ရင် နယ်နှပ်ထားတဲ့ ကင်းမွန်လေးတွေ ထည့်ပါတယ်။ ငံပြာရည် အနည်းငယ်ထည့်လုံးပါတယ်။ ကင်းမွန်က ထွက်တဲ့ ရေလေးနဲ့ပဲ လုံးပေးပါတယ်။ ရေခန်းရင်တော့ ကင်းမွန်အနေအထားကြည့်ပြီး ရေကို ထည့်တယ်ဆိုရုံ အနည်းငယ်လေး ထည့်ပါတယ်။ သိပ်ပြီး ကြာကြာမတည်ရပါဘူး။ မီးပူမှာ ကြာရင် ကင်းမွန်အသားတွေ မာသွားမှာ စိုးလို့ပါ။ အရသာ မြည်းပြီး အနေတော်ဆို ကင်းမွန်ဟင်းတစ်ခွက် ရပါပြီနော်။ ကျွန်မကတော့ ကင်းမွန်ဟင်းနဲ့ ပဲနီလေးဟင်းချိုလေး တွဲဖက်စားပါတယ်။ စားရတာ လိုက်ဖက်လို့ပါ။

ကဲ - ကင်းမွန်ဟင်းလေး အားပေးသွားကြပါဦး



Wednesday, March 2, 2011

"ခရမ်းချဉ်သီးငါးပိချက်"

7 comments
ဒီနေ့တော့ ခရမ်းချဉ်သီးငါးပိချက်လေး ချက်ဖြစ်ပါတယ်။ ခရမ်းချဉ်သီးငါးပိချက် ချက်ရတာက လွယ်ပါတယ်။ ပထမဆုံး ကြက်သွန်ဖြူ၊ နီ ထောင်းပါတယ်။ ခရမ်းချဉ်သီးတွေကို ရေဆေးပြီး လှီးထားပါတယ်။ မီးဖိုပေါ် ဆီအိုးတင်၊ ဆီပူရင် နနွင်းမှုန့်လေးအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ၊ နီ၊ အရောင်တင်မှုန့် ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်ကျက်ရင် ပုဇွန်ခြောက်မှုန့်ထည့် ဆီသတ်ပါတယ်။ ငါးပိစိမ်းစားကို ရေကျက်အေးလေးနဲ့ ဖျော်ပြီး ထည့်ပါတယ်။ ရေခမ်းရင် လှီးထားတဲ့ ခရမ်းချဉ်သီး ထည့်ပါတယ်။  ငံပြာရည်၊ (အချိုမှုန့် သုံးလျှင်ထည့်) ထည့်ပါတယ်။ ခရမ်းချဉ်သီးတွေ လိပ်ပြီး ဆီပြန်လာအောင် တည်ပေးပါတယ်။ ခရမ်းချဉ်သီးလေးတွေ လိပ်ပြီး  ဆီပြန်လာရင် ငရုတ်သီးစိမ်း ခြမ်းထည့်ပါတယ်။ နံနံပင်ရေဆေးပြီး လှီးဖြတ်ထည့်ပါတယ်။ ဒါဆို ခရမ်းချဉ်သီး ငါးပိချက် မွှေးမွှေးလေး ရပါပြီ။ အိမ်မှာ ဘာဟင်းပဲချက်ချက် တွဲဖက်စားလို့ကောင်းပါတယ်။ ကျွန်မကတော့ များများလေး ချက်၊ ဗူးနဲ့ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထား ပါတယ်။ နောက်နေ့တွေလည်း စားလို့ရအောင် ပေါ့။




Monday, February 28, 2011

"ငါးသံပုရာပေါင်း"

2 comments
ဒီနေ့တော့ နေကောင်းခါစ စာရေးဆရာနဲ့ အဆင်ပြေအောင် ဆီလည်းမပါ၊ ခံတွင်းလည်းပေါက်မယ့် ငါးသံပုရာပေါင်းလေး လုပ်စားပါတယ်။ အမှန်အတိုင်းပြောမယ်နော်။ စာရေးဆရာကို ခေါင်းစဉ်တပ်ပြီး ကျွန်မစားချင်တာလေးတွေ ချက်ရတာပေါ့။

