Sunday, December 12, 2010

“Mustafa , Orchard နဲ့ အတောမသတ်တဲ့ သွားစရာတွေ ”

4 comments
မနေ့က (၁၁.၁၂.၂၀၁၀) စာရေးဆရာ အလုပ်ပိတ်ရက်မို့ မီးဖိုချောင် ပစ္စည်းလေးအချို့ လိုချင်တာနဲ့ ဈေးဝယ် ထွက်ဖြစ်တယ်။ Mustafa Centre ကို သွားကြတယ်။ ကျွန်မလည်း ပစ္စည်းရွေးရင်း အပေါ်တက်လိုက်၊ အောက် ဆင်းလိုက်နဲ့  တော်တော်ညောင်းပါတယ်။ စာရေးဆရာလည်း ခြင်းလေးနဲ့ အနောက်က လိုက်ပါတယ်။ ထုံးစံ အတိုင်း ရွေးလို့မပြီးနိုင်ဘူးပေါ့။ မ၀ယ်ဘဲနဲ့ လျှောက်ကြည့်တာတွေ လည်း ပါသေးတယ်လေ။း-)

ဒါလေးက စာအုပ်တွေရောင်းတဲ့ ဘက်မှာ မွှေနေတာ၊ ကလေးတွေ စာသင်တဲ့စာအုပ်။ သင်စရာ ကလေး လည်း မရှိဘဲနဲ့ ခုလိုစပ်စုလိုက်သေးတယ်။




 နောက်ပြီး  ထိုင်းဟင်းချက်နည်း စာအုပ်ကို ငမ်းနေတာ




ပန်းကန်တွေ၊ အိုးတွေခွက်တွေ ဘက်သွားတယ်




ဒါလေးတွေ ၀ယ်ခဲ့တယ်



 မ၀ယ်ဘဲလျှောက်ကြည့်ခဲ့တာတွေ 
 





 ဒီ အကောင်လေးကို အိမ်ခေါ်သွားချင်လို့ စာရေးဆရာကို နားငြီးအောင် ဂျီကျပစ်လိုက်တယ်။ သူလည်း နားအေး အောင် အိမ်ခေါ်လာခွင့် ပေးလိုက်တယ်။ သူ့ကို ကျွန်မက နာမည်ပေးမလို့။ စာရေးဆရာက  အမ လေးပါ ဆိုတာနဲ့ 'ဖွေးဖွေး' လို့ ပေးလိုက်တယ်။ ချစ်စရာလေးနော်။

အိမ်ရောက်တော့ ကျွန်မတို့ အိပ်ရာပေါ်မှာ မိန့်မိန့်ကြီး


ပြီးတော့ ဒီလိုလေး အိပ်တယ်။ ငပျင်းလေးနော်


ဒီလိုလည်း လှိမ့်သေးတယ်း-)



Mustafa Centre ကပြန်တော့ အိမ်တန်းမပြန်သေးဘဲ Orchard သွားသေးတယ်။ Christmas နီးတော့ မီးတွေနဲ့ အရမ်းလှတာပဲ။ ရန်ကုန်က သီတင်းကျွတ်ကို သတိရလိုက်တာ။






















 ဒီအသည်းပုံလေးတွေကို သဘောကျလိုက်တာ



အိမ်ကနေ နေ့လယ်စာ စားပြီးကတည်းက ထွက်သွားလိုက်တာ Mustafa မှာ တော်တော်လေး ပတ်ပြီး ပြန်ထွက်လာတော့ ညနေ ၆နာရီခွဲနေပြီ။ ဒါကို အိမ်မပြန်သေးဘဲ Orchard ၀င်ပြီး ဓါတ်ပုံတွေရိုက်၊ ဟို လျှောက်ကြည့်၊ သည်လျှောက်ကြည့်နဲ့ အိမ်ပြန်တော့ လမ်းမှာ နှစ်ယောက်သား ဗိုက်ဆာလိုက်တာ။ အိမ်ကို ရောက်တော့ ၉နာရီ ကျော်နေပြီ။ ထမင်းစားပြီးတော့ ၁၀နာရီ။ တစ်နေ့လုံး လျှောက်လိုက်တဲ့ လမ်း။ အိမ် ရောက်တော့ ခြေထောက်တွေကို တောင့်လို့။ ပင်ပန်းလိုက်တာ။ ဒါပေမဲ့ ဒီလို ပိတ်ရက်လေးမှာ စာရေးဆရာနဲ့ နှစ်ယောက်သား ပျော်ပျော်ပါးပါး လျှောက်သွားရတာ၊ တွေ့ခဲ့ မြင်ခဲ့ ရတာ လေးတွေ ပြန်တွေးလိုက်တော့  ပင်ပန်းတာလေးတွေ၊ အမောလေးတွေတော့ ပျောက်သွား ပါတယ်ရှင်။ ကြည်နူးစရာပေါ့နော်။          ။


 ပါရမီဖြည့်ဖက်လေး
 ၁၄း၀၀ နာရီ
၁၂.၁၂.၂၀၁၀

Friday, December 10, 2010

“တစ်သက်စားလည်း အပြစ်မမြင် ၀က်သားနဲ့မျှစ်ချဉ် ”

4 comments
ကျွန်မက မတည့်တဲ့ အစာတွေဆို အလွန်ကြိုက်ပါတယ်။ ကြိုက်တဲ့အတိုင်းလည်း မကြာခဏ ချက်စား ပါတယ်။ ဒီနေ့လည်း မျှစ်ချဉ်နဲ့ ၀က်သားချက်ပါတယ်။ မနက်ဖန် ရုံးပိတ်ရက်ဆိုတော့ စာရေးဆရာ အလုပ် မသွားရဘူး လေ။ ဒီတော့ တက်ချင်သလောက် တက်။ စားပစ်လိုက်မယ် ဆိုပြီး ချက်တာပါ။ 

ကျွန်မက အစားကို အစွဲရှိတယ်။ ကျွန်မကြိုက်တဲ့ ဆိုင်၊ ကျွန်မကြိုက်တဲ့ တံဆိပ်၊ အဲဒီလိုမျိုး အစွဲနဲ့ စားတတ် တယ်။ မျှစ်ချဉ်ကို ကျွန်မက ပျဉ်းမနားက 'မိုး' တံဆိပ် မျှစ်ချဉ်ကို အလွန်ကြိုက်တယ်။ ဒါကို သိတဲ့ ကျွန်မ အဒေါ်တွေကလည်း ကျွန်မဆီ ပို့ပေးတတ်ပါတယ်။ ခုလည်း ရန်ကုန်က  ပို့ပေးထားတဲ့ 'မိုး' မျှစ်ချဉ် ထုပ်တွေ ရှိနေတယ်လေ။ ရန်ကုန်အိမ်မှာ မျှစ်ချဉ်ဟင်း ချက်တဲ့နေ့ဆို ကျွန်မ ခေါင်းမဖော်တမ်း စားတာပါ။ အိမ်မှာ ချက်ရင် ၀က်သားနဲ့ ချက်တာ များပေမယ့် တစ်ခါတလေ ငါးကြင်းသားနဲ့လည်း ချက်တတ်ပါတယ်။ အခု ဒီမှာတော့ ငါးကောင်းကောင်း မရှိတာနဲ့ ၀က်သားနဲ့ပဲ ချက်ဖြစ်တယ်။

ကျွန်မက မျှစ်ချဉ်ကို သင့်သလို တုံးပြီး ရေတစ်ထပ် ဆေးတယ်။ ပြီးတော့ မျှစ်ကို ငါးပိစိမ်းစား နည်းနည်း နဲ့ အိုးတစ်လုံးမှာ ထည့်ပြုတ် ပါတယ်။ အနည်းဆုံး နှစ်နာရီလောက် ကြာအောင် ပြုတ်တယ်။ ရေခန်းရင် ရေနွေး ထပ်ထည့် ပြုတ်တယ်။ မျှစ်က ကြာကြာ ပြုတ်လေ စားကောင်းလေပဲ။ ၀က်သားကို ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် နည်းနည်းနဲ့ နယ်တယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းတယ်။ ပြီးတော့ ဆီအိုးတင်၊ ဆီပူရင် ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းထားတာတွေ ထည့်၊ အရောင်တင်မှုန့် ထည့်ပြီး ဆီသပ်တယ်။ ကြက်သွန်လေး လိပ်လာပြီ ဆိုမှ ၀က်သားထည့်ပြီး လုံးတယ်။ ခဏနေမှ မျှစ်ပြုတ်ထားတဲ့ အိုးထဲက မျှစ်ဖတ်တွေပဲ ယူပြီး ဆီသပ်အိုးထဲထည့် ၀က်သားနဲ့ ရောလုံးတယ်။ ငံပြာရည်နဲ့ အချိုမှုန့် နည်းနည်း ထည့်လုံးပါတယ်။ နည်းနည်းကြာကြာ လုံးပြီးလို့ ဆီပြန်ရင်တော့ ခုနက မျှစ်ပြုတ်ရည် ကျန်နေတဲ့ မျှစ်ပြုတ်ထားတဲ့ အိုးထဲကို အားလုံးပြောင်းထည့်၊ ပြီးတော့ ရေနွေးဆူပြီးသား လောင်းထည့်ပြီး ၀က်သား နူးအိတဲ့အထိ တည်ပါတယ်။ လိုရင် ရေနွေးပဲ ထပ်ဖြည့်ထည့်ပါတယ်။ ရေနွေး ကိုတော့ ကျွန်မ အရည်သောက် စားချင်သလောက် မှန်းထည့် ပါတယ်။ အပေါ့အငံမြည်းပြီး လိုတာ ပြင်ပါတယ်။ ၀က်သား နူးရင်တော့ ၀က်သားနဲ့ မျှစ်ချဉ် ဟင်းလေး ရပြီပေါ့ရှင်။

မျှစ်ချဉ်ဟင်းနဲ့ တွဲစားဖို့ ငရုတ်သီး ဆားထောင်းလေး ထောင်းပါတယ်။ ကြက်သွန်ဖြူ ငါးမွှာလောက်ကို မညက်တညက်လေး ထောင်းပြီး ငရုတ်သီးလုံးကွဲ (အဖတ်ကြမ်း)နဲ့ ဆားထည့် ထောင်းပါတယ်။ ဒါဆို ငံငံ စပ်စပ် ငရုတ်သီး ဆားထောင်းလေး အဆင်သင့် ဖြစ်ပြီပေါ့။

ကျွန်မအကြိုက် ၀က်သားနဲ့ မျှစ်ချဉ်ဟင်း




တွဲဖက်စားဖို့ ငရုတ်သီးဆားထောင်းလေ


ကျွန်မအကြိုက် ဟောဒီ့ 'မိုး'မျှစ်ချဉ်ထုပ်လေးနဲ့ ချက်တာပါ


Wednesday, December 8, 2010

“ကန်စွန်းရွက်သုပ်ကြောင့် တွန်းထုတ်တောင် မပြန်မယ့်ထမင်းပွဲ ”

10 comments
တစ်နေ့က City Hall ရောက်တော့ ဈေးဝယ်ရင်း ငါးဇင်ရိုင်း တစ်ထုပ်ပါ ၀ယ်လာဖြစ်တယ်။ ကျွန်မက ငါးဇင်ရိုင်းကို မကျည်းရည်နဲ့ အချဉ်ဆီပြန်လေးဆို သိပ်ကြိုက်တာ။ ရန်ကုန်အိမ်မှာဆို အကောင် ကြီးကြီးတွေ ချက်တာ စားရတယ်။ တစ်ခါတလေ ဥတွေတောင် ပါသေးတယ်။ ခုတော့ အကောင် သေးသေးတွေပဲ ရတယ်။ စိတ်ထဲမှာတော့ စားရတာတောင် ကံကောင်းလို့မှတ်ပြီး အဲဒီ့ အကောင် သေးသေးလေးတွေပဲ ၀ယ်လာခဲ့ ပါတယ်။ စာရေးဆရာကလည်း ကြိုက်တယ်။ ငါးမစားရတာ ကြာတော့ သူလည်း အပြောင်းအလဲ စားချင်တာပေါ့။ 

ဒီတော့ အဲဒီ ငါးဇင်ရိုင်းလေးကို ကြက်သွန်ဖြူ၊ နီ လေး ဆီသပ်ပြီး၊ မကျည်းနှစ်လေးနဲ့ အချဉ် ဆီပြန်လေး ချက်လိုက်တယ်။ ငါးကျက်ပြီး ဆီပြန်လာတော့ မဆလာလေး အုပ်လိုက်ပါတယ်။ အရည်သောက် ချက်မယ် စဉ်းစားတော့ ကင်ပွန်းချဉ်ရွက်လေး ရှိနေတယ်။ ကျွန်မအမေ ရန်ကုန်ကနေ လူကြုံနဲ့ ထည့်ပေး လိုက်တာပါ။ ကင်ပွန်းချဉ်ရွက်ကို အရွက်ချွေပြီး မွှေပေးလိုက်တာ အများကြီးပဲ။ ရေခဲသေတ္တာ ထဲမှာ ခဲထားတော့ အကြာ ကြီး အထားခံတယ်။ အဲဒီ့ ကင်ပွန်းချဉ်ရွက်လေးနဲ့ ကင်ပွန်းချဉ်ရွက် ချဉ်ရည်လေး ချက်လိုက်တယ်။ 

ကန်စွန်းရွက်လေးကို ရေဆေးပြီးစစ်ထားတယ်။ အစက ကြော်မယ် စိတ်ကူးတာ။ စာရေးဆရာ ရုံးက ပြန် ရောက်လာတော့ မသုပ်တာ ကြာပြီ၊ သုပ်တာ စားရအောင်တဲ့။ ကျွန်မလည်း ကန်စွန်းရွက်သုပ် ကြိုက်တော့ အတော်ပေါ့။ ကန်စွန်းရွက်ကို ရေနွေးဖျောပြီး မနွမ်းအောင် ချက်ချင်း ပြန်ဆယ်၊ ဇကာနဲ့ စစ်ထားလိုက်တယ်။ ကြက်သွန်ဖြူ ငါးမွှာ၊ ငရုတ်သီး အနီတောင့် (၆)တောင့် (ငရုတ်သီး အနီတောင့်က ပိုစပ်လို့ လျှော့ထည့် တာပါ)၊ ငရုတ်ကောင်း နည်းနည်း၊ အားလုံးကို လှော်ပြီး ထောင်းလိုက်တယ်။ အားလုံး ညက်ခါနီးတော့ ငါးပိထောင်းလေးပါ ထည့်ထောင်းတယ်။ ကန်စွန်းရွက်ရယ်၊ ပုဇွန်ခြောက်မှုန့် နည်းနည်းရယ်၊ ခုနက ထောင်း ထားတာတွေရယ်၊ အားလုံးရော၊ သုံပုရာသီတစ်လုံး ညှစ်ထည့်၊ ဆားနဲ့ အချိုမှုန့် နည်းနည်းစီ ထည့်ပြီး သုပ် လိုက်တော့ လျှာလည်စရာ ကန်စွန်းရွက်သုပ် စပ်စပ်လေး ရပြီပေါ့။ 

ဒီနေ့ည ညစာစားရတာ တော်တော် ခံတွင်းတွေ့တယ်ရှင့်။ စာရေးဆရာလည်း ထမင်းနှစ်ခါတောင် ထပ် ထည့်တယ်။

ငါးဇင်ရိုင်း အချဉ်ဆီပြန် မဆလာ ချက်လေး


ဒါက ကင်ပွန်းချဉ်ရွက်ချဉ်ရည်ဟင်း

ကန်စွန်းရွက်သုပ် ချဉ်စပ်လေးနော်


လည်လည်လာတဲ့ မိတ်ဆွေတွေ မ၀မှာစိုးလို့ နောက်တစ်ပွဲ  :-)


Tuesday, December 7, 2010

“မက်စရာ နံနက်စာ”

5 comments
ဒီနေ့ မနက် ကျွန်မ အိပ်ရာကနိုးတော့ မုန့်ဟင်းခါး စားချင်စိတ်လေး ပေါက်နေတယ်။ ရန်ကုန်မှာဆို မိုးလင်း တာနဲ့ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ခေါက်ဆွဲသုပ် တစ်ခုခုတော့ စားရတယ်။ ကျွန်မတို့ တစ်မိသားစုလုံး မုန့်ဟင်းခါး သိပ်ကြိုက်ကြတယ်။ ခဏခဏလည်း ချက်စားတယ်။ ကျွန်မတို့ အိမ်မှာ မုန့်ဟင်းခါး ချက်ပြီဆို တစ်အိုးကြီး ချက်ပြီး တစ်နေကုန် ထမင်းလွတ်၊ ဟင်းလွတ် စားကြတယ်။ ဒီတော့ ကျွန်မကလည်း မုန့်ဟင်းခါး ချက်စားပြီဆို ထမင်းမစားတော့ဘူး။ စာရေးဆရာကတော့ တစ်မျိုး။ သူက မုန့်ဟင်းခါးဆို မနက်စောစော Breakfast အတွက်ပဲ စားတယ်။ နေ့လယ်ဆို ထပ်မစားချင်ဘူး။ ထမင်းစားချင်တယ်။ သူ့မိဘများ အိမ်မှာ ကလည်း အဲဒီလို ချက်စားရင် မနက်စောစောစာ အတွက်ပဲ ချက်စားကြပြီး၊ နေ့လယ်စာကို ထမင်းစား ကြတာကိုး။ သူ့အလေ့အထနဲ့ သူပေါ့လေ။

အခု ဒီမှာတော့ မိုးလင်းလာရင် ဘာစားရမှန်း မသိဘူး။ ကျွန်မက ပေါင်မုန့်တို့၊ ဘီစကွတ်တို့ဆို သိပ်မုန်းတာ။ ဒီရောက်တော့ မနက်ဆို မကြာခဏ စားဖြစ်တာက ပေါက်စီပဲ။ စာရေးဆရာ အလုပ်ပိတ်တဲ့ ရက်တွေ ဆိုရင်တော့ အိပ်ရာကနိုးရင် အိမ်နားက ကော်ဖီဆိုင်မှာ ကော်ဖီသောက်၊ ပေါက်စီစားတယ်။ စာရေးဆရာ ကတော့ ပလာတာ သိပ်ကြိုက် တယ်။ ကုလားဆိုင်က ကြက်ဥပလာတာကို ပဲဟင်းတွေနဲ့ မှာစားတယ်။ ကျွန်မက တစ်ခါတလေ ပလာတာ လိုက်စားပေမယ့် ပေါက်စီလောက် မကြိုက်ဘူး။ သူရုံးသွားတဲ့နေ့ဆို ကျွန်မလည်း တစ်ယာက်တည်းဆိုတော့ အိမ်မှာရှိတာပဲ စားဖြစ်တယ်။ ပဲပြုတ် ၀ယ်ထားတာ ရှိလို့ စာရေးဆရာ ရုံးမသွားမီ ထမင်းကြော် ကြော်ပေး ဖြစ်တဲ့ နေ့ဆို ကျွန်မလည်း ထမင်းကြော်ပဲ လိုက်စား လိုက် တယ်။ 