ငါးသံပုရာပေါင်း ပေါင်းဖို့အတွက် ကျွန်မကတော့ တီလားပီးယား (ဇလားပီးယား)ငါး ၀ယ်ခဲ့ပါတယ်။ ရန်ကုန်မှာ ဆိုရင်တော့ ကတ်ကတစ်လေးနဲ့ ပေါင်းစားပါတယ်။ တီလားပီးယားငါးကို ဗိုက်ခွဲ၊ အညစ်အကြေးတွေထုတ်၊ ရေဆေးပြီး အကောင်လိုက်ကို ဆား၊ အချိုမှုန့်နဲ့ နယ်နှပ်ထားပါတယ်။ ဂျင်း ပါးပါးလှီးပြီး၊ ကြက်သွန်ဖြူကို ဒါးပြားရိုက်ထားပါတယ်။ ငရုတ်သီးစိမ်း အစပ်စားနိုင်သလောက်နဲ့ ကြက်သွန်ဖြူ ခပ်များများကို ရောပြီး ထောင်းပါတယ်။ ပန်းကန်တစ်လုံးမှာ ရေကျက်အေး အနည်းငယ် ထည့်ပါတယ်။ ရေကျက်အေးထဲကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ထောင်းထားတာ ထည့်ပါတယ်။ သံပုရာရည် ရွှဲရွှဲညှစ်ပါတယ်။ ဆား၊ အချိုမှုန့် ထည့်ပါတယ်။ နံနံပင်နဲ့ ကြက်သွန်မြိတ်ကို ရိတ်ရိတ် လှီးထည့်၊ အားလုံးသမအောင် မွှေပြီး ဖျော်ထားပါတယ်။ မီးဖိုပေါ်ဒယ်အိုးတင်ပြီး ရေအနည်းငယ် ထည့်တည်ပါတယ်။ ရေဆူရင် ဂျင်းနဲ့ ကြက်သွန်ဖြူ ဒါးပြား ရိုက်ထားတာ ထည့်ပါတယ်။ ငါးထည့် ပြုတ်ပါတယ်။ ခဏနေရင် ငါးကို တစ်ဖက်ခြမ်းကို လှန်ပြီး ပြုတ်ပါတယ်။ နှစ်ဖက်လုံးကျက်အောင် ပြုတ်ပေးပါတယ်။ အရည်အနည်းငယ် ကျန်အောင် ပြုတ်ပါတယ်။ ငါးပြုတ်ထားတာ ရရင် ပန်းကန်ပြားထဲကို ငါးနဲ့ ငါးပြုတ်ရည်တွေ ပြောင်းထည့် ပါတယ်။ အပေါ်ကနေ ခုနက ငရုတ်သီးစိမ်း၊ သံပုရာရည် စတာတွေနဲ့ ဖျော်ထားတဲ့ ချဉ်စပ်ရည်လေး လောင်းထည့်ပါတယ်။ ဒါဆို ချဉ်ချဉ်စပ်စပ်၊ သံပုရာနံ့ မွှေးမွှေးလေးနဲ့ ငါးသံပုရာပေါင်လေးရပြီပေါ့နော်။

ငါးသံပုရာပေါင်း


ကျွန်မ၀ယ်လာတဲ့ ငါးကို စာရေးဆရာက သေးတယ်တဲ့။ နောက်ဆို ပိုကြီးတာဝယ်တဲ့။ လျှာလည်သွားပုံပဲ။

Saturday, February 26, 2011

"မာလာဟင်း"

3 comments
တရုတ်နှစ်ကူးမတိုင်မီက သူငယ်ချင်းတစ်ယောက်နဲ့ City Hall သွားရင်း မာလာဟင်းအနှစ်နဲ့ မာလာ ခေါက်ဆွဲခြောက် ၀ယ်လာခဲ့ပြီး လွန်ခဲ့တဲ့ ရုံးပိတ်ရက်ကမှ မာလာဟင်းချက်စားဖြစ်ပါတယ်။ မအားတာနဲ့ အခုမှပဲ ဒီပို့စ်လေး တင်ဖြစ်တာပါ။

မာလာဟင်းချက်ဖို့ ကြက်သားကို ရေဆေးပြီး နုပ်နုပ်ဆင်းပါတယ်။ ပြီးတော့ ဆား၊ အချိုမှုန့် နယ်ထား ပါတယ်။ ဒယ်အိုးထဲ ဆီအနည်းငယ် ထည့်ပြီး မီးဖိုပေါ်တင်ပါတယ်။ ဆီပူလာရင် မာလာဟင်းအနှစ်ထုပ် ဖောက်ထည့် ပါတယ်။ မြေပဲဆန်ထောင်းထားတာ ထည့်ပါတယ်။ ခဏနေရင် နုပ်နုပ်စင်းထားတဲ့ ကြက်သားတွေ ထည့်ပြီး လုံးချက်ပါတယ်။ အသားနူးအောင် ရေနွေးအနည်းငယ် ထည့်ပါတယ်။ အသား နူးရင် ဟင်းအနှစ်ရပါပြီ။  မာလာဟင်း အနှစ်ထုပ်မှာပါတဲ့ အစပ်ကပဲ ကျွန်မအတွက် အနေတော်မို့ ငရုတ်သီးထပ်ဖြည့် မထည့်တော့ပါဘူး။ ကျွန်မကတော့ အသီးအရွက်အတွက် ကျောက်ပွင့်၊ ကြွက်နားရွက် မှိုခြောက်၊ ပန်းဂေါ်ဖီအစိမ်း၊ ပြောင်းဖူးအသေး၊ မှို၊ မုန်ညှင်းဖြူ၊ ကိုက်လန်၊ ကြာစွယ်၊ အာလူး စတာတွေကို သုံးပါတယ်။

အာလူးကို အခွံခွာပြီး ပါးပါးလှီးထားပါတယ်။ မာလာခေါက်ဆွဲ၊ ကျောက်ပွင့်နဲ့ ကြွက်နားရွက်မှိုကို ရေစိမ်ထား ပါတယ်။ တခြား အသီးအရွက်တွေကို လှီးဖြတ်ပြီး ရေဆေးထားပါတယ်။ ငုံးဥတွေကို ပြုတ်ပြီး အခွံခွှာထားပါတယ်။ အိုးတစ်လုံးထဲမှာ ရေထည့်ပြီး မီးဖိုပေါ်တင်ပါတယ်။ ရေဆူရင် မာလာခေါက်ဆွဲ ထည့်ပါတယ်။ ပြီးတော့ အသီးအရွက်တွေ တစ်ခုချင်းစီ ထည့်ပြုတ်ပါတယ်။ အနူး ကြာတာတွေကို အရင်ထည့်ပါတယ်။ အားလုံး ပြုတ်ပြီးရင် ဆယ်ပြီး ဇကာနဲ့ ရေစစ်ထားပါတယ်။ ပြီးမှ မာလာခေါက်ဆွဲ၊ အသီးအရွက်တွေနဲ့ ငုံးဥကို ခုနက မာလာဟင်းအနှစ်နဲ့ ချက်ထားတဲ့ ကြက်သားအိုးထဲ ထည့်ပြီး သမအောင် ရောမွှေပါတယ်။ အရသာ အတွက် အချိုမှုန့်နဲ့ ပဲငံပြာရည်ထည့်ပြီး ပြင်ပါတယ်။ အရသာအနေတော်ဖြစ်ရင်တော့ မာလာဟင်းတစ်ခွက် ရပါပြီနော်။

ကျွန်မတတ်သလောက် မှတ်သလောက် ချက်စားတာဆိုတော့ ဆိုင်တွေမှာ ရောင်းသလောက်တော့ ကောင်းမှာ မဟုတ်ပေမယ့် ကျွန်မနဲ့ စာရေးဆရာ အာသာပြေတော့ စားလို့ဖြစ်ပါတယ်ရှင်။

ကျွန်မရဲ့ မာလာဟင်းလေးပါ။





Tuesday, February 22, 2011

"ဘဲသားအာလူး၊ ပဲနီလေးဟင်းချိုနဲ့ သရက်သီးသုပ်"

4 comments
ဒီနေ့တော့ ဘဲဘက်လှည့်ပါတယ်။ ဘဲသားဟင်း ချက်စားတာကို ပြောတာပါ။ ကြက်သား၊ ၀က်သား ထပ်နေတော့ ဘဲကိုလည်း အလှည့်ပေးရပါသေးတယ်။ ဆိတ်ကတော့ စာရေးဆရာက စားပေမယ့် ကျွန်မက မစားတော့ မချက်ဖြစ်ပါဘူး။ ဒီနေ့တော့ ဘဲသားကို အာလူးနဲ့ ချက်ပါတယ်။

ဘဲသားကို အနေတော်တုံး၊ ရေဆေးပြီး ငံပြာရည်၊ ဂျင်းရည်၊ အချိုမှုန့်၊ မဆလာ တို့နဲ့ နာနာ နယ်ထားပါတယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းပါတယ်။ အာလူးကို အခွံခွာ၊ ရေဆေး၊ လေးစိတ် စိတ်ပြီး ဆားရည်နဲ့ စိမ်ထားပါတယ်။ မီးဖိုပေါ် ဆီအိုးတင်ပါတယ်။ ဆီပူရင် ဇီယာ၊ ကရဝေးရွက်နဲ့ သစ်ဂျပိုးခေါက်တို့ကို ထည့် ဆီသတ်ပါတယ်။ ခဏနေမှ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းထားတာတွေပါ ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်ကျွပ်ပြီး မွှေးလာရင် ဘဲသားထည့်လုံးပါတယ်။ ငံပြာရည်၊ အချိုမှုန့် အနည်းငယ်စီ ထည့်လုံးပါတယ်။ ဘဲသားက ထွက်တဲ့ရေခန်းပြီး ဆီပြန်လာရင် ရေနွေးဆူဆူ ထည့်ပြီး တည်ပါတယ်။ ဘဲသားက အသားနူးဖို့ ကြာပါတယ်။ မနူးသေးရင် ရေဆူဆူပဲ ထပ်ဖြည့်ထည့်ပြီး တည်ပါတယ်။ ဘဲသားနူးခါနီးရင် ဆားရည် စိမ်ထားတဲ့ အာလူးတွေ ထည့်ပါတယ်။ အာလူးနူးတဲ့အထိ ဆက်တည်ပါတယ်။ ဘဲသားရော၊ အာလူးပါ နူးပြီဆိုရင်တော့ ဘဲသားနဲ့ အာလူးဟင်းလေးရပါပြီနော်။