ဒီနေ့တော့ စာရေးဆရာ ရုံးမသွားခင် စားဖို့ ခေါက်ဆွဲသုပ် သုပ်ပေးဖြစ်တယ်။ ကျွန်မကတော့ မုန့်ဟင်းခါး စားချင်စိတ် ပေါ်နေတာနဲ့  ရန်ကုန်အိမ်က ပို့ပေးထားတဲ့ 'နန်းသပြေ' မုန့်ဟင်းခါးထုပ်လေး ရှိနေတာ သတိရ တယ်။ ဒီတော့ ရယ်ဒီမိတ် မုန့်ဟင်းခါးလေး ချက်စားဖြစ်တယ်။ ရယ်ဒီမိတ် မုန့်ဟင်းခါးထုပ်တွေ ထဲမှာတော့ ကျွန်မ စားလို့ကြိုက်တာ 'နန်းသပြေ' ပဲ။ တခြားတံဆိပ်တွေကို စားတာ မကြိုက်ဘူး။ ရယ်ဒီမိတ် ဆိုတဲ့အတိုင်း မမွှေးဘူး။ အနံ့ တစ်မျိုးကြီးပဲ။ 'နန်းသပြေ' ကတော့ အိမ်မှာ ချက်စားသလိုပဲ။ ငါးနံ့ မွှေးမွှေးလေး ရတယ်။ အပေါ့အငံတောင် ပြင်ဖို့ မလိုဘူး။ ဒါကြောင့် ကြိုက်တာ။ (ကြော်ငြာတယ် မထင်ပါနဲ့ရှင်၊ ပိုင်ရှင်နဲ့လည်း အမျိုး မတော်ပါဘူး :-P )

မုန့်ဟင်းရည်ထုပ် တစ်ထုပ်ကို မုန့်ဖတ်(၆၀)သား နဲ့ စားလို့ရတယ်လို့ ရေးထားတယ်။ ကျွန်မက တစ်ယောက် တည်း စားမှာဆိုတော့ တစ်ထုပ်လုံး မချက်ဘဲ တစ်ဝက်ပဲ ချက်လိုက် တယ်။ နေ့လယ်စာပါ ထမင်းလွတ် စားမယ်လေ။ ကျန်တဲ့ တစ်ဝက်ကိုတော့ ပြန်သိမ်းထားလိုက်တယ်။ နောက်တစ်ခါ စားချင်တဲ့နေ့မှ ထပ်ချက် မယ်။ မုန့်ဖတ်ခြောက်ကို ရေစိမ်ပြီး၊ ပြုတ်လိုက်တယ်။ ကြက်သွန်ဖြူ ကို ညက်ညက်ထောင်းပြီး ဆီချက်၊ ချက် တယ်။ နံနံပင်လေးကို ရေဆေးပြီး ညှပ်ထား လိုက်တယ်။ အကြော်တော့ ၀ယ်ထားတာ အဆင်သင့် မရှိလို့ ဒီအတိုင်း အကြော်မပါ အလွတ်ပဲပေါ့။  ဒီနေ့တော့ တစ်ယောက်တည်း အ၀စားပစ်လိုက် တယ်။

လာလည်ကြသူတွေကိုလည်း မုန့်ဟင်းခါးနဲ့ ဧည့်ခံပါတယ်ရှင်၊ အ၀ သုံးဆောင်သွားကြပါ....း-)

ရယ်ဒီမိတ် မုန့်ဟင်းခါး ဟင်းရည်လေးရပါပြီ။


မုန့်ဟင်းခါးဖတ်လေးပါ


 တွဲဖက်စားဖို့ နံနံပင်နဲ့ ကြက်သွန်ဖြူ ဆီချက်


စားဖို့ အဆင်သင့်ပြင်ထားတဲ့ မုန့်ပွဲလေး


ဒီအထုပ်လေးကို ချက်ထားတာ


ဒါလေးက နောက်တစ်ခါစားချင်ရင် ချက်ဖို့ တစ်ဝက် ချန်ထားတာ
(ငါးဆီသပ်ထုပ်ရယ်၊ ပဲမုန့်နဲ့ ဆန်မုန့်ရောထားတာရယ်)


Monday, December 6, 2010

“မိုးအေးအေးမှာ တစ်မျိုးလေးကောင်းတဲ့ သင်္ဘောသီးသုပ်”

7 comments
ကျွန်မက ချဉ်၊ ငံ၊ စပ် အလွန်ကြိုက်တဲ့သူပါ။ စာရေးဆရာကတော့ သိပ်မစားပါဘူး။ ဒါပေမဲ့ သူလည်း ဆီပြန် ဟင်းတွေ စားရတာ ငြီးငွေ့လာတယ်ထင်ရဲ့။ မနေ့က ကျွန်မကို နောက်နေ့ကျ ချဉ်၊ ငံ၊ စပ်လေး တစ်ခုခု လုပ်ပါလား၊ ထမင်းစားလို့ မကောင်းဘူးလို့ ပြောပါတယ်။ဒါနဲ့ ကျွန်မလည်း  မနက်ဖြန် ရခိုင်သင်္ဘောသီးသုပ် စားမလား ဆိုတော့ သူက ကောင်းတာပေါ့တဲ့။ ကျွန်မလည်း အကြိုက်တွေ့သွား တာပေါ့။ ကျွန်မက ရခိုင် သင်္ဘောသီးသုပ် အလွန်ကြိုက်ပါတယ်။ ရန်ကုန်မှာတုန်းကဆို မင်းလမ်း ရခိုင်မုန့်တီဆိုင် ရောက်ရင် ရခိုင်မုန့်တီနဲ့ သင်္ဘောသီးသုပ်ကို မလွတ်တမ်းစားပါတယ်။ ကျွန်မတို့ ရန်ကုန်အိမ်နားက မင်းလမ်းဆိုင်ရဲ့ အမျိုးတွေဆိုင်မှာ ဆိုလည်း ညနေတိုင်းလိုလို စားဖြစ်တယ်။ မမုန်းတမ်း ကြိုက်တာပါ။

ဒါနဲ့ ဒီနေ့ ကိစ္စလေးရှိလို့ အပြင်ထွက်ရင်း Peninsula ၀င်ပြီး ဈေးဝယ် ဖြစ်ပါတယ်။ သင်္ဘောသီးလေး လည်း ဆွဲလာလိုက်တာပေါ့။ အိမ်ရောက်တော့ သင်္ဘောသီးကို ခြစ်ပြီး ရေခဲသေတ္တာထဲ ထည့်ထား လိုက်တယ်။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်ကောင်းကို လှော်ပြီး ထောင်းထားလိုက် ပါတယ်။ ငါးပိစိမ်းစားကိုလည်း မီးကင်ထားလိုက်တယ်။ မကျည်းသီးစိမ်း ကတော့ ၀ယ်ဖို့ မေ့လာခဲ့တယ်ရှင်။ ဒီတော့ မကျည်းမှည့်ရည်နဲ့ပဲ သုပ်ရပါတော့မယ်။ အိမ့်စည်းစိမ် ရခိုင်မုန့်တီ ဟင်းရည် ထုပ်လေး ရှိနေတာနဲ့ ရေနွေးလေးတည်ပြီး အလွယ်ပဲ ချက်လိုက်ပါတယ်။ ပိုမွှေးအောင် ဟင်းရည်အိုး ဆူတော့ ငရုတ်ကောင်း နည်းနည်းနဲ့ ကြက်သွန်ဖြူ ထောင်း ထားတာလေးကို အုပ်လိုက် ပါသေး တယ်။ ကြက်ဥ ဟင်းလေးလည်း ချက်ထားလိုက်တယ်။

စာရေးဆရာ ပြန်လာတော့  သင်္ဘောသီး ခြစ်ထားတာရယ်၊ ကြက်သွန်ဖြူ ၊ ငရှုတ်ကောင်း၊ ငရုတ်သီးစိမ်း ထောင်းထားတာတွေ အားလုံးရယ်၊ ပုဇွန်ခြောက်မှုန့်ရယ်၊ မကျည်းရည်ရယ်၊ ငါးပိစမ်းစား မီးကင် ထားတာရယ်၊ အချိုမှုန့်နဲ့ ဆားလေး နည်းနည်းရယ် အားလုံးရောနယ်ပြီးတော့ ရခိုင်သင်္ဘောသီးသုပ် စပ်စပ်လေး ရပြီပေါ့။ ဒီညနေ မိုးကလေးကရွာထားတော့ ချဉ်ချဉ်စပ်စပ် သင်္ဘောသီးသုပ်လေးရယ်၊ မုန့်တီဟင်းခါးလေး ရယ် နဲ့ ကွတ်တိပေါ့ရှင်။

ဒီတော့ ထမင်းပွဲပြင်ပြီး စစားကြတော့ စာရေးဆရာက သင်္ဘောသီးသုပ်ကို မြည်းပြီး မစပ်ပါဘူးတဲ့လေ။ ကျွန်မကလည်း ငရုတ်သီးစိမ်းအနီက ပိုစပ်လို့ လျော့ထည့်ထားတာ၊ ထပ်ထည့်မလား ဆိုတော့၊ ထည့်မယ်တဲ့။ ဒီတော့ ကျွန်မလည်း ကမန်းကတန်း ငရုတ်သီးစိမ်း တွေကို ထပ်လှော်ထောင်းပြီး ထည့်လိုက်ပါတယ်။ ဒီတစ်ခါတော့ တကယ်စပ်သွားပါပြီရှင်။ စာရေးဆရာရော ကျွန်မပါ စပ်လွန်းလို့ မျက်ရည်တောင် စို့ပါတယ်။ ချွေးတွေလည်း တရွှဲရွှဲနဲ့ ရေကို တဂွတ်ဂွတ်နဲ့သောက်လိုက်ကြတာ။ ကျွန်မမှာလည်း အစပ်သက်သာအောင် ကြက်ဥအနှစ် တွေချည်း မျိုချရပါတယ်။ ထမင်း စားပြီးတော့လည်း အအေးတွေထည့်၊ ထပ်သောက်နဲ့ နှစ်ယောက်စလုံး တော်တော်လေး အီစလံ ဝေသွားပါတယ်ရှင်။ ကဲ- စပ်ချင်ဦးလေ။

အီစလံဝေအောင်စပ်တဲ့ ရခိုင်သင်္ဘောသီးသုပ်


ရခိုင်မုန့်တီ ဟင်းခါးလေး


ဒါလေးကတော့ ကြက်ဥဟင်းလေးပါ


Saturday, December 4, 2010

“ဘိုးဘိုးတောင်းတဲ့ဆု”

5 comments

လွန်ခဲ့တဲ့ အပတ် စနေနေ့၊ နိုဝင်ဘာလ (၂၇) ရက်နေ့က ကျွန်မ ဘိုးဘိုးနဲ့ ဘွားဘွား (ကျွန်မ ဖေဖေရဲ့ အမေနှင့် အဖေ)တို့ ရန်ကုန်မှ ဗုဒ္ဓဂယာသို့ ထွက်ခွာသွားကြ ပါတယ်။ ကျွန်မ ဘိုးဘိုးရဲ့ အသက်မှာ (၈၂)နှစ် ဖြစ်ပြီး ဘွားဘွားကတော့ အသက် (၈၀) ရှိပါပြီ။ ဒါပေမဲ့ ဘိုးဘိုးနဲ့ ဘွားဘွား တို့ ကျန်းမာရေး ကောင်းတယ် လို့ ဆိုရပါမယ်။ ကြီးကြီးမားမား ဘာရောဂါမှ မရှိပါဘူး။ ဘိုးဘိုးက တစ်ခါတစ်ရံ သွေးပေါင် တိုးတတ်တာ လေးတော့ ရှိပါတယ်။ ဘွားဘွားကတော့ အသက်ကြီးလို့ ခါးနာတတ်တာက လွဲရင် ကျန်းမာပါတယ်။ ဘိုးဘိုးနဲ့ ဘွားဘွား ဗုဒ္ဓဂယာ သွားမယ်ဆိုတော့ သူတို့ကို စောင့်ရှောက်ဖို့ ကျွန်မ အဒေါ်အငယ် (ကျွန်မ ဖေဖေရဲ့ ညီမ အငယ်ဆုံး) က အဖော်လိုက်သွားပါတယ်။ 

ဘိုးဘိုးတို့ ရန်ကုန်က ထွက်သွားပြီး နောက်နေ့မှာ ရန်ကုန်အိမ်မှာ ကျန်ခဲ့တဲ့ ကျွန်မရဲ့ အဒေါ်အလတ် က ကျွန်မဆီ ဖုန်းဆက်ပြီး ဘိုးဘိုးတို့နဲ့ ဆက်သွယ်လို့ ရမယ့် အိန္ဒိယက မိုဘိုင်းဖုန်းနံပါတ်ကို လှမ်းပေးပါတယ်။ ကျွန်မနဲ့ ဆက်သွယ်ပြီး ဘိုးဘိုးတို့ ကျန်းမာရေးနဲ့ အစစ အဆင်ပြေ၊ မပြေ ဆက်သွယ်ပြီး မေးရအောင်လို့ ပေါ့လေ။ ကျွန်မလည်း ဘိုးဘိုးတို့ဆီ ဖုန်းခေါ်ဖို့ အိမ်နားကဆိုင်မှာ အိန္ဒိယခေါ်တဲ့ဖုန်းကဒ် သွားဝယ်ပါတယ်။ ကျွန်မ ရန်ကုန်ခေါ်ဖို့ ဖုန်းကဒ် ၀ယ်ရင် တစ်ကဒ် ကို S$ 10 ပေးရပြီး မိနစ်(၃၀)ပဲ ပြောရပါတယ်။ ဒီကြားထဲ ရန်ကုန်က လိုင်းဖုန်း ကို ခေါ်ရင်တော်သေး၊ ရန်ကုန်က မိုဘိုင်းဖုန်းကိုများ ခေါ်မိရင် ရန်ကုန်ကဖုန်းလိုင်း မမိတာနဲ့ပဲ ဘာမှ မပြောရဘဲ ကဒ်ထဲက ငွေက ကုန်သွားပါတယ်။ အခု အိန္ဒိယခေါ်ဖို့ ကဒ်ဝယ်တော့ S$ 2 တန်ဖုန်းကဒ်က မိနစ်(၈၀)ကျော်ရပါတယ်။ ပြောရတာလည်း လိုင်းမမိတာတို့ ဘာတို့ မရှိပါဘူး။

ဒီတော့ ကျွန်မလည်း ဖုန်းကဒ် ၀ယ်ပြီး ဘိုးဘိုးတို့ ဆီဆက်၊ အကျိုးအကြောင်း မေးပါတယ်။ အဒေါ် အငယ်က အစစ အဆင်ပြေကြောင်း ပြောပါတယ်။ ဘိုးဘိုးနဲ့ ဘွားဘွားကလည်း နေကောင်းကြောင်း နဲ့ စိတ်မပူဖို့ ပြောပါတယ်။ ကျွန်မအဒေါ်အငယ်က သူ့ဆီက ကျွန်မကို ဖုန်းခေါ်ရင် ဈေးကြီးတယ်၊ ရူပီး ၂၀၀ ထည့်လိုက် ရင် ဖြုတ်ခနဲကုန်တယ်လို့ ပြောတော့ ကျွန်မကလည်း နောက်ရက်တွေလည်း ကျွန်မပဲ ဖုန်းခေါ်မယ်လို့ ပြောလိုက်ပါတယ်။ နောက်ရက်တွေလည်း ကျွန်မ ဘိုးဘိုးတို့ဆီ ဖုန်းခေါ်ဖြစ်ပါတယ်။ အစစ အဆင်ပြေ ကြောင်း၊ ဘုရားဖူးတစ်ဖွဲ့လုံးမှာ ဘိုးဘိုးနဲ့ ဘွားဘွားက အသက် အကြီးဆုံးတွေမို့ တစ်ဖွဲ့လုံးက ၀ိုင်းဝန်း စောင့်ရှောက်ကြောင်း ပြောပါတယ်။ ကျွန်မလည်း အလွန်ဝမ်းသာမိ ပါတယ်။ ကျွန်မတို့ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူခဲ့၊ သီတင်းသုံးတော်မူခဲ့တဲ့ ဒေသဆိုတော့ တကယ့် အထွဋ်အမြတ် ဒေသပါပဲ။ ကျွန်မကတော့ ဗုဒ္ဓဘာသာဝင်တိုင်း တစ်ခေါက်တော့ ရောက်သင့်တယ်လို့ ထင်မိပါတယ်။ 

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညမှာတော့ ကျွန်မဆီကို ကျွန်မအဒေါ်အငယ်ဆီက ဖုန်းဝင်လာပါတယ်။ ကျွန်မ ကိုင်တော့ ပြန်ကျသွားပါတယ်။ ကျွန်မ သူတို့ဆီပြန်ခေါ်ပါတယ်။ ဘယ်လိုမှ ခေါ်မရပါဘူး။ နောက်တစ်နေ့ ကြာသပတေး နေ့လည်း ထပ်ခေါ်ပါတယ်။ မရပါဘူး။ မနေ့က သောကြာနေ့မှပဲ ကျွန်မဖုန်းခေါ်လို့ ရသွားပါတယ်။ ဒါနဲ့ ကျွန်မလည်း ဖုန်းခေါ်လို့ မရကြောင်းပြောတော့ ကျွန်မအဒေါ် အငယ်က သူတို့ ဘုရားဖူးအဖွဲ့ နီပေါနိုင်ငံ ဘက်ရောက်နေလို့ အိန္ဒိယဖုန်းက မမိကြောင်းပြောပါတယ်။ ပြီးတော့ ဗုဒ္ဓဟူးနေ့ညက ဘိုးဘိုးက ကျွန်မနဲ့ ဖုန်းပြောချင်လို့ ခေါ်တာဖြစ်ပြီး လိုင်းမမိတာကြောင့် ပြန်ကျသွားကြောင်းပါ ဆက်ပြောပါတယ်။ ဒါနဲ့ ကျွန်မ လည်း ဘိုးဘိုးက ကျွန်မကို ဘာပြောချင်လို့လဲ လို့မေးပါတယ်။ ဒီတော့ ကျွန်မအဒေါ်က ဆက်ပြောပြ ပါတယ်။ ဘိုးဘိုးတို့ ဘုရားဖူး သွားရင်း ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်မစံမီ ရေကြည်တော် သုံးဆောင်တော်မူတဲ့ နေရာက ဘုရားကို ရောက်ပါတယ်တဲ့။ အဲဒီမှာ ဘိုးဘိုးတို့ ဘုရားဖူးအဖွဲ့ လမ်းညွှန်ရဲ့ ပြောပြချက် အရ အဲဒီ ဘုရားမှာ လိုရာဆုတစ်ခုတည်းကို တောင်းရင် ပြည့်ပါသတဲ့လေ။ ဒီတော့ ကျွန်မရဲ့ ဘိုးဘိုးက ကျွန်မ အလုပ်လိုချင်နေမှန်း သိလို့ ကျွန်မအလုပ်ရပါစေ ဆိုတဲ့ တစ်ခုတည်းသောဆုကို တောင်းခဲ့ပါတယ် တဲ့။ ကျွန်မကို အဲဒီ့အကြောင်းပြောချင်လို့ ဖုန်းခေါ်တာပါတဲ့လေ။
 