ကျွန်မက ဘဲသားဟင်းနဲ့ တွဲဖက်စားဖို့ သရက်သီးသုပ် သုပ်မယ်ပြောတော့၊ စာရေးဆရာက သရက်သီးသုပ်နဲ့ ပဲကြီးဟင်းချိုလေးဆို သိပ်စားကောင်းမှာပဲတဲ့။ သူစားချင်တာလေး ချက်ကျွေးချင် ပေမယ့် ပဲကြီးက ၀ယ်ထားတာ အဆင်သင့် မရှိပါဘူး။ ဒီတော့ ပဲနီလေး ဟင်းချိုလေး ချက်ပေးမယ်နော် ဆိုပြီး အရည်သောက်အဖြစ် ပဲနီလေး ဟင်းချိုချက်ပါတယ်။ ပဲနီလေးကို ရေဆေး၊ သန့်စင်ပြီး ပန်းကန်တစ်လုံးထဲမှာ ရေစိမ်ထားပါတယ်။ မီးဖိုပေါ် အိုးတင်ပြီး ဆီအနည်းငယ်ထည့်ပါတယ်။ ဆီပူရင် ဆနွင်းအနည်းငယ် ထည့်ပါတယ်။ ပြီးမှ ဂျင်းဒါးပြားရိုက်ထားတာနဲ့ ကြက်သွန်နီ ပါးပါးလှီးထားတာကို ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်မွှေးလာရင် ရေစိမ်ထားလို့ ပွနေပြီဖြစ်တဲ့ ပဲနီလေးတွေ ထည့်ပါတယ်။ ဆား၊ အချိုမှုန့် ထည့်လုံးပါတယ်။ ဆီပြန်လာရင် ရေနွေးလိုသလောက် ထည့်တည် ပါတယ်။ ပဲဟင်းရည် ကျပြီး အရသာ အနေတော်ဖြစ်သည်အထိ တည်ပေးပါတယ်။ ဟင်းရည်အရသာ အနေတော်ဖြစ်ရင်တော့ ပဲဟင်းချိုလေး ရပါပြီ။

သရက်သီးသုပ်ကိုတော့ စားခါနီးမှ သုပ်စားပါတယ်။ အရင်တစ်ခါ သုပ်စားတုန်းက ၀ယ်ခဲ့တဲ့ Wet Market ထဲက မလေးမ ဆိုင်ကပဲ ၀ယ်ခဲ့တာပါ။ ဒီတစ်ခါ ပိုဆိုးပါတယ်။ သရက်သီးက မချဉ် သလောက်ပါပဲ။ သရက်သီးသုပ် သုပ်နည်းကတော့ အရင်တစ်ခါက ဒီမှာ ရေးဖူးလို့ ထပ်မရေး တော့ဘူးနော်။

ဘဲသားနဲ့ အာလူးဟင်း




 ပဲနီလေးဟင်းချိုပူပူလေး


မချဉ်သော သရက်သီးသုပ်


Sunday, February 20, 2011

"ကြာဇံချက်နဲ့ ရှောက်သီးသုပ်"

6 comments
အခုရက်ပိုင်းအတွင်း စာရေးဆရာကလည်း နေသိပ်မကောင်းဘူး။ ခံတွင်းပျက်နေတယ်။ စားသမျှ အရသာမရှိသလို ဖြစ်နေတာပေါ့လေ။ ဒီတော့ ကျွန်မလည်း ကြာဇံချက်နဲ့ ရှောက်သီးသုပ် စားမလားလို့ စကားခေါ်ကြည့်ပါတယ်။ တကယ်က ခံတွင်းမပျက်တဲ့ ကျွန်မက စားချင်တာပါ။ စာရေးဆရာကလည်း ချက်လေ၊ စားတာပေါ့တဲ့။ တကယ်တော့ စာရေးဆရာက နေကောင်းနေတဲ့အချိန်ဆို ဒါမျိုးတွေကို စားတာမဟုတ်ဘူး။ သူက ထမင်းနဲ့ ဟင်းကို ပိုပြီး ခုံမင်တယ်လေ။ အခုတော့ သူလည်း ခံတွင်း ပျက်နေတဲ့ အချိန်မို့ ထမင်းဟင်းတွေထက် ပူတာ၊ စပ်တာလေး စားချင်တယ်ထင်တယ်။ ဒီတော့ ကျွန်မလည်း ဟင်းမချက်တော့ဘဲ ကြာဇံချက်နဲ့ ရှောက်သီးသုပ် လုပ်ဖို့ ပြင်ဆင်ပါတယ်။

ပဲကြာဇံ၊ မှိုခြောက်၊ ပန်းခြောက် တွေကို ရေစိမ်ထားလိုက်ပါတယ်။ ကြက်သွန်နီ ခပ်ကြီးကြီး သုံးလေးဥကို လေးစိတ် စိတ်ထားပါတယ်။ ငုံးဥကို ပြုတ်ပြီး အခွံနွှာထားပါတယ်။ ရေစိမ်ထားတဲ့ ပန်းခြောက်တွေ ပွလာရင် အလယ်က ၀တ်ဆံလေးတွေ ထုတ်ပြီး အထုံးလေးတွေ ထုံးထားပါတယ်။ ကြက်သားကို ရေစင်အောင်ဆေးပြီး အသားသက်သက်၊ အရိုးသက်သက်ဖြစ်အောင် ခွဲထုတ်ပါတယ်။ အရိုးတွေကို ဆား၊ အချိုမှုန့်၊ ငံပြာရည် ၊ ဂျင်းရည် တို့နဲ့ နယ်ပြီး အိုးတစ်လုံးမှာ ရေများများနဲ့ ထည့်ပြုတ်ထားပါတယ်။ အသားတွေကို ခပ်သေးသေး အတုံးလေးတွေ တုံးပြီး ဆား၊ အချိုမှုန့်၊ ငံပြာရည် နယ်ထားပါတယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းပါတယ်။ ဒယ်အိုးထဲမှာ ဆီထည့်၊ ဆီပူရင် ထောင်းထားတာတွေနဲ့ ငရုတ်သီးအစိမ်းမှုန့် ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်မွှေးလာရင် ကြက်သားတုံးလေးတွေ ထည့်လုံးပါတယ်။ ကြက်သားကထွက်တဲ့ရေကုန်ပြီး ဆီပြန်ရင် လေးစိတ် စိတ်ထားတဲ့ ကြက်သွန်တွေထည့်ပါတယ်။ မှိုခြောက်နဲ့ ပန်းခြောက်ထည့် လုံးပါတယ်။ ဆား၊ ငံပြာရည်၊ အချိုမှုန့် ထည့်ပါတယ်။ ခဏလုံးပြီးရင် ကြာဇံတွေပါ ထည့်လုံးပါတယ်။ ငရုတ်ကောင်းစေ့ ထောင်းထားတာလေး ထည့်ပါတယ်။ ရေခန်းလို့ ဆီပြန်ရင် ဆီသတ်ထားတာတွေ အားလုံးကို ကြက်ပြုတ်ရည်အိုးထဲ လောင်းထည့်လိုက်ပါတယ်။ အရည်အတွက် ရေနွေးဆူဆူ လိုသလောက် ထပ်ဖြည့်ထည့်ပါတယ်။ ဟင်းရည်ကျအောင် တည်ပေးပါတယ်။ ဟင်းရည်ဆူရင် ငုံးဥလေးတွေ ထည့်ပြီး အပေါ့အငံ လိုသလို ပြင်ပါတယ်။ ဒါဆို ကြာဇံချက်ပူပူလေး ရပါပြီ။

ကြာဇံချက်ပွဲပြင်ပြီးရင် ထည့်စားဖို့ သံပုရာသီးကို အစိတ်လေးတွေ စိတ်ထားပါတယ်။ ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါတယ်။ နံနံပင် ရေဆေးပြီး လှီးဖြတ်ထားပါတယ်။

ရှောက်သီးသုပ် အတွက်ကတော့ ထုံးစံအတိုင်း ရှောက်သီးမရလို့ သံပုယိုသီးနဲ့ပဲ သုပ်ရပါတယ်။ ရှောက်သီးသုပ် ကိုတော့ အရင်တစ်ခါတုန်းက ဒီမှာ ရေးဖူးပါတယ်။

ကြာဇံချက်ပူပူလေး အားပေးသွားကြပါဦး။


ကြာဇံချက်ထဲ ထည့်စားဖို့


တစ်ပွဲနဲ့ မ၀သူများအတွက် ဟောဒီမှာ လိုက်ပွဲ


ရှောက်သီးသုပ်(ခေါ်)သံပုယိုသီးသုပ်


Friday, February 18, 2011

"၀က်ခြေထောက်စွပ်ပြုတ်"

4 comments
ကျွန်မက ၀က်ခြေထောက်ဝယ်ရင် များသောအားဖြင့် နူးအိနေအောင်ပေါင်း၊ ကန်စွန်းရွက်လေး အုပ်ပြီး ၀က်စတူးလေး လုပ်စားဖြစ်တာများတယ်။ ဒီတစ်ခါတော့ စာရေးဆရာက အရည်လေးလည်း သောက်ပြီး စားရအောင် Soup လေး လုပ်ပါဆိုတာနဲ့ ၀က်ခြေထောက်ကို စွပ်ပြုတ်လေးပဲ လုပ်လိုက် ပါတယ်။ နောက်တစ်ခါမှပဲ ၀က်ခြေထောက်ကို ၀က်စတူး လုပ်စားပါဦးမယ်။