ကျွန်မလေ ၀မ်းသာ၊ ၀မ်းနည်းနဲ့ မျက်ရည်တောင် ကျရပါတယ်။ ကျွန်မက ငယ်ငယ်ကတည်းက မြေးဦးမို့ ဘိုးဘိုး၊ ဘွားဘွား၊ အဒေါ်တွေ ဆီမှာ နေပြီး ဘိုးဘိုးဘွားဘွားတို့ရဲ့ စောင့်ရှောက်မှု အောက်မှာ ကြီးပြင်းခဲ့သူ ပါ။ အဘိုးအဘွားနဲ့ နေတဲ့ မြေးဆိုတော့ ကျွန်မ တော်တော်လေး ကလေးဆိုး ဆိုးခဲ့ ပါတယ်။ အလိုမကျတိုင်း စိတ်ဆိုး၊ စိတ်ကောက်နဲ့ နေခဲ့တာပါ။ အဲဒီ အကျင့်က ခုထိတောင် မပျောက်ချင် ပါဘူး။ စာရေးဆရာကို လည်း မကြာခဏ စိတ်ကောက်ပါတယ်။ ကျွန်မ ဘွားဘွားက အလွန်အေးပါတယ်။ ကျွန်မကို ဆူလည်း ဆူခဲ ပါတယ်။ ဘိုးဘိုးကတော့ သူ့မျက်စိထဲ မတွေ့ရင် ကျွန်မကို မကြာခဏ ဆူပါတယ်။ တစ်ခါတလေ ဘိုးဘိုးနဲ့ ကျွန်မ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့  ကျွန်မကိုဆူရင် ဘိုးဘိုး ကျွန်မကို မချစ်ဘူးလို့တောင် ထင်ခဲ့ ပါတယ်။ ခုတော့  ဘိုးဘိုးအပေါ် အထင်လွဲခဲ့တာတွေကို ကျွန်မ စိတ်မကောင်း ဖြစ်မိပါတယ်။

တကယ်ဆို ဘိုးဘိုးမှာ တခြားတောင်းစရာ ဆုတွေ အများကြီး ရှိမှာပါ။ ဥပမာ - တရားထူးတရားမြတ်ရ ရလို၏ တို့၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါလို၏ တို့လိုပေါ့။ ဘိုးဘိုး တို့ အသက်အရွယ် အရ ဒီလိုနေရာမျိုးကို နောက်တစ်ခေါက်သွားဖို့ မလွယ်တော့ပါဘူး။ နောက်တစ်ဆု တောင်းဖို့လည်း မဖြစ်နိုင်တော့ပါဘူး။ ဒါကို ဘိုးဘိုးက ဘိုးဘိုးအတွက်ဆုကို မတောင်းဘဲ ကျွန်မအတွက် ဆုတောင်းပေးခဲ့တယ် ဆိုတော့ ကျွန်မ၀မ်းသာ၊ ၀မ်းနည်း ဖြစ်ရတာပေါ့ရှင်။ ၀မ်းသာတာက ကျွန်မကို ဘိုးဘိုး အလွန်ချစ်မှန်း သိလိုက်ရလို့ပါ။ ၀မ်းနည်းတာ က အရင်က ဘိုးဘိုးရဲ့မေတ္တာကို နားမလည်ဘဲ ကျွန်မစိတ် အလိုမကျတိုင်း စိတ်ဆိုး၊ စိတ်ကောက်ပြီး ဆိုးခဲ့ တာတွေ အတွက်ပါ။

အလုပ်အရမ်းလုပ်ချင်ပြီး အလုပ်မရတဲ့ ကျွန်မ တစ်ခါတလေ တစ်ယောက်တည်း စိတ်ညစ်နေတတ် ပါတယ်။ ဒါပေမဲ့ ကျွန်မမှာ ကျွန်မကိုအလွန်ချစ်တဲ့ ခင်ပွန်းသည် စာရေးဆရာရှိတယ်။ ကျွန်မ ကို ၀ိုင်းချစ်နေကြတဲ့ ကျွန်မ ရဲ့ ဘိုးဘိုး၊ ဘွားဘွား၊ မေမေ၊ ဖေဖေ၊ အဒေါ်တွေ၊ ဦးလေးတွေ ရှိတယ်။ ခုတော့ ကျွန်မဘ၀ဟာ တော်တော် ပြည့်စုံပါလားလို့ ခံစားမိလာပါတယ်။ ကျွန်မမှာ နွေးထွေးလုံခြုံတဲ့ မိသားစုလေး ရှိနေတယ်လေ။ ကျွန်မမှာ ဘာပူပင်စရာများ ရှိဦးမှာလဲနော်။ ကျွန်မ ဘိုးဘိုးတောင်းခဲ့တဲ့ ဆုလည်း သေချာပေါက် ပြည့်ဝ လိမ့်မယ်လို့ ကျွန်မ ယုံကြည်နေမိပါတယ်ရှင်။

ပါရမီဖြည့်ဖက်လေး
၁၄း၁၀ နာရီ
၎.၁၂.၂၀၁၀

Friday, December 3, 2010

“တစ်ခါတစ်ရံ အပျော် ကြာဇံကြော်”

3 comments
နေ့လယ်စာကို ကျွန်မ တစ်ယောက်တည်း စားရလေ့ရှိပါတယ်။ စာရေးဆရာက အလုပ်သွားတာကိုး။ ဒီတော့ ကျွန်မ တစ်ယောက်တည်း စာရေးဆရာ မကြိုက်တဲ့၊ ကျွန်မ ကြိုက်တဲ့ အစားအစာများကို လုပ်စားလေ့ ရှိပါတယ်။ ကိုယ်တစ်ယောက်တည်းဆိုတော့ ကိုယ်ကြိုက်တာကိုယ် စားတာပေါ့နော်။ တစ်ခါတလေဆိုတော့ လည်း ကိုယ့်ဘာသာ အပျော်သဘောမျိုးနဲ့ လုပ်စားတဲ့ သဘောပါ။

အိမ်ရှင်မတွေဟာ အားလုံး အတူတူပဲ ထင်ပါရဲ့။ မိသားစု ထမင်းဝိုင်းအတွက် ကိုယ်ကြိုက်တာကို နောက်ဆုတ်ပြီး ကိုယ့် အိမ်ထောင်ဦးစီး၊ ကိုယ့်သားသမီးတွေ အကြိုက်ကို ရှေ့တန်းတင်ကြရလေ့ ရှိတယ်လေ။ ကျွန်မ ဘွားဘွား ဆိုလည်း ဘိုးဘိုးကြိုက်တာကို ဦးစားပေးရတယ်။ ကျွန်မ အိမ်ထောင် မကျမီကဆို ဘွားဘွား ကလည်း ဘိုးဘိုးကိုပဲ ဦးစားပေးနေတာပဲ ဆိုပြီး မလိုတမာလေး ပြောလေ့ ရှိပါတယ်။ အခု ကျွန်မ အိမ်ထောင်ကျတော့ ကျွန်မ သိသွားပြီလေ။ အိမ်ရှင်မတွေဟာ ခင်ပွန်းသည် အကြိုက်ကို ဦးစားပေးကြပါလား ဆိုတာလေ။ အိမ်ထောင်ဦးစီးတွေက အတင်းအကျပ် သူတို့ကို ဦးစားပေးခိုင်းတာ မဟုတ်သည့်တိုင် ကျွန်မတို့ အိမ်ရှင်မတွေက သူတို့ကို ဦးစားပေးရတာကိုပဲ ကျေနပ် နေကြတယ် ထင်ပါ့။

အဲဒီ့တော့ ဒီနေ့ နေ့လယ်စာကို ကျွန်မရဲ့အိမ်ထောင်ဦးစီး စာရေးဆရာ အလုပ်သွားနေတုန်း သူ မကြိုက်ပေမယ့် ကျွန်မ အလွန်ကြိုက်တဲ့ ကြာဇံကြော်လေး ကြော်စားဖြစ်တယ်။ သူက ကြာဇံကြော် မကြိုက်ဘူး။ သူက ကျွန်မကိုပြောဖူးတယ်။ ကျွန်မက ကြာဇံကြော်၊ မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ စတာတွေ ကြိုက်လို့တဲ့။ အမျှင်သေး တဲ့ အစာတွေ အတော်ကြိုက်တဲ့ ကောင်မလေးတဲ့။ အဲဒီ့ စကားကို ကျွန်မနဲ့ သူ ချစ်သူဘ၀ ကတည်းက ပြော တာပါ။ 

ကြာဇံကြော်ဖို့ အိမ်မှာ ၀က်သားနဲ့ ၀က်အူချောင်း ရှိတယ်။ ဂေါ်ဖီနဲ့ မုန်လာဥနီလည်း ရှိတယ်။ ဒီတော့ ကမန်း ကတန်းလေး ကြော်ပြီး ပူပူနွေးနွေး ကြာဇံကြော်လေးကို တစ်ယောက်တည်း ကြော်စားလိုက် ပါတယ်။ ကျွန်မ တစ်ယောက်တည်း ဆိုတော့ အချဉ်တောင် မလုပ်တော့ဘူး၊ Ready Made အချဉ်ရည် ပုလင်းနဲ့ပဲ စားလိုက် တယ်။

ဒါလေးက ကျွန်မအလွန်ကြိုက်တဲ့ ကြာဇံကြော်လေ။


Thursday, December 2, 2010

“တစ်နယ်ခြားပေမယ့် ၀ယ်စားစရာမလိုတဲ့ မြိတ်ကပ်ကြေးကိုက်”

7 comments
ဝက်သား၊ ကြက်သား နဲ့ပဲလည်နေတဲ့ ဒီသံသရာကြီးမှာ တစ်နေ့တစ်နေ့ ဘာဟင်းချက်ရင် ကောင်းမလဲ စဉ်းစားရတာကလည်း အလုပ်တစ်လုပ်ပါ။ ဆီပြန်ဟင်းတွေလည်း မစားချင်ဘူး ဖြစ်နေတယ်။ ဒီတော့ မိုးထဲလေထဲ အိမ်နားက SHENGSIONG မှာ ညှပ်ခေါက်ဆွဲဖတ်တစ်ထုပ် ပြေးဝယ်လိုက်ပါတယ်။ မိုးကလည်း သည်းပါ့။ မနက်ကတော့ နေတွေပူလိုက်တာ။ ခုတော့လည်း မှောင်မဲပြီး အသားကုန်ကို ချနေတော့တာပါပဲ။  ညှပ်ခေါက်ဆွဲဖတ် (ဒီမှာတော့ Kwei Teow လို့ရေးထားတဲ့ အထုပ်) တစ်ထုပ် ၀ယ်ပြီး ခပ်သုပ်သုပ် အိမ်ပြန်ခဲ့ပါတယ်။ ဟောတော့ - ကောင်းရော၊ ပဲပင်ပေါက် မေ့ခဲ့ပြီ။ ကျွန်မက မြိတ်ကပ်ကြေးကိုက် ကြော်စားမလို့လေ။ ပဲပင်ပေါက် မပါဘဲ ဘယ်စားကောင်းမှာလဲ။ ကဲ - ကိုယ့် အပြစ်နဲ့ ကိုယ်၊ ပြေးဦးဟဲ့ မိုးထဲလေထဲ ။ SHENGSIONG ကို နောက် တစ်ခေါက်။ လေကလည်း တိုက်၊ မိုးရေကလည်း စိုစိုနဲ့ ချမ်းလိုက်တာ မပြောပါနဲ့ တော့။ အစားအသောက် အတွက် ဆိုတော့လည်း သွားရတာပေါ့။

အိမ်ရောက်တော့ ကပ်ကြေးကိုက်ကြော်ဖို့ လုပ်ပါတယ်။  အိမ်မှာ ၀က်သားနဲ့ ပုဇွန် ပဲရှိတယ်။  ပြည်ကြီးငါး ၀ယ်ထားတာ မရှိလို့ မထည့်လိုက်ရတော့ဘူး။ ၀က်သားကို ရေဆေး၊ အတုံးသေးလေးတွေ တုံး၊ ဆား ၊ အချိုမှုန့် နဲ့ နယ်ပြီး ဒယ်အိုးထဲမှာ ရေနည်းနည်းနဲ့ ပြုတ်လိုက် ပါတယ်။ ပုဇွန်ကို အခွံခွာ၊ ရေဆေးပြီး ဆား၊ အချိုမှုန့်နဲ့ နယ်ထားလိုက်ပါတယ်။ ကြက်သွန်နီ တစ်ဥ၊ ကြက်သွန်ဖြူ ၃မွှာ၊ ချင်း လက်တစ်ဆစ်ကို ညက်အောင် ထောင်းပါတယ်။ ပဲပင်ပေါက်ကို ရေဆေးပြီး ဇကာနဲ့ စစ်ထားလိုက် တယ်။ ၀က်သား ပြုတ်ထား တာ ရေခန်းရင် ၀က်သားကို ဆယ်ထားပြီး ဒယ်အိုးထဲကို ဆီ နည်းနည်း (ကျွန်မ ၀ယ်ခဲ့တဲ့ ညှပ်ခေါက်ဆွဲဖတ်က ဆီစိမ်ပြီးသားအထုပ်မို့ ဆီလျှော့ထည့်တာပါ) ထည့်ပါတယ်။ ဆီပူရင် ကြက်သွန်ဖြူ၊ နီ၊ ချင်း ထောင်းထား တာကို ထည့်၊ ငရုတ်သီး အစိမ်းမှုန့် (အရောင်တင်မှုန့်) ထည့်ပြီး ဆီသတ်ပါတယ်။ ကြက်သွန်ကျက်လာပြီ ဆိုရင် ခုနက ပြုတ်ထားတဲ့ ၀က်သားကို ထည့်ပါတယ်။ ခဏနေမှ ပုဇွန်ထည့် ပါတယ်။ ပုဇွန် ကွေးလာပြီဆိုမှ  ညှပ်ခေါက်ဆွဲ ထည့်မွှေပါတယ်။ ဆား၊ အချိုမှုန့်၊ ငံပြာရည် နည်းနည်း ထည့်ပါ တယ်။ ညှပ်ခေါက်ဆွဲ အိလာတော့မှ ပဲပင်ပေါက် ထည့်ပါတယ်။ ခဏနေမှ ပဲပြုတ်ထည့် မွှေပြီးရင် စားချင့်စဖွယ် မြိတ်ကပ်ကြေးကိုက် ရပြီပေါ့ရှင်။

ကပ်ကြေးကိုက်နဲ့ တွဲစားဖို့ အချဉ်ကိုတော့ ကြက်သွန်နီတစ်ဥကို ပါးပါးလှီး ရေစင်စင်ဆေး၊ ပြီးတော့ ငရုတ်သီးစိမ်း ပါးပါးလှီးထည့်၊ သံပုရာသီးတစ်လုံး ညှစ်ထည့်၊ ငံပြာရည်၊ ဆား၊ အချိုမှုန့်နည်းနည်း ထည့်ပြီး နယ်လိုက်ပါတယ်။ အအီပြေ ချဉ်စပ်လေးပေါ့။

အချိန်ကိုက်ပါပဲ။ ကျွန်မလည်း ကြော်လှော်ပြီးရော စာရေးဆရာ ပြန်ရောက်လာပါတယ်။ ရေမိုးချိုးပြီး ညစာ စားကြပါတယ်။ စာရေးဆရာက စားကောင်းလို့တဲ့ရှင့်။ နှစ်ပွဲတောင် အုပ်ပါတယ်။ ကျွန်မကတော့ တစ်ပွဲနဲ့ နည်းနည်း ကျော်ကျော်လေးပါပဲ။

ဒါလေးက စာရေးဆရာ ကောင်းတယ်၊ ကောင်းတယ်ပြောပြီး ဆွဲတာ


ဒါလေးက ကျွန်မအတွက်


တွဲဖက်စားဖို့ အအီပြေ အချဉ်လေး


Wednesday, December 1, 2010

“ချဉ် ပူ စပ် နွှဲ ထမင်းပွဲ”

7 comments
ကျွန်မ ဒီနေ့ ကိစ္စတစ်ခုရှိလို့ Bugis ဘက် ခဏသွားတယ်။ ကိစ္စပြီးလို့ အိမ်ပြန်ဖို့ Bugis MRT ထဲမှာ MRT စောင့်နေတုန်း စာရေးဆရာဆီက ဖုန်းလာတယ်။ ထုံးစံအတိုင်း။ ဘယ်ရောက်နေပြီလဲပေါ့လေ။ ဒါနဲ့ ကျွန်မလည်း Bugis MRT ထဲ ရောက်နေပြီ။ ရှောက်သီးသုပ်စားချင်လို့ City Hall မှာ ဆင်းပြီး ရှောက်သီး ၀င်ဝယ်ဦးမယ် ဆိုတော့ စာရေးဆရာက တစ်ခေါက်ဆင်းနေရဦးမယ်၊ ၀ယ်မနေပါနဲ့ ဆိုတော့ ကျွန်မလည်း စားချင်စိတ်ကို အောင့်ထားလိုက်ပါတော့မယ်ဆိုပြီး City Hall မ၀င်ဘဲ အိမ်ကိုပဲ တန်းပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အောင့်လို့မရဘူး။ အစားတစ်ခုကို စားချင်စိတ်ပေါက်လာရင် စားရမှ။ ကျွန်မက အစားမက်တဲ့သူလေ။ ဒီတော့ အိမ်နားရောက်တော့ မြန်မာဆိုင်မှာ ရှောက်သီးရှိမလား ဆိုပြီး ၀င်ရှာကြည့်ပါတယ်။ ရှောက်သီးတော့ မရှိဘူး၊ သံပုယိုသီးပဲရှိတယ်တဲ့။ ကျွန်မလည်း မထူးပါဘူး။ ရှိတာနဲ့ သုပ်စားမယ်။ ချဉ်တာ ချင်းတော့ တူမှာပါပဲပေါ့လေ ဆိုပြီး သံပုယိုသီး ၀ယ်ပြီး အိမ်ပြန်ခဲ့ပါတယ်။

အိမ်ရောက်တော့ ဘာချက်ရမလဲကြည့်တော့ ၀က်သားရှိတယ်။ ဒါနဲ့ ၀က်သားပဲငံပြာရည်ဟင်းလေး ချက်လိုက်တယ်။ ရှောက်သီးသုပ် နဲ့စားမှာဆိုတော့ ငရုတ်သီးနဲ့ ဆီပြန်ကြီးဆို စားကောင်းမှာ မဟုတ်ဘူး ထင်လို့လေ။ တကယ်တော့ စာရေးဆရာက ဟင်းကို အဖြူထည် ဘယ်တော့မှ မစားပါဘူး။ သူက ငရုတ်သီးနဲ့ ချက်မှကြိုက်ပါတယ်။ ကျွန်မလည်း ဒီနေ့တော့ သည်းခံစားဖို့ ပြောလိုက်မယ်ဆိုပြီး အဖြူထည်ပဲ ချက်လိုက် ပါတယ်။