ဝက်ခြေထောက်စွပ်ပြုတ်ကတော့ လွယ်မှလွယ်ပါ။ ၀က်ခြေထောက်ကို ရေစင်စင်ဆေးပါတယ်။ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အကြည်ရည်နဲ့ နယ်ပါတယ်။ ဂျင်းနဲ့ ကြက်သွန်ဖြူ ဒါးပြားရိုက်ထားတာပါ ထည့်နယ် ပါတယ်။ ပြီးတော့ ရေများများထည့်၊ မီးဖိုပေါ်တင်ပြီး ခပ်ကြာကြာလေး ပြုတ်ပေးလိုက် ပါတယ်။ အနူးလိုရင် ရေဆူဆူ ထပ်ဖြည့် ထည့်ပါတယ်။ အသားနူးရင် အရည်အရသာကို အပေါ့ အငံလေး ပြင်ပေးပါတယ်။ အရသာလည်း အနေတော် ဆိုရင်တော့ ပန်းကန်းလေးထဲ ခပ်ထည့်ပြီး ငရုတ်ကောင်းမှုန့်လေးဖြူး၊ ကြက်သွန်မြိတ်လေး အုပ်လိုက်ပါတယ်။ အအီပြေအောင်တော့ နှစ်သက်ရာ အချဉ်လေးနဲ့ တွဲစားပေါ့နော်။

ဝက်ခြေထောက်စွပ်ပြုတ်လေး ရပါပြီ။




စာနည်းနည်းနဲ့ဆိုတော့ ပုံများများလေး တင်ပေးလိုက်တယ်နော်။


Thursday, February 17, 2011

"ငါးခေါင်းချဉ်စပ်ဟင်းရည်"

5 comments
ကျွန်မမှာ အရေးကြီးတဲ့ ကိစ္စတစ်ခုရှိနေလို့ မအားလပ်တာကြောင့် ကျွန်မနှစ်သက်တဲ့ ကျွန်မ ဘလော့လေးကို ခဏပစ်ထားခဲ့ရတာ (၁၀)ရက်နီးပါး ရှိသွားပါပြီ။ ကျွန်မဘလော့လေးအတွက် ပို့စ်အသစ်တွေ မတင်နိုင် သလို၊ မိတ်ဆွေ ဘလော့တွေ ဆီကိုလည်း အလည်မထွက်နိုင်ခဲ့ပါဘူး။ ဘလော့တွေမှာ ခေတ်စားနေတဲ့ Malware အကြောင်းလည်း ကျွန်မရဲ့စာရေးဆရာ ပြောမှပဲ သိရပါတယ်။ ကျွန်မ မအားလပ်တဲ့ အချိန်မှာ စာရေးဆရာကပဲ ကျွန်မရဲ့ဘလော့လေးကို malware စစ်ဆေးပေးပြီး လင့်တချို့မှာ ပြဿနာ ရှိနေတာ ကြောင့် လင့်တွေကို  ခေတ္တဖြုတ်ထားပေးပါတယ်။ ကျွန်မ အားတော့မှ စစ်ဆေးပြီး ပြန်တင်ရအောင်ပါ။ ဒီနေ့တော့ ကျွန်မကိစ္စလည်း ပြီးပြီမို့၊ ကျွန်မ ဘလော့လေးအတွက် ပို့စ်အသစ်လေးတွေ ပြန်တင်ပါပြီနော်။ ဒီနေ့ ကျွန်မတင်ချင်တဲ့ ပို့စ်လေးကတော့ ငါးခေါင်းချဉ်စပ်ဟင်းရည်လေးပါ။ ငါးကြင်းခေါင်း စားချင်လို့ မြန်မာဆိုင်မှာ သွားဝယ်တာ တစ်ထုပ်ပဲ ရခဲ့ပါတယ်။ တစ်ထုပ်မှာ သုံးခေါင်းပဲ ပါပါတယ်။ သုံးခေါင်းလို့သာ ပြောရတာ သုံးခြမ်းလို့ ပြောရင် ပိုမှန်ပါတယ်။ ခေါင်းကို အလယ်က ထက်ခြမ်းခြမ်းထားပြီးသား သုံးခြမ်း ပါတာပါ။ ရန်ကုန်ကို လွမ်းလိုက်တာ။ ရန်ကုန်မှာဆို ပေါလိုက်တဲ့ ငါးကြင်းခေါင်းတွေ။ ကဲလေ - ထားပါတော့ ကျွန်မရဲ့ ငါးခေါင်းချဉ်စပ် ချက်ပုံလေး ပြောပြပါရစေနော်။

ငါးကြင်းခေါင်းတွေကို ရေစင်စင်ဆေးပြီး ဆား၊ အချိုမှုန့်၊ ဆနွင်းတို့နဲ့ နယ်ထားပါတယ်။ ပဲပြားကို အတုံး လေးတွေ တုံးထားတယ်။ မှိုကို ရေဆေးပြီး ထက်ခြမ်း၊ ခြမ်းထားတယ်။ မျှစ်ချဉ်ကို ရေဆေးထားပါတယ်။ ငုံးဥလေးတွေကို ပြုတ်ပြီး အခွံခွာထားပါတယ်။ သံပုရာသီးတစ်လုံးကို အစိတ်လေးတွေ စိတ်ထားတယ်။ နံနံပင်ကို ရေဆေးပြီး ဖြတ်တောက်ထားတယ်။ ငရုတ်သီးစိမ်းလေးတွေကို ထက်ခြမ်းလေးတွေ ပိုင်းထား ပါတယ်။ ကြက်သွန်ဖြူ။ နီ၊ ချင်း၊ စပါးလင် ထောင်းပါတယ်။ 