သံပုယိုသီးသုပ်ဖို့ သံပုယိုသီးကို အမွှာလေးတွေ နွှာပြီး ခါးမသွားအောင် ပန်းကန်လေးထဲမှာ ဆားရည် လေး နည်းနည်းနဲ့ စိမ်ပြီး ရေခဲသေတ္တာာထဲ ထည့်ထားလိုက် ပါတယ်။ ပြီးတော့ ကြက်သွန်နီ ပါးပါးလှီး ရေဆေးပြီး ဇကာနဲ့ စစ်ထားပါတယ်။ ပုဇွန်ခြောက်မှုန့်၊ ပဲမှုန့်၊ မြေပဲလှော်ထောင်း၊ ကြက်သွန်ဖြူဆီချက်၊ ငါးပိစိမ်းစားမီးကင်၊ ငရုတ်သီးစိမ်း ပါပါးလှီး အားလုံး အဆင်သင့် ပြင်ထားလိုက် ပါတယ်။ ပြီးတော့ ရှောက်သီးသုပ်နဲ့ တွဲဖက်ဖြစ်တဲ့ ကြာဇံဟင်းခါးလေး ချက်လိုက် ပါတယ်။ စာရေးဆရာ ပြန်လာတော့ ၀က်သား အဖြူထည်ဟင်းကို တစ်ချက်တော့ ကြည့်ပါတယ်။ ဘာမှတော့ မပြောရှာပါဘူး။ ဒီတော့ ကျွန်မလည်း ဘာမှ ပြောမနေတော့ဘဲ ခုနက သံပုယိုသီးသုပ်ဖို့ ပြင်ထား တာတွေ အားလုံးရောပြီး အချိုမှုန့်၊ ဆား၊ ငရုတ်သီးမှုန့်၊ ငံပြာရည်လေး ထည့်သုပ်လိုက် ပါတယ်။ သံပုယိုသီးက တစ်လုံးတည်းမို့ သိပ်မချဉ်တာကြောင့် သံပုရာသီး တစ်လုံးပါ ညှစ်ထည့်လိုက် ပါသေးတယ်။ ဒီနေ့ညတော့ ချဉ်ချဉ်စပ်စပ် သံပုယိုသီးသုပ်ရယ်၊ ငရုတ်ကောင်းနဲ့ ကြာဇံဟင်းခါး ပူပူလေးရယ် ကို ၀က်သား ပဲငံပြာရည် အချိုချက်လေးနဲ့ ဆိုတော့ ခံတွင်းကို တွေ့သွား တာပါပဲရှင်။


ဒါလေးက ချဉ်ချဉ်စပ်စပ် သံပုယိုသီးသုပ်လေးပါရှင်


ကြာဇံဟင်းခါး ပူပူလေးနော်


ဝက်သားပဲငံပြာရည် အချိုချက်လေး


Tuesday, November 30, 2010

“ကိုယ့်နေ့”

4 comments
 လွန်ခဲ့တဲ့ အပတ်က ကျွန်မကျောင်းက သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြောဖြစ်ပါတယ်။ သူငယ်ချင်းက သူနဲ့ သူ့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်ရင်း ကျွန်မအကြောင်း ပြောဖြစ်တော့ သူ့သူငယ်ချင်း က ကျွန်မ ရဲ့ နာမည်ကို သိနေတယ်။ ရန်ကုန်မှာတုန်းက L.C.C.I Level (3) ဖြေဖို့ သူတက်ခဲ့တဲ့ သင်တန်းနဲ့ ကျွန်မတက်ခဲ့တဲ့ သင်တန်းချင်းလည်း တူနေတယ်။ အဲဒီတော့ သူ့ သူငယ်ချင်း ဖြစ်နေမလား မသိဘူး ဆိုပြီး ကျွန်မကို သူ့ နာမည် ပြောပြီး မေးကြည့်ပေးပါလို့ ပြောတယ်တဲ့။ ဒါနဲ့ ကျွန်မလည်း ဟုတ်လား၊ ကျွန်မ နာမည်ကို သိတယ်တဲ့လား။ သူ့နာမည်က ဘယ်သူတဲ့လဲ လို့မေးတော့ ကျွန်မ သူငယ်ချင်းက သူ့နာမည်ကို ပြောပြပါတယ်။ ကျွန်မလည်း အရမ်းအံ့သြပြီး ပျော်ရွှင်သွားပါတယ်။ ဟုတ်ပါတယ်။ ကျွန်မနဲ့ အလွန် ခင်ခဲ့တဲ့ သူငယ်ချင်းပါပဲ။

၂၀၀၂ ခုနှစ် ကျွန်မ ပထမနှစ် ကျောင်းသူဘ၀မှာ L.C.C.I Level (3) ဖြေဖို့ သင်တန်း သွားတက်ရာ ကနေ သိကျွမ်း ခင်မင်ခဲ့ရသူပါ။ သင်တန်းမှာ ခင်တယ်ဆိုပေမယ့် ငယ်သူငယ်ချင်းများ နီးပါးကို ရင်းနှီးသွားခဲ့ ကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အတန်းထဲမှာ အိပ်ငိုက်လည်း အတူတူ၊ စာမရလည်း အတူတူမို့ပါ။  ပြီးတော့ ကျွန်မတို့တွေ တစ်ယောက်နဲ့ တစ်ယောက် စိတ်ရင်းနဲ့ ပေါင်းဖြစ်ခဲ့ကြလို့ ထင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ လျှိုတာ၊ ၀ှက်တာ၊ မနာလိုတာ၊ ပြိုင်ဆိုင်တာ မရှိခဲ့ကြပါဘူး။ စာမေးပွဲနီးတဲ့ အခါမှာ လည်း သင်တန်းချိန် ပြင်ပမှာ ကျွန်မနဲ့ သူ Guide တစ်ယောက် ခေါ်ပြီး ကျွန်မအိမ်မှာ ပဲ သင်ခဲ့ ကြတော့ ပိုပိုပြိး ရင်းနှီးသွားပါတော့တယ်။

စာမေးပွဲတွေ ဖြေပြီး အောင်စာရင်းတွေ ထွက်တဲ့ အထိလည်း  လည်ကြ၊ ပတ်ကြ နဲ့ ပျော်ခဲ့ကြ၊ အဆက် အသွယ် မပြတ်ခဲ့ကြပါဘူး။ အောင်စာရင်းထွက်ပြီး မကြာမီ ၂၀၀၃ ခုနှစ် မှာတော့ ကျွန်မ ကုမ္ပဏီ တစ်ခုမှာ စာရင်းကိုင် အလုပ် ရသွားပါတယ်။ သူကတော့ Day တက်သူမို့ ကျောင်း ဆက်တက်ရ ပါတယ်။ အဲဒီ့ နောက်ပိုင်း ကျွန်မကလည်း ရုံးအလုပ်နဲ့ သူ ကလည်း ကျောင်းနဲ့မို့ အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။ အဆက်အသွယ် မရှိတော့ပေမယ့် ကျွန်မ သူ့ကို အမြဲ သတိရနေ ခဲ့ပါတယ်။

ဒီလိုနဲ့ (၇)နှစ်ကြာပြီး အခု ၂၀၁၀ ကုန်ခါနီးမှ သူနဲ့ ကျွန်မ အဆက်အသွယ် ပြန်ရခဲ့တာပါ။ ကျွန်မ ကျောင်းက သူငယ်ချင်းက တစ်ဆင့် သူ့ရဲ့ ဖုန်းနံပါတ်ရတော့ ကျွန်မ သူ့ဆီ ဖုန်းဆက်လိုက်ပါတယ်။ သူကလည်း အလွန် ၀မ်းသာနေပါတယ်။ ဒါနဲ့ အနီးဆုံး ရုံးပိတ်ရက်မှာ ဆုံဖို့ ဆုံးဖြတ်လိုက်ကြ ပါတယ်။ ဒီတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျွန်မဆီကို သူ လာတွေ့ပါတယ်။ သူငယ်ချင်းနှစ်ယောက် တွေ့တော့ ပျော်လိုက်ကြတာ မပြောပါနဲ့တော့။ သူကတော့ ဆံပင်ပုံစံကလွဲရင် ဘာမှမပြောင်းလဲပါဘူး။

ကျွန်မတို့ သူငယ်ချင်းနှစ်ယောက် ကျွန်မအိမ်နားက ပန်းခြံလေးထဲ လမ်းလျှောက်ဖြစ်ကြပါတယ်။ (၇)နှစ် လောက် မတွေ့ရတဲ့ သူငယ်ချင်းနှစ်ယောက် ပြောလိုက်ကြတာ ရေပက်မ၀င်ပါပဲ။ ပြောတဲ့ အကြောင်းအရာ တွေကလည်း စုံနေတာပဲ။ သူငယ်ချင်းက စင်္ကာပူကို ၂၀၀၇ ခုနှစ် ကတည်းက ရောက်နေတာပါ။ သူက အလုပ်လည်း လုပ်နေပါပြီ။ ကျွန်မကတော့ ဒီနှစ်ထဲမှာမှ ရောက်လာပြီး အလုပ်ကလည်း ရှာဆဲ ဆိုတော့ သူရဲ့ အတွေ့အကြုံတွေကို အဓိက နားထောင်ရတာပေါ့ရှင်။

သူငယ်ချင်းက ကျွန်မကို အားပေးပါတယ်။ သူလည်း ရောက်ခါစက ရုန်းကန်ခဲ့ရတာတွေလည်း ပြောပြ ပါတယ်။  သူငယ်ချင်းလည်း ရောက်ခါစက ကျောင်းတက်ပါတယ်။ နောက်ပိုင်း အလုပ်ရတော့ ကုမ္ပဏီ ကြီးကြီးမှာကို ရတာပါ။ ကျွန်မ သူငယ်ချင်းက ကံကောင်းပါတယ်။ သူ အလုပ်ရတော့ သူရဲ့ စီနီယာက အစစ သင်ပြပေးပါတယ်။ သူငယ်ချင်းကလည်း ကြိုးစားပါတယ်။ ဖြစ်ချင်တော့ သူငယ်ချင်းရတဲ့ ကုမ္ပဏီက အပြင်ပန်းမှာသာ အထင်ကြီးစရာ ကောင်းနေပြီး အတွင်းမှာ လှိုက်စားနေပါပြီ။ Financial Problem နဲ့ ရင်ဆိုင်နေရတဲ့ ကုမ္ပဏီဖြစ်နေတော့ Account Department ကလူတွေ အားလုံး နံနက်(၉)နာရီကနေ ည(၉)နာရီအထိ အလုပ်လုပ်ရပါတယ်။ ကျွန်မ သူငယ်ချင်းကလည်း Accountant ဆိုတော့ သူလည်း ပင်ပန်းတော့တာပေါ့ရှင်။ ဒါပေမဲ့ ကျွန်မ သူငယ်ချင်း အဖို့ လုပ်ငန်းအတွေ့အကြုံ ကောင်းတွေ ရခဲ့ပါတယ်။