ငါးခေါင်းတွေကို ဆီပူပူမှာ ထည့်ကြော်ပြီး သိပ်မကျက်လွန်းမီမှာ ဆယ်ထားပါတယ်။  ငါးခေါင်းတွေကို မကြော်ဘဲ ချက်ရင် ဟင်းရည်အိုးထဲမှာ ကြေကုန်လို့ မကျက်တကျက်လေး ကြော်ပြီးမှ ချက်ပါတယ်။ အိုးတစ်လုံးမှာ ဆီအနည်းငယ် ထည့်ပြီး ခုနက ထောင်းထားတဲ့ ကြက်သွန်စတာတွေကို ဆီသတ် ပါတယ်။ ငရုတ်သီး အရောင်တင်မှုန့် ထည့်သတ်ပါတယ်။ ဆီသတ်နံ့ မွှေးလာရင် မျှစ်ချဉ် ထည့်လုံးပါတယ်။ ခဏနေရင် ငါးခေါင်းကိုပါ ထည့်ပါတယ်။ ငံပြာရည်၊ အချိုမှုန့် တို့ပါ ထည့်လုံးပါတယ်။ ဆီပြန်လာရင် ရေနွေးဆူဆူ ထည့်ပြီး တည်ပါတယ်။ ဟင်းရည်ကျအောင် ခပ်ကြာကြာလေးတည်ပြီးရင် မှိုထည့်ပြီး ဆက်တည်ပါတယ်။ ဟင်းရည်လိုချင် သလောက်ကို ရေနွေးဆူဆူထပ်ဖြည့်ပြီး တည်ပါတယ်။ ဟင်းရည် ပြန်ဆူလာရင် ပဲပြားနဲ့ ငုံးဥထည့်ပါတယ်။ သံပုရာရည် ညှစ်ထည့်ပါတယ်။ ငရုတ်သီးစိမ်းထည့်၊ အပေါ့အငံ မြည်းပြီး အရသာကို ပြင်ပါတယ်။ ချဉ်၊ ငံ၊ စပ် အရသာ အနေတော် ဆိုရင် နံနံပင်အုပ်ပြီး ဟင်းအိုးချလို့ရပါပြီ။

ငါးခေါင်းချဉ်စပ်ဟင်းရည်





Tuesday, February 8, 2011

"ကြော်ချင်တိုင်းကြော်"

4 comments
ဘူးသီးကြော် စားချင်နေတာ တော်တော်ကြာပါပြီ။ တရုတ်နှစ်ကူး မတိုင်မီ ဈေးသွားတုန်းက နှစ်ကူး ရက်မှာ ဈေးပိတ်မှာဆိုတော့ အလုအယက် ၀ယ်ကြတာနဲ့ ဘူးသီးကို ရှာလို့တောင် မရဘူး။ တနင်္ဂနွေနေ့ ဈေးသွား တော့မှ ဘူးသီးလေးတွေ တွေ့တာနဲ့ ခပ်သေးသေး တစ်လုံးဝယ်ခဲ့တယ်။ စာရေးဆရာက အကြော် မကြိုက်တဲ့လူ ဆိုတော့ ကျွန်မတစ်ယောက်တည်း စားရမှာလေ။ 

ဘူးသီးကြော် ကြော်ဖို့ ယိုးဒယားမယ် အကြော်မှုန့်ကို သုံးပါတယ်။ အကြော်မှုန့်ကို ရေနဲ့ ခပ်ပျစ်ပျစ် ဖျော်ထား ပါတယ်။ ဘူးသီးကို ထက်ခြမ်းခြမ်းပြီး ရေဆေးတယ်။ ပြီးတော့ အခွံမခွာဘဲ အချောင်းလိုက် လေးတွေ လှီးပါတယ်။ ပြီးတော့ ဘူးသီးလေးတွေကို မုန့်နှစ်မှာ စိမ်ထားပါတယ်။ မီးဖိုပေါ်ဒယ်အိုးတင်ပြီး ဆီများများ ထည့်ပါတယ်။ ဆီပူပြီး အငွေ့ထွက်လာမှ မီးနည်းနည်း လျှော့ပြီး မုန့်နှစ် စိမ်ထားတဲ့ ဘူးသီးလေးတွေ ထည့်ကြော်ပါတယ်။ အကြော်ရရင် ဇကာနဲ့ ဆီစစ်ပါတယ်။ ပြီးမှ ပန်းကန်ပြားထဲ ပြောင်းထည့်ပါတယ်။ အဲဒါဆို ဘူးသီးကြော် ရပါပြီ။

ဘူးသီးကြော် ကြော်ရုံနဲ့ အားမရသေးပါဘူး။ ငုံးဥလေးတွေ ရှိနေတာနဲ့ ငုံးဥကို ပြုတ်၊ မုန့်နှစ်လူးပြီ ငုံးဥကြော် ကြော်ပါတယ်။

အချဉ်အတွက် မန်ကျည်းသီးနဲ့ ထန်းလျက်ကို ရောကျိုပါတယ်။ ပွက်ပွက်ဆူရင် ဆား၊ အချိုမှုန့် ထည့်ပါတယ်။ ငရုတ်ဆီ ထည့်ပြီး ဆက်ကျိုပါတယ်။ အရသာ အနေတော်တို ပန်းကန်းလုံးထဲထည့် အအေးခံထားပါတယ်။ ဘူးသီးကြော်ကို ပါးပါးလှီး၊ ကြက်သွန်စိမ်းပါးပါးလှီးထည့်၊ ဆလတ်ရွက်ထည့်ပြီး အချဉ်ရည်နဲ့ သုပ်စားချင်တာ ပါ။ ဒါပေမဲ့ သုပ်စားတဲ့ဆီ မရောက်လိုက်ပါဘူး။ ကြော်ပြီးတာနဲ့ အချဉ်နဲ့ တို့စားလိုက်တာ ကုန်ပါရောလေ။ ကျွန်မတစ်ယောက်တည်း မထင်နဲ့နော်။ အကြော် မကြိုက်တဲ့ စာရေးဆရာက ထူးထူးဆန်းဆန်း ၀င်အားပေး လို့ပါ။

ဘူးသီးကြော်

 


 ငုံးဥကြော်


အချဉ်ရည်

တနင်္ဂနွေနေ့က အကြော်ဇာတ်လမ်းက မပြတ်သေးပါဘူး။ မနေ့က ဘာဟင်းချက်ရမလဲ စဉ်းစားတော့ ပုဇွန် ရှိတယ်။ ဒီတော့ ဟင်းချက်မစားချင်တာနဲ့ ကြော်ပြန်ပါလေရော။ ပုဇွန်ကြော်တော့ မဟုတ်ပါဘူး။ ကျောက်မြောင်းထဲက ပုဇွန်ခွက်ကြော်ဆိုင် အလွမ်းပြေပေါ့။ ပုဇွန်ခွက်ကြော် ကြော်ပါတယ်။ 

ပုဇွန်ကို ခေါင်းဖြတ် (အခွံမခွာပါ) ပြီး ရေဆေး၊ ဆား၊ အချိုမှုန့်၊ ဆနွင်းနဲ့ နယ်ထားပါတယ်။ ပဲပင်ပေါက်ကို ရေဆေးပြီး ဇကာနဲ့ စစ်ထားပါတယ်။ ယိုးဒယားမယ် အကြော်မှုန့် ကို ရေအေးနဲ့ ဖျော်ထားတယ်။ ဒယ်အိုးထဲကို ဆီများများထည့်ပြီး မီးဖိုပေါ်တင်ပါတယ်။ ပန်းကန်းပြားလေး တစ်လုံးမှာ မုန့်နှစ်နဲ့ ပဲပင်ပေါက်ကို ရေနယ်ပါတယ်။ ပုဇွန်နှစ်ကောင် ထည့်ပါတယ်။ ဆီပူလာရင် ပန်းကန်ပြားလေးထဲက မုန့်နှစ်နဲ့ နယ်ထားတဲ့ ပဲပင်ပေါက်နဲ့ ပုဇွန်တွေကို ဒယ်အိုးထဲ လျှောထည့်ပါတယ်။ နီလာရင် ဟိုဘက်၊ ဒီဘက် လှန်ပေးပါတယ်။ အကြော်ရရင် ဆယ်ပြီး ဇကာနဲ့ စစ်ထားပါတယ်။ ပြီးမှ ပန်းကန်ပြားထဲ ပြောင်းထည့် ပါတယ်။ ပြီးတော့ ပြောင်းဖူးလည်း ရှိနေတာနဲ့ အစေ့ချွေပြီး မုန့်နှစ်နဲ့ နယ်ပြီး ပြောင်းဖူးကြော်လေးပါ ကြော်ပါတယ်။ နောက်ဆုံး မုန့်နှစ် ဖျော်ပြီးသားလေး နည်းနည်း ကျန်နေတာနဲ့ ကြက်သွန်လှီးပြီး လက်ကျန် မုန့်နှစ်နဲ့ လူးပြီး ကြက်သွန်ကြော်လေးပါ ကြော်ပါတယ်။

ပုဇွန်ခွက်ကြော်ကို ကပ်ကြေးနဲ့ ကိုက်ဖြတ်ပြီး အချဉ်ရည်၊ ငံပြာရည်၊ အချိုမှုန့်နဲ့ ရောနယ်ပြီး သုပ်ပါတယ်။ သခွားသီး မရှိလို့ မထည့်လိုက်ရတော့ဘူး။ ညစာကို ပုဇွန်ခွက်ကြော်သုပ်နဲ့ စားကြ ပါတယ်။

ပုဇွန်ခွက်ကြော်




ပြောင်းဖူးကြော်၊ ကြက်သွန်ကြော်


ပုဇွန်ခွက်ကြော်သုပ်


Related Posts Plugin for WordPress, Blogger...