သူအလုပ်ဝင်ပြီး မကြာမီမှာပဲ သူ့ကုမ္ပဏီဟာ Bankrupt ဖြစ်သွားပါတော့တယ်။ ဒီတော့ သူတို့ကို ထုတ်ပေးထားတဲ့ S Pass တွေဟာ cancel ဖြစ်ကုန်တာပေါ့။ တစ်ခုကံကောင်းသွားတာက အဲဒီ့ ကုမ္ပဏီနဲ့ Group တစ်ခုတည်း ဖြစ်တဲ့ အခြားကုမ္ပဏီက သူအပါအ၀င် ၀န်ထမ်းတွေကို လွှဲယူလိုက်ပါတယ်။ ဒီတော့ ကျွန်မ သူငယ်ချင်း အလုပ်သစ်ရှာစရာမလိုဘဲ အဆင်ပြေသွားတာပေါ့ရှင်။ အဲဒီ့ကုမ္ပဏီမှာ ဆက်လုပ်ရင်း သူ ရာထူး တိုပေးခြင်း ခံရပါတယ်။ အဲဒီ့နောက်မှာ သူ့ကို အလွန်ခင်တဲ့ သူ့ရဲ့ စီနီယာ  အလုပ်က ထွက်သွားပြီး မကြာမီ သူလည်း အဲဒီ့ ကုမ္ပဏီကနေ ထွက်လိုက်ပါတယ်။

သူ အလုပ်အသစ်ရှာပါတယ်။ ချက်ချင်းပဲ အလုပ်သစ်ရပါတယ်။ အလုပ်သစ်က အရင် ကုမ္ပဏီလောက် မကြီးပါဘူး။ SME အဆင့်လောက်ပါ။ ဒါပေမယ့် သူ့အတွက် ပိုကောင်းပါတယ်။ အဲဒီ ကုမ္ပဏီမှာ သူ့ခြေ သူ့လက် လုပ်ခွင့်ရပါတယ်။ Accountant က သူတစ်ယောက်ပဲ ရှိပါတယ်။ သူ့ Boss က သူ့ကို အလွန်ယုံကြည် အားကိုးပါတယ်။ အရင် ကုမ္ပဏီက အတွေ့အကြုံတွေကို သူ ကောင်းကောင်း အသုံးချခွင့် ရပါတယ်။

သူ့ရဲ့လက်အောက်မှာ Invoice ထုတ်တဲ့ ဖားမ(ဖိလစ်ပိုင်မ)  တစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ အလုပ်ကို အင်မတန် ပျင်းပါတယ်တဲ့။ လုပ်ရင်လည်း အမှားတွေပဲ လုပ်ပါတယ်တဲ့။

သူငယ်ချင်း အလုပ်ဝင်ပြီး မကြာမီ အဲဒီ့ ကုမ္ပဏီက Engineering ပိုင်းနဲ့ ပတ်သက်ပြီး ၀န်ထမ်း ထပ်ခေါ် ပါတယ်။ မြန်မာ ကောင်လေးတစ်ယောက် ကို အင်တာဗျူး ခေါ်ပါတယ်။ ကောင်လေးက Application တောင် ကောင်းကောင်း မဖြည့်တတ်ပါဘူး။ Boss ကလည်း အဲဒီ့ကောင်လေးကို မေးရတာ အဆင်မပြေလို့ ကျွန်မ သူငယ်ချင်းကို စကားပြန်လုပ်ခိုင်းပြီး အင်တာဗျူးပါတယ်။ ကြားဖူးကြရဲ့လားရှင်။ စင်္ကာပူမှာ စကားပြန်နဲ့ အင်တာဗျူးတာ။ တကယ်ပါ။ ကောင်လေး အလုပ်ရသွားပါတယ်။ ကဲ - ဘယ်လောက် အလုပ်ကံ ကောင်းတဲ့ ကောင်လေး ပါလဲ။ ကျွန်မ သူငယ်ချင်း ကလည်း ကိုယ့် လူမျိုးချင်းမို့ တတ်နိုင်သလောက် ကူညီပါတယ်။ ကျွန်မသူငယ်ချင်းက ကူညီတတ်သူပါ။ အဲဒီ့နေ့က ကျွန်မကို လာတွေ့တော့တောင် ကျွန်မဒီမှာ အလုပ်လုပ်ရင် လိုအပ်မယ့် လေ့လာစရာလေးတွေကို  Print ထုတ်ပြီး ယူလာပေးပါတယ်။ ကျွန်မ အလုပ်ရှာနေမှန်း သိလို့ပါ။

ကောင်လေး အလုပ်ဝင်တော့ သူက အလုပ်လည်း မကျွမ်းကျင်၊ ဘာသာစကားလည်း အဆင်မပြေနဲ့မို့ သူငယ်ချင်းက အလုပ်ကြိုးစားဖို့နဲ့ အင်္ဂလိပ်စာ လေ့လာဖို့ပြောတော့ ကောင်လေးက သူငယ်ချင်းကို အစ်မ ရှိနေတာပဲ။ မသိရင် အစ်မကိုပဲ လှမ်းမေးလိုက်ရုံပေါ့ လို့ ပြောပါတယ်ရှင်။ သူငယ်ချင်းလည်း စိတ်ကုန်သွားပါ တော့တယ်။

အဲဒီ့နေ့က ကျွန်မသူငယ်ချင်း ပြန်သွားတော့  ဒီအကြောင်းတွေ စာရေးဆရာကို ပြန်ပြောပြဖြစ်ပါတယ်။ ကျွန်မခေါင်းထဲမှာလည်း အတွေးတွေ အများကြီးရခဲ့ပါတယ်။ လူတွေဟာ ကံ၊ ဥာဏ်၊ ၀ီရိယ ဆိုတဲ့ သုံးမျိုးနဲ့ ဘ၀တစ်လျှောက်လုံး ကြိုးပမ်း ရပ်တည်နေကြတာပါ။  ဘ၀ တစ်လျှောက်လုံး မှာ ကံဆိုး၊ ကံကောင်း၊ ကံနိမ့်၊ ကံမြင့် ဆိုတာ တစ်လှည့်စီ ရှိနေတတ်ကြပါတယ်။ ကံဆိုးတဲ့ အချိန်မှာလည်း ကိုယ့်မှာ ရှိနေတဲ့ ဥာဏ်နဲ့ ၀ီရိယ စိုက်ထုတ်ပြီး ကြိုးစားရပါတယ်။ ကံကောင်းနေတဲ့ အချိန်မှာ လည်း ငါ ကံကောင်း နေတာပဲ ဆိုပြီး ဥာဏ်ကို ထုတ်မသုံး၊ ၀ီရိယ မစိုက်ပဲ မျှောလိုက်နေဖို့ မသင့်ဘူး လို့ ထင်ပါတယ်။ ကျွန်မ သူငယ်ချင်းလည်း တစ်ချိန်က ရုန်းကန်ခဲ့ရတာပါပဲ။ ခုတော့ သူက ကံ၊ ဥာဏ်၊ ၀ီရိယ သုံးမျိုးစုံတဲ့ အချိန်ကို ရောက်နေပါပြီ။

ကျွန်မဆို ရန်ကုန်မှာ ကုမ္ပဏီ စာရင်းကိုင်အလုပ် လုပ်သက် (၇)နှစ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကံမလိုက်တော့ ခုထိ အလုပ်ကို ခက်ခက်ခဲခဲ ရှာနေရဆဲပါ။ အလုပ်ရပြန်တော့လည်း ကျွန်မကိုခန့်တဲ့ ကုမ္ပဏီရဲ့ လိုအပ်ချက် ကြောင့် ကျွန်မရဲ့ S Pass Application ကို reject လုပ်ခံရပါတယ်။  ဒါပေမဲ့ ကျွန်မ  အားမလျှော့ပါဘူး။ ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသရွေ့ ကြိုးစားရှာဖွေ ပါတယ်။ ကံအတွက်လည်း ကျွန်မမှာ အားကိုးဖို့ ဘာသာရေး ရှိပါတယ်။ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ် ပါတယ်။ အနန္တောအနန္တ ငါးပါးကို ရိုသေ ကိုင်းရှိုင်းပါတယ်။ အလုပ် မရမီ ပညာလည်း ဆက်လက် ဆည်းပူးနေပါတယ်။ ကျွန်မကိုယ် ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မ ခုချိန်မှာ ကံ မရှိသေးရင်တောင် ဥာဏ်နဲ့ ၀ီရိယရှိပါတယ်။ ဒါကြောင့် ကျွန်မ အားမလျှော့ ပဲ ဆက်လက် ကြိုးစား နေဦးမှာပါ။ ကံမျက်နှာသာ ပေးမယ့်နေ့လည်း ရောက်လာလိမ့်မယ်လို့ ယုံကြည် ပါတယ်။

လောလောဆယ်တော့ ကံ၊ ဥာဏ်၊ ၀ီရိယ သုံးပါးနဲ့ ပြည့်စုံနေတဲ့ သူငယ်ချင်းလို လူတွေကို အားကျရင်း၊ ဥာဏ်၊ ၀ီရိယ မရှိပေမယ့် ကံတစ်ခုတည်းနဲ့တင် လုပ်သမျှ တင့်တယ်နေတဲ့ သူတွေရဲ့ဘ၀ကို ငေးမောရင်း၊ ကျွန်မ အတွက် အလုပ်ကံ ကောင်းလာမယ့်  နေ့တစ်နေ့ကို စောင့်မျှော်နေမိ ပါတော့ တယ်။                ။

ပါရမီဖြည့်ဖက်လေး
၂၁း၂၀ နာရီ
၃၀.၁၁.၂၀၁၀
Related Posts Plugin for WordPress, Blogger...